Singapore

၂၀၂၀ ခုနှစ်၊ မတ်လတွင် စင်ကာပူ၏ ကုန်စည်ကုန်သွယ်မှုပမာဏ ၀.၂ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း စက်သုံးဆီမဟုတ်သောပို့ကုန်တင်ပို့မှု တိုးတက်ခဲ့

Last Updated:

စင်ကာပူ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက ၁၇-၄-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သောစာရင်းအရ ၂၀၂၀ ခုနှစ်၊ မတ်လတွင် စင်ကာပူ၏ ကုန်စည်ကုန်သွယ်မှု ပမာဏသည် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၀.၂ ရာခိုင်နှုန်း ကျဆင်းခဲ့ ကြောင်း၊ ပို့ကုန်ပိုင်းတွင် ၀.၆ ရာခိုင်နှုန်း လျော့နည်းခဲ့ပြီး၊ သွင်းကုန်ပိုင်းမှာမူ ၀.၃ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။

ကာလအလိုက်ညှိနှိုင်းထားသည့် စာရင်းအရ မတ်လတွင် ပို့ကုန်ပမာဏမှာ စင်ကာပူဒေါ်လာ ၄၃.၁ ဘီလီယံ၊ သွင်းကုန်ပမာဏမှာ စင်ကာပူဒေါ်လာ ၃၉.၉ ဘီလီယံ တို့ဖြင့် စုစုပေါင်း ကုန်စည်ကုန်သွယ်မှုပမာဏမှာ စင်ကာပူဒေါ်လာ ၈၃.၁ ဘီလီယံ ရရှိခဲ့ ကြောင်း ဖော်ပြထားပါသည်။

၂၀၂၀ ခုနှစ်၊ မတ်လအတွင်း စက်သုံးဆီမဟုတ်သောပြည်တွင်းပို့ကုန်များ (Non-Oil Domestic Export) ဖြစ်သည့် အီလက်ထရွန်နစ်ပစ္စည်းပို့ကုန်ပိုင်းတွင် ၅.၈ ရာခိုင်နှုန်းနှင့် အီလက်ထရွန်နစ်ပစ္စည်းမဟုတ်သောပို့ကုန်ပိုင်းတွင် ၂၀.၅ ရာခိုင်နှုန်းအထိ အသီးသီးတိုးတက်ရရှိခဲ့ကြောင်း၊ အီလက်ထရွန်နစ်ပစ္စည်းပို့ကုန်တိုးတက်မှုမှာ အဓိကအားဖြင့် Disk Media ပစ္စည်းများ (၅၀.၆%)၊ ICs (၆.၇%) နှင့် ICs ဆက်စပ်ပစ္စည်းများ (၆၀.၁%) ကို ပိုမိုတင်ပို့နိုင်ခဲ့သောကြောင့်ဖြစ်ပြီး၊ အီလက်ထရွန်နစ်ပစ္စည်းမဟုတ် သော ပို့ကုန်တိုးတက်မှုမှာ အထူးသဖြင့် ရွှေ (၂၄၂.၅%)၊ အထူးပြုလုပ်ထားသောစက်ပစ္စည်းများ (၅၄.၂%)၊ ဆေးဝါးပစ္စည်း (၄၈.၆ %) များကို ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ စက်သုံးဆီမဟုတ်သော ပို့ကုန်များကို မလေးရှား၊ အင်ဒိုနီးရှားနှင့် တရုတ်စျေးကွက် များမှလွှဲ၍ ကျန်ရှိသော စင်ကာပူ၏ အဓိကစျေးကွက်များသို့ တိုးတက်တင်ပို့ခဲ့ပြီး၊ အထူးသဖြင့် ထိုင်း (၁၄၂.၂%)၊ အမေရိကန် (၂၂.၅%) နှင့် ဂျပန် (၄၇.၆%) စျေးကွက်များသို့ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း ဖော်ပြထားပါသည်။

စက်သုံးဆီတင်ပို့မှုအပိုင်းတွင် အဓိကအားဖြင့် ဟောင်ကောင် (- ၇၂%)၊ တရုတ် (- ၅၈.၆ %) နှင့် ပနားမား (- ၈၉.၇ %) စျေးကွက်များသို့ တင်ပို့မှု ထိုးဆင်းသွားခဲ့သည့်အတွက် မတ်လအတွင်း စင်ကာပူ၏ စက်သုံးဆီပို့ကုန်မှာ ၃၇ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ ကြောင်းနှင့် စက်သုံးဆီမဟုတ်သော ကုန်ပစ္စည်းများကို ပြန်လည်တင်ပို့မှု (Re-exports) မှာလည်း ၀.၉ ရာခိုင်နှုန်း လျှော့နည်းခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Ministry of Trade & Industry, Department of Statistics, Singapore

Category: Singapore