Korea

၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးအခြေအနေ

Last Updated:

ကိုရီးယားသမ္မတနိုင်ငံသည် ၂၀၂၀ ပြည့်နှစ် ၊  သြဂုတ်လ (၁) ရက်မှ (၁၀) ရက်နေ့အတွင်း  ပို့ကုန်  အမေရိကန်ဒေါ်လာ (၈.၇) ဘီလီယံ၊ သွင်းကုန် အမေရိကန်ဒေါ်လာ (၁၀.၆) ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ပြီး၊ ယခင်နှစ် ကာလတူထက် ပို့ကုန်တွင်(၂၃.၆)% ၊ သွင်းကုန်တွင် (၂၄) ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်းသိရှိရပါသည်။ ကိုရီးယားသမ္မတနိုင်ငံ၏ ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လအတွက် ကုန်သွယ်မှုစာရင်းအားသက်ဆိုင်ရာ ကုန်သွယ်ရေး၊ စက်မှုနှင့်စွမ်းအင်ဝန်ကြီးဌာန၊ အကောက်ခွန်ဝန်ဆောင်မှုဌာနတို့မှ စက်တင်ဘာလ၊ (၁) ရက်နေ့တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ပါသည်။

ကိုရီးယားသမ္မတနိုင်ငံတွင်၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ ဒုတိယပတ်(၁၃-၈-၂၀၂၀)ရက်နေ့မှစ၍ ဆိုးလ်မြို့၊ Sarangjeil ဘုရားကျောင်း နှင့်  ဆက်စပ်ဘုရားကျောင်းများမှ အစပြုကာ COVID-19 နေ့စဉ် ကူးစက်ခံရ သူဦးရေ(၁၀၀)ကျော်မှ (၄၀၀)ကျော်ခန့်အထိ ပြန်လည်မြင့်တက်လာခဲ့ပြီး၊ (၃၁-၈-၂၀၂၀) ရက်နေ့ နံနက်ပိုင်းထိ စုစုပေါင်းစာရင်းများအရ ကိုရီးယားသမ္မတနိုင်ငံတွင် COVID-19 ကူးစက်ခံရပြီးသူ စုစုပေါင်း (၁၉၉၄၇) ဦးဖြစ် ကြောင်းသိရှိရပါသည်။ 

အခြားသော ကမ္ဘာ့နိုင်ငံများနည်းတူ COVID-19၏ ရိုက်ခတ်မှုများကြောင့် ပြန်လည်နာလန်ထူရန် အားယူလျက်ရှိသော်လည်း တိုးတက်မှုနှေးကွေးလျက်ရှိသော ကိုရီးယားသမ္မတနိုင်ငံ၏စီးပွားရေး အခြေအနေများကြောင့် ကိုရီးယားသမ္မတနိုင်ငံ၊ ဗဟိုဘဏ်၏ ငွေကြေးမူဝါဒဆိုင်ရာဘုတ်အဖွဲ့ဖြစ်သော (The Monetary Policy Board of Bank of Korea)က အခြေခံအတိုးနှုန်း (The Base Rate)ကို (၀.၅) % တွင်ပင် မပြောင်းလဲဘဲ ဆက်လက်ထားရှိရန် ၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လ (၂၇) ရက်နေ့တွင် ဆုံးဖြတ်ခဲ့ပါသည်။ ထို့ပြင် ကိုရီးယားသမ္မတနိုင်ငံ၏ GDP တိုးတက်မှုနှုန်းအား  ၂၀၂၀ ပြည့်နှစ်အတွက် (၁.၃) %အထိ ကျဆင်းနိုင်ကြောင်း နှင့် ၂၀၂၁ ခုနှစ်တွင်မူ (၂.၈) %သို့ ပြန်လည်တိုးတက်လာမည်ဟု ဗဟိုဘဏ်က ခန့်မှန်းခဲ့ကြောင်း သိရှိရပါသည်။

ကာလရှည်ကြာလျက်ရှိသော COVID-19 ကမ္ဘာ့ကပ်ရောဂါ၏ ရိုက်ခတ်မှုများနှင့် Second Wave ဒုတိယလှိုင်းကဲ့သို့ တစ်ကျော့ပြန် ပြန်လည်ဖြစ်ပွားလာမှုကြောင့် ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးပြိုလဲမည်ကို ဘဏ်များက စိုးရိမ်နေကြကြောင်း၊ ထို့ပြင် အလုပ်အကိုင်အခွင့်အလမ်း စျေးကွက်ကိုလည်း ထိခိုက်လာခဲ့ပြီး၊ Statistics Korea ၏ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လထိ စစ်တမ်းစာရင်းများအရ အလုပ်လက်မဲ့ဦးရေ (၁.၁၃) သန်းရှိပြီး၊ အလုပ်လက်မဲ့ ရာခိုင်နှုန်းသည် (၂၁)နှစ်တာ ကာလအတွင်း အဆိုးရွားဆုံးအခြေအနေကို ရောက်ရှိလျက်ရှိကြောင်း သိရှိရပါသည်။

သမ္မတမွန်ဂျေအင်း အာဏာရရှိပြီးသည့်နောက် အမှတ်နှိမ့်၍ ဆေးကျောင်းတက်ရောက် ခွင့်ပြုခဲ့သည့်အတွက် အရည်အချင်းမပြည့်ဝသော ဆေးကျောင်းသားများ တိုးမြှင့်ခေါ်ယူ၍ အစိုးရဆေးကျောင်းများ ထပ်မံဖွင့်လှစ်နေခြင်း ကို ရပ်တန့်ရန် ဆရာဝန်အချို့က(၂၆-၈-၂၀၂၀)ရက်နေ့မှစ၍ (၃) ရက်တာ အစိုးရသို့ ဆန္ဒပြခဲ့ကြောင်းသိရှိရပြီး၊ COVID-19 ကူးစက်မှုမြင့်မားနေသည့် အခြေအနေမျိုးတွင် ဆောင်ရွက်သော အဆိုပါဆန္ဒပြမှုအပေါ် အစိုးရ၊ ဆရာဝန်များနှင့် ပြည်သူများအကြား ရှုထောင့်မျိုးစုံမှ ဝေဖန်မှုများလည်း မြင့်တက်လျက်ရှိကြောင်း သိရှိရပါသည်။

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့တော်အစိုးရအနေဖြင့် COVID-19 သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးထောက်ပံ့ငွေအစီအစဉ်တွင် လက်ထပ်ထိမ်းမြား၍ ပြောင်းရွှေ့နေထိုင်သူများနှင့် ဒုက္ခသည် အနေဖြင့် ပြောင်းရွှေ့နေထိုင် သူနိုင်ငံခြားများမှအပ အခြားသော ဆိုးလ်မြို့တော်အတွင်းရှိ သတ်မှတ် အလယ်အလတ်အဆင့်ဝင်ငွေအောက် လျော့နည်းရရှိသော နိုင်ငံခြားသားများကို သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ထောက်ပံ့ငွေအစီအစဉ်တွင်  ထည့်သွင်း၍ သတ်မှတ်ချက်နှင့်ကိုက်ညီသူများကို မိသားစုဝင်ဦးရေပေါ် မူတည်လျက် ကိုရီးယားဝမ် (၃၀၀၀၀၀) မှ (၅၀၀၀၀၀)အထိ ထောက်ပံ့သွားမည်ဖြစ်ကြောင်း (၂၆-၇-၂၀၂၀) ရက်နေ့တွင် ကြေညာချက်အရ သိရှိရပါ သည်။

COVID-19 ကြောင့် စီးပွားရေးအခက်အခဲများ ရင်ဆိုင်နေရသော စီးပွားရေးလုပ်ငန်းများ၊ ကုန်သည်များကို ထပ်မံအကူအညီပေးနိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလကုန် ချူဆော့ပွဲတော် ပိတ်ရက်အပြီးတွင် ကိုရီးယားဝမ် ၂ ဘီလီယံမှ ၃ ထရီလီယံ ( အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ) အထိ ထပ်မံသုံးစွဲသွားရန် စီစဉ်လျက်ရှိကြောင်း (၃၁-၈-၂၀၂၀)ရက်နေ့တွင် စီးပွားရေးနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့ကြောင်း၊ ထို့ပြင် ၂၀၂၁ ခုနှစ်အတွက် ဘဏ္ဍာရေးစီမံကိန်း(မူကြမ်း) ကို စက်တင်ဘာလ(၃)ရက်နေ့တွင် အမျိုးသားလွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization – WTO) ၏ အကြီးအကဲရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီး Ms. Yoo Myung-Hee သည် (၇-၉-၂၀၂၀) ရက်နေ့တွင် ကျင်းပမည့် ပထမအဆင့်ပဏာမရွေးချယ်ခြင်းအစီအစဉ်သို့ တက်ရောက်ရန်အတွက် ဂျနီဗာမြို့သို့ (၃၁-၈-၂၀၂၀)ရက်နေ့တွင် သွားရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။ တောင်ကိုရီးယား ကုန်သွယ်ရေးဝန်ကြီး Ms. Yoo Myung-Hee အပါဝင် အီဂျစ်နိုင်ငံ၊ မက်ဆီကိုနိုင်ငံ၊ မော်ဒိုဗာနိုင်ငံ၊ နိုင်ဂျီးရီးယားနိုင်ငံ၊ ဗြိတိန်၊ ဆော်ဒီအာရေဗျနိုင်ငံ နှင့် ကင်ညာနိုင်ငံတို့မှ ကိုယ်စားလှယ်လောင်း (၈)ဦးတို့မှ WTO ၏ အကြီးအကဲရာထူးအတွက် အကြိတ်အနယ် ယှဉ်ပြိုင်လျက်ရှိကြပါသည်။

၂၀၂၀ ပြည့်နှစ်၊ သြဂုတ်လအတွင်း ကိုရီးယားသမ္မတနိုင်ငံ၊ အလယ်ပိုင်းဒေသများ၌ မိုးသည်းထန်စွာရွာသွန်းပြီး၊ ရေကြီးခြင်း၊ မြေပြိုခြင်းများဖြစ်ပွားခဲ့ကြောင်း၊ ချောင်ဂျူမြို့၌ နေအိမ်(၈၀)ကျော် ရေလွှမ်းမိုးခံခဲ့ရကြောင်း၊ ဘူဆန်မြို့၊ အူလ်ဆန်မြို့၊ ဂယောင်ဂီဒိုပြည်နယ်ရှိ ကာဖြောင်း၊ ကင်ဖိုမြို့ တို့၌လည်း ရေကြီးကာမြေပြိုသဖြင့် လမ်းများပျက်စီးခြင်း၊ မြေအောက်ကားလမ်းများ ပျက်စီးခြင်းများနှင့် လူအချို့ သေဆုံး/ ပျောက်ဆုံးခြင်းများနှင့် သီးနှံစိုက်ခင်းများပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့ပြီး၊ တိုင်ဖွန်းမုန်တိုင်း ဗာဗီ(BAVI)ကဲ့သို့ အင်အားပြင်း မုန်တိုင်းများလည်း ဝင်ရောက်ခဲ့သည်။ ထိုကဲ့သို့ မိုးသည်းထန်မှုများ ဖြစ်ပွားလျက်ရှိသည့်အခြေအနေတွင် မြောက်ကိုရီးယားဘက်မှ တောင်ကိုရီးယားဘက်သို့ ကြိုတင်အသိပေးခြင်းမရှိဘဲ နယ်စပ်ရေကာတာအချို့၏ ရေတံခါးများကိုဖွင့်ချခဲ့ကြောင်း သိရှိရပါသည်။ 

 

Source: The Korea Times၊ The Korea Herald၊ Yonhap News

( မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea