Japan

၂၀၂၀၊ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ဂျပန်နိုင်ငံမှ ဆန်ကို အသင့်ချက်ပြီး ထုပ်ပိုးတင်ပို့မှုသည် ပြီးခဲ့သည့်နှစ်များထက် ၂၃ % ခန့် ပိုမိုတင်ပို့နိုင်ခဲ့

Last Updated:

ဆန်ကို အသင့်ချက်ပြီးထုပ်ပိုးတင်ပို့မှုသည် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လ အတွင်းတွင် ယန်း ၃၆၅ သန်း၊ တန်ချိန်အားဖြင့် ၆၈၁ တန်ထိ တင်ပို့နိုင်ခဲ့ပါကြောင်း၊ အဆိုပါပမာဏသည် ယခင်ကာလတူနှစ်မှ တင်ပို့မှုထက် ၂၃ % အထိ ပိုမိုတင်ပို့နိုင်ခဲ့ပါကြောင်းဟု ဂျပန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကုန်သွယ်မှုစာရင်းဇယားများအရသိရပါသည်။

ကိုရိုနာကပ်ရောဂါပြန့်ပွားနေချိန်အတွင်း လူအများနေအိမ်တွင်သာ နေထိုင်စားသောက်ကြသည့်အတွက် အရသာကောင်းမွန်ပြီး လွယ်လွယ်ကူကူအသင့်စားနိုင်သည့် အသင့်ချက်ထားသော ထမင်းဘူးများသည် ပြည်ပတိုင်းပြည် များတွင် လိုအပ်ချက်မြင့်မားလာပါသည်။

ဂျပန်၏ အသင့်ချက်ထမင်းဘူးများတင်ပို့မှုသည် ပြီးခဲ့သည့် ဇူလိုင်လတစ်လတည်း၌ ပင်  ၄၀ % မြင့်တက်တင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် ယန်း ၆၅ သန်းခန့်ရှိပါကြောင်း၊ လွန်ခဲ့သည့် တစ်နှစ်ခန့်ကစ၍ တင်ပို့မှုမြင့်တက်လာခဲ့ပြီး အမေရိကန်ပြည်ထောင်စု၊ ဟောင်ကောင်နှင့် ထိုင်ဝမ်တို့သို့ အဓိကတင်ပို့နေပါကြောင်း သိရပါသည်။

တိုးရာမစီရင်စု၊ နူဇန်မြို့မှ အသင့်ချက်ပြီး ထမင်းထုတ်ပိုးတင်ပို့သည့် Wooke Co., Ltd., ၏ တာဝန်ရှိသူက ဟောင်ကောင်ဒေသတွင် လိုအပ်ချက်ပိုမိုမြင့်မားလာပါသည်ကို တွေ့ရပါကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် စတိုးဆိုင်များတွင်ဆန်များ ပြတ်လပ်လာသည့်အတွက် လူအများနေဖြင့် အသင့်ချက်ပြီး ထုပ်ပိုးထားသည့် ထမင်းဘူးများသည် အရသာလည်းကောင်းမွန်ရုံသာမက လွယ်ကူအဆင်ပြေသဖြင့် ဝယ်လိုအား မြင့်တက်လာခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဂျပန်နိုင်ငံ၏ ဆန်အရည်အသွေးကောင်းမွန်ကြောင်း လူအများက အသိအမှတ်ပြုကြသည့်အတွက် ဆန်ထွက်ကုန်ပစ္စည်းထုတ်လုပ်သူများက ဝယ်လိုအားပိုမိုမြင့်မားလာနိုင်ကြောင်း မျှော်မှန်းနေကြပါသည်။ ပြည်ပနိုင်ငံများ၏ ဝယ်လိုအားမြင့်မားလာစေရေး မျှော်မှန်းချက်နှင့်အတူ ဂျပန်နိုင်ငံတွင် ဆန်အဓိက စိုက်ပျိုးထုတ်လုပ်သည့် အာခိတစီရင်စုရှိ အိုဂါတကျေးရွာသည် အသင့်ချက်ပြီးထုပ်ပိုးထားသည့် ထမင်းဘူးများ ထုတ်လုပ်မှုမြှင့်တင်ရန် စက်ရုံအသစ်တစ်ခုကို တည်ဆောက်နေပါသည်။

ဂျပန်နိုင်ငံ၊ ဆန်နှင့် ဆန်တင်ပို့မှုမြှင့်တင်ရေးအသင်းသည် ပြည်ပစျေးကွက်များ (အထူးသဖြင့် တရုတ်နိုင်ငံမှ လူကုံတန်များနှင့် ကလေးရှိသည့် အိမ်ထောင်စုများ) ထံ ရည်ရွယ်တင်ပို့ရန် ထုတ်လုပ်မှုသက်တမ်းကြာရှည်ခံပြီး အလွယ်တကူပြင်ဆင် စားသောက်နိုင်သည့် ထုတ်ကုန်များကို ဦးစားပေးထုတ်လုပ်တင်ပို့ရန် ကြိုးပမ်းနေကြောင်း သိရပါသည်။

ဂျပန်စိုက်ပျိုးရေးဝန်ကြီးဌာန၏ အဆိုအရ လတ်တလောတွင် ဆန်တင်ပို့မှုအနည်းငယ်နှေးကွေးလာပါကြောင်း၊ ဇူလိုင်လအတွင်းက ပို့ကုန်တင်ပို့မှုမြင့်တက်လာသဖြင့် ယခင်နှစ်ကာလတူထက် ဆန်တင်ပို့မှု မြင့်တက်လာခြင်း ဖြစ်ပါကြောင်း၊ မတ်လနှင့် မေလ အတွင်းက ၂၀ % မှ ၅၀ % အကြား မြင့်တက်လာခဲ့ပါကြောင်း သိရပါသည်။

စားသောက်ကုန်ထုတ်လုပ်ပို့ကုန်တင်ပို့မှုပမာဏသည် ဇူလိုင်တစ်လတည်းပင်လျှင် တန်ဖိုးအားဖြင့် ယန်း ၇၅.၆ ဘီလီယံရှိခဲ့ပြီး ဇန်နဝါရီလမှ ဇူလိုင်လအထိ တင်ပို့မှုတန်ဖိုး ယန်း ၄၈၇.၆ ဘီလီယံရှိခဲ့ကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan