Brazil

၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ နှံစားသီးနှံစိုက်ပျိုးထွက်ရှိမည့်ပမာဏ ကျဆင်းနိုင်ကြောင်း ခန့်မှန်း

Last Updated:

၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ နှံစားသီးနှံနှင့်ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုမှ တန်ချိန် ၂၅၀.၉၀ သန်း ထွက်ရှိနိုင်ကြောင်း  လယ်ယာထွက်ကုန်များနှင့်ပတ်သက်၍ သုတေသန ပြုလုပ်နေသည့် Systematic Survey of Agricultural Production (LSPA)အဖွဲ့၏ စက်တင်ဘာလ အတွင်းကခန့်မှန်းချက်ကို  Brazilian Institute of Geography and Statistics (IBGE) ကထုတ်ပြန် သည့် အောက်တိုဘာလ ၇ ရက်နေ့ သတင်းတွင်ဖော်ပြခဲ့သည်။

သုတေသနပြုတွေ့ရှိချက်များအရ ၂၀၂၁ ခုနှစ်တွင် ဘရာဇီးလ်နိုင်ငံ၏ သီးနှံထွက်ရှိမှုသည် ၂၀၂၀ ပြည့်နှစ်တွင်ထွက်ရှိခဲ့သည့် တန်ချိန် ၂၅၄.၁ သန်းနှင့်နှိုင်းယှဉ်ပါက ၁.၃ ရာခိုင်နှုန်းလျှော့နည်းနိုင်ကြောင်းခန့်မှန်းထားသည်။ သီးနှံထွက်ရှိမှုလျှော့ကျနိုင်သော်လည်း ၂၀၂၁ ခုနှစ် သီးနှံစိုက်ပျိုး ဧရိယာသည် ၂၀၂၀ ခုနှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ဟက်တာ ၂.၉ သန်းခန့်ပိုမိုစိုက်ပျိုးခဲ့ပြီး စိုက်ပျိုး မြေ ဟက်တာ ၆၈.၃ သန်းအထိရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

စိုက်ပျိုးဧရိယာတိုးတက်ခဲ့သော်လည်း သီးနှံထွက်ရှိမည့်ပမာဏကျဆင်းရခြင်းမှာစိုက်ခင်းများအတွက် လုံလောက်သောမိုးရေချိန်မရရှိသောကြောင့်ဖြစ်ကြောင်း၊ မိုးရွာသွန်းမှုနည်းပါးခဲ့သဖြင့် သီးနှံစိုက်ပျိုးချိန်နောက်ကျခဲ့ပြီး ဒုတိယသီးနှံစိုက်ပျိုးချိန်ပါ ဆက်လက်နောက်ကျမည်ဖြစ်ကြောင်း သုတေသနတာဝန်ခံ Carlos Barradas ကပြောကြားခဲ့သည်။

နှံစားသီးနှံများအဓိကစိုက်ပျိုးသည့်ပြည်နယ်များ၌ သီးနှံစိုက်ပျိုးရာသီတွင် မိုးရွာသွန်းမှုနည်းပါးခဲ့သည့်အပြင် သီးနှံများထွက်ရှိချိန်တွင်လည်း ဆီးနှင်းများအေးခဲသည်အထိ အပူချိန်ကျဆင်း ခဲ့ကြောင်း၊ ရာသီဥတုဆိုးရွာမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သဖြင့် Paraná၊ São Paulo၊ Minas Gerais နှင့် Mato Grosso do Sul ပြည်နယ်တွင် သီးနှံစိုက်ခင်းများဆိုးရွားစွာပျက်ဆီးဆုံးရှုံးခဲ့ကြောင်း Barradas ကပြောကြားခဲ့သည်။

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: Brazil