Belgium

၂၀၂၁ ခုနှစ်တွင် အနည်းငယ်တိုးတက်မှုရှိခဲ့သည့် ဘယ်လ်ဂျီယံနိုင်ငံ၏ ငါးဖမ်းလုပ်ငန်းကဏ္ဍ

Last Updated:

ဘယ်လ်ဂျီယံငါးဖမ်းရေယာဉ်များ၏ ငါးဖမ်းဆီးရရှိမှုအရေအတွက်မှာ ၂၀၂၀ ခုနှစ်ကအဆင့်ထက် (၅.၅) ရာခိုင်နှုန်းဖြင့် လျော့ကျခဲ့သော်လည်း ဘယ်လ်ဂျီယံငါးဖမ်းလုပ်ငန်းကဏ္ဍ၏ ဝင်ငွေမှာ ၂၀၂၁ ခုနှစ်တွင် ယူရို (၆၀.၈) သန်းသို့ ရောက်ရှိခဲ့ပြီး၊ (၇.၈) ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ဘယ်လ်ဂျီယံနိုင်ငံ၏ စာရင်းအင်းဆိုင်ရာအေဂျင်စီ (Statbel) အရ သိရပါသည်။

ဘယ်လ်ဂျီယံငါးဖမ်းလုပ်ငန်းကဏ္ဍ၏ ဝင်ငွေတိုးတက်လာခြင်းမှာ ငါးဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။ ဘယ်လ်ဂျီယံ နိုင်ငံ၌ ပျမ်းမျှငါးဈေးနှုန်းမှာ ၂၀၂၀ ခုနှစ်ကထက် (၁၃.၃) ရာခိုင်နှုန်းဖြင့် (၁) ကီလိုဂရမ်လျှင် ယူရို (၅.၁၀) ခန့် မြင့်တက်ခဲ့ကြောင်း၊  ထိုသို့ ဈေးနှုန်း မြင့်တက်လာခြင်းက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အရောင်းကျဆင်းမှုနှင့်အတူ အခက်အခဲများကြုံတွေ့ခဲ့ရသည့် ငါးဖမ်းလုပ်ငန်းကဏ္ဍအား အထောက်အကူပြုခဲ့ကြောင်း သိရပါသည်။

ဘယ်လ်ဂျီယံနိုင်ငံ၏ ငါးဖမ်းဆီးရရှိမှုမှာ ၂၀၁၅ ခုနှစ်ကတည်းက ကျဆင်းလျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ငါးဖမ်းဆီးရရှိမှု ပြန်လည်တိုးတက်လာ ပြီး၊ ငါးဖမ်းလုပ်ငန်းကဏ္ဍတစ်ခုလုံးအတွက် အလားအလာကောင်းများရှိခဲ့ကြောင်း သိရပါသည်။ ဘယ်လ်ဂျီယံနိုင်ငံ၌ ငါးဖမ်းလုပ်ငန်းများသည် Zeebrugge ဆိပ်ကမ်းကို ဗဟိုပြုထားခြင်းဖြစ်ပြီး၊ ၂၀၂၁ ခုနှစ်တွင် အဆိုပါဆိပ်ကမ်းသည် နိုင်ငံတွင်း ဖမ်းဆီးရောင်းချသည့် ငါးများ၏ (၅၅.၇) ရာခိုင်နှုန်းကို ကိုယ်စားပြုထားပါသည်။

ငါးအလွန်အကျွံဖမ်းဆီးမှုနှင့် စားသုံးမှုပုံစံအပြောင်းအလဲတို့သည် ဘယ်လ်ဂျီယံတံငါသည်များ၏ ငါးဖမ်းဆီးရရှိမှုအပေါ် သက်ရောက်မှုရှိလာခဲ့ ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ဘယ်လ်ဂျီယံနိုင်ငံ၌ စုစုပေါင်း ငါးရောင်းချမှုပမာဏသည် ၂၀၂၀ ခုနှစ်ကထက် များစွာနိမ့်ကျနေဆဲဖြစ်ကြောင်း၊ အမြင့်ဆုံး ပမာဏအဖြစ် ၂၀၀၅ ခုနှစ်တွင် ဘယ်လ်ဂျီယံနိုင်ငံ၌ ငါးတန်ချိန် (၁၈,၇၈၅) တန်ဖြင့် ယူရို (၇၈) သန်းဖိုး ရောင်းချခဲ့ရကြောင်း၊ ၂၀၂၁ ခုနှစ်တွင်မူ ငါးတန်ချိန် (၁၁,၉၀၁) သာ ရောင်းချခဲ့ရပြီး၊ (၃၇) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရပါသည်။

၂၀၂၂ ခုနှစ်တွင် ဘယ်လ်ဂျီယံနိုင်ငံ၏ ငါးဖမ်းလုပ်ငန်းကဏ္ဍအနေဖြင့် စိန်ခေါ်မှုများကို ရင်ဆိုင်ရဖွယ်ရှိနေကြောင်း၊ စွမ်းအင်လောင်စာဆီဈေးနှုန်းများ မကြုံစဖူးမြင့်တက်နေခြင်းသည် ရေနံထွက်ကုန်ပစ္စည်းများသုံးစွဲမှုအပေါ် အဓိကမှီခိုနေရသည့် ငါးဖမ်းလုပ်ငန်းကဏ္ဍအတွက် သက်ရောက်မှုရှိလာ မည်ဖြစ်ကြောင်း၊ ဘယ်လ်ဂျီယံငါးဖမ်းလုပ်ငန်းကဏ္ဍမှာ ယခုနှစ်တွင် ဆုံးရှုံးမှုအများဆုံးကြုံရဖွယ်ရှိသည့် ကဏ္ဍများအနက် တစ်ခုဖြစ်လာနိုင်သည် ဟု ဘယ်လ်ဂျီယံနိုင်ငံ အမျိုးသားဘဏ်က ခန့်မှန်းထားကြောင်း သိရပါသည်။

 

(STP, MYANTRADE)
ရင်းမြစ် -    The Brussels Times

 

Category: Belgium