India (Delhi)

၂၀၂၁-၂၂ ဘဏ္ဍာနှစ်၌ အိန္ဒိယ၏ ပြည်ပသို့ ဂျုံတင်ပို့မှု မြင့်တက်လာခြင်း

Last Updated:

ယူကရိန်းနိုင်ငံသို့ ရုရှားနိုင်ငံ၏ ကျူးကျော်မှုက ကမ္ဘာ့ဂျုံတင်ပို့မှု ဈေးကွက်ဝေစုအား ၃၀ ရာခိုင်နှုန်းခန့် ရယူထားသည့် ပင်လယ် နက်ဒေသမှ ဂျုံပေးသွင်းမှုကွင်းဆက်ကို ပုံပျက်ယွင်းစေလျက် ယခုရက်သတ္တပတ်တွင် နိုင်ငံတကာ ဂျုံဈေးနှုန်းများအား ၁၄ နှစ် တာကာလ၌ အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိစေခဲ့ရာ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အိန္ဒိယကုန်သည်များသည် ပြည်ပသို့ ဂျုံတန်ချိန် ၅ သိန်းအထိ တင်ပို့ရန် အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုနိုင်ခဲ့ကြကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၌ ရာသီဥတုကောင်းမွန်ခြင်း၊ အထွက်နှုန်းမြင့်မားသည့်မျိုးများ အသုံးပြုခြင်း၊ အစိုးရက တောင်သူများသို့ စိုက်ပျိုးရေး အထောက်အပံ့များပေးခြင်းတို့အရ ၅ နှစ်ဆက်တိုက် ဂျုံအထွက်နှုန်း စံချိန်တင်မြင့်တက်ခဲ့ပြီး လက်ရှိကာလတွင် ပြည်တွင်းရှိ သိုလှောင်ရုံများ၌ ဂျုံလက်ကျန်အများပြား ကျန်ရှိနေပါသည်။ ကမ္ဘာ့ဂျုံစိုက်ပျိုးထုတ်လုပ်မှု ဒုတိယအများဆုံးဖြစ်ပြီး ပစ္စုပ္ပန်ကာလ ၌ နိုင်ငံတကာဈေးကွက်သို့ အဓိကပေးသွင်းနိုင်သည့် တစ်ခုတည်းသောနိုင်ငံအဖြစ် ရောက်ရှိလာသည့်အပြင် ပြည်ပဈေးကွက်များ ၌ ဈေးနှုန်းများမြင့်တက်လာခြင်း၊ အမေရိကန်ဒေါ်လာငွေနှင့် နှိုင်းယှဉ်ပါက ရူပီးငွေတန်ဖိုးသည် စံချိန်တင် ကျဆင်းလျက်ရှိခြင်းတို့ က အိန္ဒိယကုန်သည်များအတွက် ပြည်ပသို့ ဂျုံတင်ပို့ရန် ဆွဲဆောင်မှုဖြစ်ပေါ်လျက်ရှိသည်။

ယခင်ကာလများ၌ တောင်သူများထံသို့ စိုက်ပျိုးစရိတ်ထောက်ပံ့မှုများနှင့် ဈေးနှုန်းအာမခံအထောက်အပံ့များကို အစိုးရက နှစ်စဉ် ပေးအပ်မှုများကြောင့် ပြည်တွင်းထုတ်လုပ်မှုစရိတ် ကြီးမြင့်လျက် ပြည်ပဈေးကွက်သို့ ယှဉ်ပြိုင်တင်ပို့ရန်တွင် အိန္ဒိယကုန်သည်များ အနေဖြင့် ခက်ခဲစွာ ရုန်းကန်ခဲ့ကြရပါသည်။ အိန္ဒိယပြည်တွင်း၌ အစိုးရက ဂျုံ ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၂၅၇ ခန့် ဈေးနှုန်း အာမခံထားရှိချိန်တွင် ၇-၃-၂၀၂၂ နေ့၌ ဥရောပဈေးကွက်တွင် ဂျုံ ၁ တန်ဈေးနှုန်းမှာ ယူရိုငွေ ၄၀၀ (အမေရိကန်ဒေါ်လာ ၄၃၅ ခန့်) အထိ မြင့်တက်ခဲ့ပြီး ချီကာဂိုဈေးကွက်တွင်လည်း ၁၄ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည်။

သို့ဖြစ်ရာ ကမ္ဘာ့ဂျုံဈေးနှုန်းများ မြင့်တက်ခြင်းက အိန္ဒိယကုန်သည်များအတွက် ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် လွယ်ကူမှုဖြစ်ပေါ်စေလျက်ရှိကြောင်း၊ နိုင်ငံတကာမှ ဂျုံဝယ်လက်များသည် ပုံမှန်ပေးသွင်းနိုင်မည့် အိန္ဒိယဈေးကွက်ဘက်သို့ ဦးလှည့်လာခဲ့ကြကြောင်း၊ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဂျုံတန်ချိန် ၅ သိန်းတင်ပို့ရန် စာချုပ်ချုပ်ဆိုနိုင်ခဲ့သည်ဟု ကုန်သည်အသိုင်းအဝိုင်းက အတည်ပြုပြောဆိုကြောင်း၊ Unicorp Pvt Ltd. မှ လုပ်ငန်းရှင် Mr. Rajesh Paharia Jain က အိန္ဒိယပို့ကုန်လုပ်ငန်းများသည် အဆိုပါ ဂျုံအရောင်းအဝယ်စာချုပ်များအား ကုန်ချိန် ၁ တန်လျှင် သင်္ဘောကုန်းပတ်ပေါ်အရောက် (FOB) ဈေးနှုန်း အမေရိကန်ဒေါ်လာ ၃၄၀ မှ ၃၅၀ ခန့်ဖြင့် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်ဟု ပြောကြားကြောင်း၊ ယခင်က အိန္ဒိယ ကုန်သည်များသည် ဂျုံ ၁ တန်လျှင် FOB ဈေးနှုန်း အမေရိကန်ဒေါ်လာ ၃၀၅ မှ ၃၁၀ အတွင်းသာ ရရှိခဲ့ကြကြောင်းဖြင့် အိန္ဒိယ Economic Times သတင်းဌာနက ဖော်ပြပါသည်။

၅-၃-၂၀၂၂ နေ့၌ သတင်းထောက်များနှင့် တွေ့ဆုံရာတွင် အိန္ဒိယစားသုံးသူရေးရာ၊ စားနပ်ရိက္ခာနှင့် ပြည်သူ့ဖြန့်ဖြူးမှုရေးရာ ဝန်ကြီးဌာနမှ အတွင်းဝန် Mr. Sudhanshu Pandey က ၂၀၂၁-၂၂ ဘဏ္ဍာနှစ်အတွင်း ဖေဖော်ဝါရီလကုန်အထိ အိန္ဒိယ၏ ပြည်ပသို့ ဂျုံတင်ပို့မှုမှာ တန်ချိန် ၆.၆ သန်း ရှိပြီဖြစ်ကြောင်း၊ ၎င်းပမာဏသည် ၂၀၁၂-၁၃ ခုနှစ်၌ ပြည်ပသို့ ဂျုံတင်ပို့မှု အမြင့်ဆုံးစံချိန် တင်ထားသည့် တန်ချိန် ၆.၅ သန်းကို ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း၊ ပြည်တွင်း၌ ယခုနှစ် စိုက်ပျိုးထုတ်လုပ်သည့် ဂျုံသီးနှံများသည် အစောဆုံးအားဖြင့် မတ်လ ၁၅ ရက်နေ့ဝန်းကျင်မှစတင်၍ ဈေးကွက်သို့ ဝင်ရောက်လာတော့မည်ဖြစ်ကြောင်း၊ စစ်ပွားလျက်ရှိ သော ယူကရိန်းနှင့် ရုရှားနိုင်ငံတို့မှ ဂျုံအသစ်များမှာ ဩဂုတ်၊ စက်တင်ဘာလများကျမှသာ ရင့်မှည့်မှုရှိမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ  လက်ရှိကာလတွင် ကမ္ဘာ့ဂျုံဈေးနှုန်းများမှာ မြင့်တက်လျက်ရှိပြီး ၁ တန်လျှင် ရူပီးငွေ ၂၄၀၀၀ မှ ၂၅၀၀၀ အတွင်း အရောင်းအဝယ် ဖြစ်ပေါ်နေကြောင်း၊ ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ဂျုံတင်ပို့မှု တန်ချိန် ၇ သန်း‌ကျော်ရရှိအောင် ကျန်ရှိသည့် ၁ လမျှသော အချိန် ကာလအတွင်း ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ရကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ ဒုတိယအကြိမ် ကနဦးကြိုတင်ခန့်မှန်းချက်၌ ၂၀၂၁-၂၂ စိုက်ပျိုးရေးနှစ် (ဇူလိုင်လမှ ဇွန်လထိ) တွင် ဂျုံတန်ချိန် ၁၁၁. ၃၂ သန်းအထိ ထွက်ရှိမည်ဟု ခန့်မှန်းထားပါသည်။ လက်ရှိကာလတွင် အိန္ဒိယအစိုးရလက်ဝယ်၌ အရန်ဂျုံ အား လျာထားသည့်တန်ချိန် ၁၃.၈ သန်းထက် များစွာပိုမိုလျက် စုစုပေါင်းတန်ချိန် ၂၈.၂၇ သန်းအထိ သိုလှောင်ထားရှိပြီး ဖြစ်ပါ သည်။

အိန္ဒိယကုန်သည်များအနေဖြင့် ဝယ်လိုအားမြင့်တက်လျက်ရှိသော နီပေါ၊ ဘင်္ဂလား‌ဒေ့ရှ်၊ သီရိလင်္ကာ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် စသည့် အာရှဒေသရှိနိုင်ငံများသို့ ကုန်စည်တင်ပို့ခနှုန်းထား နည်းပါးစွာဖြင့် တင်ပို့နိုင်မည့်အပြင် အရှေ့အလယ်ပိုင်းဒေသသို့လည်း အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်၍ သယ်ယူပို့ဆောင်စရိတ် လျော့နည်းစွာဖြင့် တင်ပို့နိုင်ဖွယ်ရှိပါသည်။ သို့ရာတွင် ကုန်သည်အချို့ကမူ အိန္ဒိယဆိပ်ကမ်းများ၏ ကုန်အတင်အချ လုပ်ဆောင်နိုင်စွမ်းကန့်သတ်ချက်၊ ပြည်တွင်းရှိ ကုန်စည်ထွက်ရှိရာဒေသများမှ အဓိက ဆိပ်ကမ်းများသို့ သယ်ယူပို့ဆောင်စရိတ် မြင့်တက်လာနိုင်မှုနှင့် ကုန်တင်ရထားတွဲ ပြတ်လပ်မှုများက ပို့ကုန်လုပ်ငန်းဆောင်ရွက်မှု အပေါ် နှောင့်နှေးကြန့်ကြာမှု ဖြစ်ပေါ်စေနိုင်ကြောင်း ပြောဆိုလျက်ရှိကြသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Source:         Economic Times

  1. India's wheat exports surge as world prices soar, 9-3-2022
  2. India signs deals to export 500,000 T wheat, as global prices surge, 9-3-2022
  3. India's wheat exports pick up amid Russia-Ukraine war, says Food Secretary Sudhanshu Pandey, 5-3-2022
Category: India (Delhi)