Brazil

၂၀၂၂ ခုနှစ် ပထမ ၂ လတာကာလအတွင်း ဘရာဇီးလ်နိုင်ငံ၏ဝက်သားတင်ပို့မှု ၁.၃ ရာခိုင်နှုန်း တိုးတက်

Last Updated:

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ဘရာဇီးလ်နိုင်ငံ၏ ဝက်သားတင်ပို့မှုသည် တန်ချိန် ၁၄၆,၁၀၀ တန်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်ကာလတူတွင် ဝက်သားတန်ချိန် ၁၄၄,၂၀၀ တန်အား တင်ပို့ခဲ့သဖြင့် နှိုင်းယှဉ်ပါက ၁.၃ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ကြောင်း အသားထုတ်လုပ်သူများအသင်း (Brazilian Association of Animal Protein - ABPA) ၏ ဥက္ကဌ Ricardo Santin က ပြောကြားခဲ့ သည်။

၂၀၂၁ ခုနှစ်၊ ပထမ ၂ လတာကာလအတွင်း ဝက်သားတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၃၃၂.၂ သန်းရရှိခဲ့ပြီး ယခု ၂၀၂၂ ခုနှစ်၊ ပထမ ၂ လတာကာလတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၀၈.၂ သန်းရရှိခဲ့သဖြင့် နှိုင်းယှဉ်ပါက ၇.၂ ရာခိုင်နှုန်းလျှော့နည်းခဲ့ ကြောင်း၊ ယခုနှစ် ဖေဖော်ဝါရီလတွင် ဝက်သားတန်ချိန် ၇၁,၅၀၀ တန်တင်ပို့ခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၁၄၇.၄ သန်း ရရှိခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဝက်သားတန်ချိန် ၈၁,၁၀၀ တန် တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေအမေရိကန်ဒေါ်လာ ၁၈၅.၇ သန်းရရှိခဲ့သဖြင့် နှိုင်းယှဉ်ပါက တင်ပို့ခဲ့သည့်တန်ချိန်ပမာဏတွင် ၁၁.၉ ရာခိုင်နှုန်းလျှော့ကျခဲ့ပြီး ဝင်ငွေရရှိမှုတွင် ၂၀.၆ ရာခိုင်နှုန်း လျှော့ကျခဲ့ကြောင်း Ricardo Santin က ပြောကြားခဲ့သည်။

သင်္ဘောရရှိမှုအခက်အခဲနှင့် ထုတ်လုပ်မှုစရိတ်မြင့်တက်နေမှုတို့ကြောင့် ဝက်သားတင်ပို့မှုတွင် အခက်အခဲများ ကြုံတွေ့ရလျက်ရှိ ကြောင်း၊ ဘရာဇီးလ်နိုင်ငံမှ ဝက်သားများအား တရုတ်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိပြီး ၂၀၂၂ ခုနှစ်၊ ပထမ ၂ လတာကာလအတွင်း တန်ချိန် ၅၃,၀၀၀ တန်အား တင်ပို့ခဲ့ကြောင်း၊ တရုတ်နှစ်သစ်ကူးကာလပြီးနောက် တရုတ်နိုင်ငံသို့ ဝက်သားတင်ပို့သည့် ပမာဏ လျှော့ကျခဲ့သော်လည်း မကြာမီကာလတွင် ပုံမှန်စားသုံးမှုအခြေအနေသို့ ရောက်ရှိနိုင်ရန် မျှော်မှန်းထားကြောင်း၊ ထို့အပြင် ဖိလစ်ပိုင် နိုင်ငံသို့ တန်ချိန် ၉၆,၀၀ တန်၊ အာဂျင်တီးနာနိုင်ငံသို့ ၈,၁၀၀ တန်နှင့် စင်္ကာပူနိုင်ငံသို့ ၇,၃၀၀ တန်တို့ကိုလည်း အသီးသီးတင်ပို့ခဲ့ ကြောင်း အသားထုတ်လုပ်သူများအသင်းမှ ဈေးကွက်ရှာဖွေရေး ဒါရိုက်တာ Luís Rua က ပြောကြားခဲ့သည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရာဇီးလျားမြို့)

သတင်းရင်းမြစ် - canalrural.com.br

Category: Brazil