Belgium

၂၀၂၂ ခုနှစ်မတိုင်မီ အပြည့်အဝ ပြန်လည်နိုးထနိုင်ဖွယ်မရှိသည့် ဘရပ်ဆဲလ်မြို့၏ ခရီးသွားလုပ်ငန်း ကဏ္ဍ

Last Updated:

ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့၏ ခရီးသွားကဏ္ဍသည် လာမည့် ၂၀၂၂ ခုနှစ် မတိုင်မီ အကျပ်အတည်းမှ အပြည့်အဝပြန်လည်နာလန်ထူလာနိုင်ဖွယ်မရှိကြောင်း ဘရပ်ဆဲလ်ဒေသအစိုးရ၏ ခရီးသွားနှင့် ယဉ်ကျေးမှုမြှင့်တင်ရေးဆိုင်ရာ (visit.brussels) ၏ စီအီးအိုဖြစ်သူ Patrick Bontinck က ပြောကြားကြောင်း သိရပါသည်။ ဥရောပ၏ နွေရာသီကာလ၌ ခရီးသွားလုပ်ငန်းပိုင်း တိုးတက်မှုလက္ခဏာအချို့ရှိလာခဲ့သော်လည်း ခရီးသွားကဏ္ဍ၏အနာဂတ်မှာ ကပ်ရောဂါမတိုင်မီ ကာလက ရှိခဲ့သည့်ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိမှုအပေါ်တွင် မူတည်နေသည်ဟု ၎င်းကပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်နိုးထရေးအတွက် လေကြောင်းနှင့် ရထားသယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ ပြန်လည်စတင်နိုင်ရေးသည် အဓိကအချက်ဖြစ်ကြောင်း၊ လေကြောင်း ပို့ဆောင်ရေးကဏ္ဍသည် ၂၀၂၃ ခုနှစ် (သို့မဟုတ်)  ၂၀၂၄ ခုနှစ်မတိုင်မီတွင် ကပ်ရောဂါမဖြစ်ပွားခင်က အခြေအနေသို့ ပြန်လည်ရောက်နိုင်ဖွယ်မရှိကြောင်း သိရသည်။

၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် ဘယ်လ်ဂျီယံနိုင်ငံ၏ မြို့တော်ဘရပ်ဆဲလ်၌ ခရီးသွားလုပ်ငန်း များ ပြန်လည်စတင်နိုင်ခဲ့သည်ကို တွေ့ရကြောင်း၊ ဟိုတယ်အခန်းများငှားရမ်းရမှု (Hotel occupancy) သည် ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ၌ (၂၂) ရာခိုင်နှုန်းသာရှိခဲ့ရာမှ ယခုနှစ် ဩဂုတ်လတွင် (၃၃) ရာခိုင်နှုန်းသို့ တက်လာခဲ့ကြောင်း၊ သို့ရာတွင် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၄၀) ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း သိရပါသည်။

မိုဘိုင်းဖုန်းဒေတာများအရ ဘရပ်ဆဲလ်မြို့၏ ခရီးသွားလုပ်ငန်း ပြန်လည်စတင်ရာတွင် နိုင်ငံခြားသား ခရီးသွားအရေအတွက်မှာ ၂၀၂၀ ခုနှစ်၊ ဩဂုတ်လနှင့် နှိုင်းယှဉ်လျှင်(၄၀) ရာခိုင်နှုန်း ပိုများခဲ့ကြောင်း၊ နိုင်ငံခြားသားခရီးသွားအများစုမှာ ပြင်သစ်နိုင်ငံသားများဖြစ်ပြီး၊ ခရီးသွားအများစုမှာ ဘယ်လ်ဂျီယံနိုင်ငံသားများဖြစ်ကြောင်း သိရပါသည်။

ဘရပ်ဆဲလ်မြို့တော်အား စိတ်ဝင်စားမှုဖြင့် ဂူဂဲလ်မှတစ်ဆင့် ရှာဖွေမှုများ ဆက်လက် တိုးတက်နေပြီး၊ ယင်းမှာ ကောင်းမွန်သည့်လက္ခဏာတစ်ရပ်ဖြစ်ကြောင်း၊ အလားတူ ဘရပ်ဆဲလ်မြို့သို့ သွားရောက်မည့် လေယာဉ်ခရီးစဉ်များအား ရှာဖွေမှုသည်လည်း တိုးတက်လျက်ရှိကြောင်း သိရသည်။ ဥရောပဒေသတစ်ခုလုံးအတွက် ခရီးသွားလုပ်ငန်းကဏ္ဍဆိုင်ရာ လေ့လာမှုများအရနိုင်ငံငယ်များရှိ မြို့များသည် ကိုဗစ်-၁၉ ကပ်ရောဂါအကျပ် အတည်း၏ သက်ရောက်မှုကို အများဆုံးခံရ ကြောင်း၊ ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၊ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့နှင့် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တို့သည် ၂၀၁၉ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ခရီးသွား(၄၀) ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့သည် (၅၀) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။  ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့၊ အီတလီနိုင်ငံ မီလန်မြို့နှင့် စပိန်နိုင်ငံ မက်ဒရစ်မြို့ စသည့် မြို့ပြလူနေမှု ကြီးမားသောမြို့ကြီးများသည် (၂၀) ရာခိုင်နှုန်းသာကျဆင်းခဲ့ကြောင်း၊ ယင်း၏ အဓိကအချက်မှာ ပြည်တွင်း ခရီးသွား များပြားခြင်းကြောင့် ဖြစ်သည်ဟုဆိုသည်။

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

ရင်းမြစ် - (The Brussels Times)

Category: Belgium