Belgium

၂၀၂၄ ခုနှစ်မတိုင်မီ ပြန်လည်နိုးထနိုင်ဖွယ်မရှိသည့် ဥရောပ၏ ခရီးသွားလုပ်ငန်းကဏ္ဍ

Last Updated:

ဥရောပနိုင်ငံများစွာ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုနှုန်း မြင့်မားမှုကြောင့် နွေရာသီလ များအတွင်း ခရီးသွားလုပ်ငန်းကဏ္ဍ၌ တိုးတက်မှုများရှိလာခဲ့စေကာမူ ဥရောပ၏ ခရီးသွားလုပ်ငန်း အခြေအနေသည်  ၂၀၂၄ ခုနှစ်မတိုင်မီ ကပ်ရောဂါမဖြစ်ပွားမီကအဆင့်သို့ ပြန်လည်ရောက်ရှိနိုင်မည် မဟုတ်ကြောင်း သိရပါသည်။

ကာကွယ်ဆေးများအောင်မြင်စွာထိုးနှံနေမှုအစီအမံများကြောင့် ၂၀၂၂ ခုနှစ်တွင် ခရီးသွားကန့်သတ်ချက်များကို ထပ်မံဖြေလျှော့နိုင်မည်ဖြစ်သော်လည်း ခရီးသွားလုပ်ငန်းကဏ္ဍ အပြည့်အဝ ပြန်လည်နာလန်ထူလာရန် အချိန်ကြာဉီးမည်ဟု ဥရောပခရီးသွားကော်မရှင် (European Travel Commission-ETC)မှ နောက်ဆုံးထုတ်ပြန်သည့် ဥရောပခရီးသွားလုပ်ငန်း လားရာနှင့်အလားအလာများဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားပါသည်။  ဥရောပခရီးသွားလုပ်ငန်းသည် ပြန်လည်နိုးထမှု လမ်းကြောင်းပေါ်တွင်ရှိနေသည်ဟု ယူဆရသော်လည်း ခရီးရှည်ကို လျှောက်လှမ်းရဉီးမည်ဟု ETC ၏ အမှုဆောင်အဖွဲ့မှ Jennifer Iduh က ဆိုသည်။ ခရီးသွားအရေအတွက် ပြန်လည်မြင့်တက်လာခြင်း၊ အီးယူပြင်ပနိုင်ငံများအတွက် ကန့်သတ်ချက်များ ဖြေလျှော့ပေးခြင်း၊ ဥရောပဆေးဝါး အေဂျင်စီမှ အသိအမှတ်ပြုမထားသော ကိုဗစ်-၁၉ ကာကွယ်ဆေးများကိုပါ  အသိအမှတ်ပြုလာခြင်းတို့ကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည်နိုးထမှုကို အရှိန်မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားပါသည်။

အီးယူ၏ ကိုဗစ်-၁၉ ဒစ်ဂျစ်တယ်အသိအမှတ်ပြုလက်မှတ် အသုံးပြုမှုကို ၂၀၂၁ ခုနှစ်၊ ဇူလိုင် လအစောပိုင်းတွင် မိတ်ဆက်ခဲ့ခြင်းကြောင့် အီးယူနိုင်ငံများအတွင်း ခရီးသွားလာမှုကို လွယ်ကူ စေပြီး၊ ဒေသတွင်းဘေးကင်းလုံခြုံသော ခရီးသွားလာမှုကို ဖြစ်ပေါ်စေခဲ့ကာ နယ်စပ်ဖြတ်ကျော် သွားလာမှု လုပ်ငန်းစဉ်များကို ချောမွေ့စေရေး အကူအညီပေးခဲ့သည်ကို တွေ့ရကြောင်း ETC ၏ အစီရင်ခံစာက ဖော်ပြထားပါသည်။

အီးယူအတွင်း ခရီးသွားလာမှုလွယ်ကူစေခြင်း၏ အကျိုးဆက်အဖြစ် ဥရောပခရီးသွားဒေသများ၌ ဟိုတယ်အခန်းငှါးရမ်းရမှုသည် ၂၀၂၁ခုနှစ်၊ ဇူလိုင်လမှ စက်တင်ဘာလအထိကာလ၌ ၂၀၂၀ ခုနှစ်နွေရာသီနှင့်ယှဉ်လျှင် မြင့်တက်လာခဲ့သည်ဟု ဆိုသည်။ သို့ရာတွင် ၂၀၂၁ ခုနှစ်အကုန်၌ ဥရောပသို့ နိုင်ငံတကာခရီးသွားဝင်ရောက်မှုမှာ ၂၀၁၉ ခုနှစ်ကထက် (၆၀) ရာခိုင်နှုန်း လျော့နည်းဖွယ်ရှိမည်ဟု ခန့်မှန်းထားပါသည်။

အီးယူအတွင်း လေကြောင်းခရီးသွားလာမှု ပြန်လည်မြင့်တက်လာသဖြင့် ခရီးသွားအရေအတွက်တိုးတက်လာခဲ့သော နွေရာသီလများ၌ပင်လျှင်    ဥရောပခရီးသည်များ ဝင်ရောက်မှုသည် ၂၀၁၉ ခုနှစ်ကထက် (၇၇) ရာခိုင်နှုန်း နိမ့်ကျနေဆဲဖြစ်ကြောင်း၊ လေကြောင်းခရီးရှည်ပျံသန်းရသည့်နိုင်ငံများမှ ခရီးသွားများအပေါ် များစွာမှီခိုနေရသည့် ဥရောပခရီးသွားဒေသများအတွက် ပြည်ပခရီးသွားဝင်ရောက်မှုတိုးတက်လာရေးမှာ အချိန်ယူရနိုင်ကြောင်း၊ ဥပမာအားဖြင့်  ဥရောပသို့ အမေရိကန်ခရီးသည်များဝင်ရောက်မှုသည် ၂၀၁၉ ခုနှစ်ကထက် (၉၀) ရာခိုင်နှုန်း လျော့နည်းနေဆဲဖြစ်ကြောင်း သိရပါသည်။

ဥရောပတစ်ဝန်း၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ပြန်လည်မြင့်တက်လာခြင်း၊ ဆောင်းဥတု၌ဖြစ်ပွားတတ်သည့် ရာသီတုပ်ကွေးအပေါ် စိုးရိမ်မှုများကြောင့် ခရီးသွားလာမှုလျော့နည်းခြင်း၊ ခရီးသွားကန့်သတ်ချက်များ ပြန်လည်တင်းကျပ်ခြင်း တို့ရှိလာနိုင်သဖြင့်  လာမည့်လများ၌ အီးယူအတွင်းခရီးစဉ်များ လျော့ကျနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားပါသည်။  ကိုဗစ်-၁၉ ဆိုင်ရာ ကန့်သတ်ချက်/မူဝါဒများ အမြဲပြောင်းလဲနေခြင်း၊ ဗိုင်းရပ်စ်ကူးစက်မှု ပြန်လည်ဖြစ်ပွားနေခြင်း၊ အီးယူ၏ colour-code travel system မှာ နိုင်ငံအလိုက်မတူကွဲပြားသဖြင့် ရှုပ်ထွေးမှုရှိခြင်း စသည့်အချက်များကြောင့် ပြည်ပခရီးသွားဝင်ရောက်မှုအပေါ် မှီခိုရသည့် ဥရောပခရီးသွားဒေသများအပေါ် ဆက်လက် သက်ရောက်မှုရှိနေဉီးမည်ဟု European Travel Commission က ဖော်ပြထားပါသည်။

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်မြို့)

ရင်းမြစ် -  https://www.brusselstimes.com/news/eu-affairs/192911/european-travel-wont-recover-to-pre-pandemic-levels-until-2024/

Category: Belgium