China(Nanning)

“စတုတ္ထမြောက် စက်မှုတော်လှန်ရေး” တွင် တရုတ်က ဉီးဆောင်နိုင်ငံအဖြစ် ပါဝင်

Last Updated:

တရုတ်နိုင်ငံတွင် ကုန်ကြမ်းဈေးနှုန်းများ မြင့်တက်နေသော်လည်း အစိုးရ၏ ဈေးကွက်ယှဉ်ပြိုင်မှုကို အားပေးသည့် ကြိုးပမ်းမှုများကြားဝယ် စီးပွားရေးလုပ်ငန်း ပတ်ဝန်းကျင်နှင့် ဈေးကွက်အားကောင်းလာခြင်းကြောင့် ပုဂ္ဂလိက တရုတ်စီးပွားရေးလုပ်ငန်းများ၏ စွမ်းဆောင်ချက်များ တိုးတက်လာသည်ကို တွေ့ရပါသည်။

တရုတ် ထိပ်တန်းပုဂ္ဂလိကလုပ်ငန်းကြီး  (၅၀၀) ၏ နှစ်စဉ်အစီရင်ခံစာများကို စုစည်းထုတ်ပြန်ချက်အရ ယမန်နှစ်အတွင်း စုစုပေါင်းဝင်ငွေ ယွမ် (၃၅.၁၂) ထရီလီယံ (အမေရိကန်ဒေါ်လာ ၅.၄၃ ထရီလီယံ) ရရှိခဲ့ကာ လွန်ခဲ့သည့် တစ်နှစ်ကျော်နှင့်နှိုင်းယှဉ်ပါက (၁၆.၃၉%) တိုးတက်လာကြောင်းနှင့် အသားတင် အမြတ်ငွေ ယွမ်ငွေ (၁.၉၇) ထရီလီယံနှင့် စုစုပေါင်း ပိုင်ဆိုင်ပစ္စည်းတန်ဖိုးပေါင်း ယွမ်ငွေ (၅၀.၇၃) ထရီလီယံအထိရှိခဲ့ကာ (၄၁.၄%) နှင့် (၃၇.၂၅%) အသီးသီး တိုးတက်လာခြင်းဖြစ် ကြောင်း သိရပါ သည်။

၎င်းစာရင်းတွင် ဟွာဝေးနည်းပညာကုမ္ပဏီမှာ ခြောက်နှစ်ဆက်တိုက် ပထမနေရာတွင်ယူထားပြီး ယခုနှစ်စာရင်း၌ ၎င်းကုမ္ပဏီ၏ နောက်တွင် JD၊ အထည်အလိပ် ကုမ္ပဏီအုပ်စုဖြစ်သည့် Hengli Group၊ အီလက်ထရောနစ် သတင်းအချက်အလက်လုပ်ငန်းအုပ်စုဖြစ်သည့် Amer International Group နှင့် Alibaba Group တို့ရှိပါသည်။ ၎င်းထိပ်တန်းလုပ်ငန်းကြီး (၅) ခု၏ စုစုပေါင်းဝင်ငွေမှာ ယွမ်ငွေဘီလီယံ (၆၀၀) ကျော် ရှိခဲ့သည်ဟု သိရပါသည်။ 

လက်လီနှင့် အိမ်ခြံမြေကုမ္ပဏီအုပ်စုဖြစ်သည့် Better Life Group ၏ ဥက္ကဋ္ဌဖြစ်သူ Wang Tian က တရုတ်နိုင်ငံသည် မကြာသေးမီက တရားမျှတမှုမရှိသည့် ယှဉ်ပြိုင်မှုအားလုံးကို စည်းမျဉ်းဉပဒေများဖြင့် အရှိန်မြှင့်တင် ထိန်းကျောင်းကြပ်မတ်ခဲ့ရာ ဥပဒေကို လေးစားလိုက်နာသည့်လုပ်ငန်းများအတွက် နေရာပိုမိုရလာစေ ကာ ပုဂ္ဂလိကကုမ္ပဏီများ၏ စွမ်းရည်နှင့် ဈေးကွက်စီးပွားရေးကို တွန်းအားပေးလာကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

ပုဂ္ဂလိကကဏ္ဍသည် ဆယ်စုနှစ်များစွာကပင် တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ်အင်အားစု ဖြစ်ပါသည်။ တရုတ်နိုင်ငံ စက်မှုနှင့် သတင်း အချက်အလက်နည်းပညာဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပုဂ္ဂလိကလုပ်ငန်းများသည် နိုင်ငံအခွန်ထမ်းဝင်ငွေ၏ (၅၀%)၊ ပြည်တွင်း အသားတင်ထုတ်လုပ်မှု တန်ဖိုး၏ (၆၀%)၊ နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှု၏ (၇၀%) နှင့် မြို့ပြအလုပ်အကိုင်၏ (၈၀%) ဝန်းကျင် ပါဝင်ဖြည့်ဆည်းလျက်ရှိကြောင်း သိရပါသည်။

ယခုနှစ်အတွက် ထိပ်တန်းလုပ်ငန်း (၅၀၀) စာရင်းတွင်ပါဝင်သည့် လုပ်ငန်းများ၏ (၉၀%) ခန့်မှာ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုကို ဆောင်ရွက်ထားပြီးဖြစ်ကာ နှစ်စဉ် ၎င်းတို့၏ တီထွင်မှုမူပိုင်ခွင့် မှတ်ပုံတင်ထားရှိမှုမှာ (၃.၆၄%) ခန့်၊ ပြည်တွင်း၌ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ထားရှိမှုမှာ (၃၆.၀၆%) ခန့် တိုးတက်လာနေ ကြောင်း သိရှိရပါသည်။

ပုဂ္ဂလိက ကုမ္ပဏီပေါင်း (၃၉၄) ခုတို့၏ အဓိကနည်းပညာများမှာ လွတ်လပ်သည့် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများမှ ပေါ်ထွန်းလာခြင်းဖြစ်ပါသည်။ ထိပ်တန်း ကုမ္ပဏီ (၅၀၀) အနက် ကုမ္ပဏီ (၂၂၉) ခုတို့တွင် သုတေသနနှင့် ဖွံ့ဖြိုးရေးဆောင်ရွက်ရန် ၎င်းတို့ဝန်ထမ်းများ၏ (၃%) ကျော်အတွက် သီးသန့်စာရင်းထားရှိပေး ထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားချက်ကို တွေ့ရပါသည်။

တရုတ်နိုင်ငံတွင် ကျယ်ပြန့်သည့်ဈေးကွက်နှင့် စီးပွားရေးလုပ်ငန်းပတ်ဝန်းကျင် တိုးတက်လာသည့်အပြင် ဒစ်ဂျစ်တယ်စီးပွားရေးအပေါ် အဓိကအခြေခံသည့် စတုတ္ထမြောက် စက်မှုတော်လှန်ရေးတွင်လည်း တရုတ်ကုမ္ပဏီအများအပြားက 5G ၊ ဉာဏ်ရည်တု (artificial intelligence)၊ big data နှင့် စွမ်းအင်အသစ်နှင့် ဘက်ထရီကဲ့သို့ နည်းပညာများကို အရှိန်မြှင့်တင်ဆောင်ရွက်ရန် ပိုမိုအာရုံစိုက်လာကြသည့်အတွက် ဦးဆောင်သူအဖြစ် ပါဝင်သည့် နိုင်ငံဖြစ်လာကြောင်း၊ သို့ရာတွင် ကိုရိုနာကပ်ရောဂါမှာ တရုတ်လုပ်ငန်းများအပေါ် ကြီးမားစွာသက်ရောက်ခဲ့ကာ ထိပ်တန်းလုပ်ငန်းများ၏ (၄၃.၈%) က ကမ္ဘာလုံးဆိုင်ရာစက်မှုနှင့် ကုန်ထုတ်လုပ်မှု ကွင်းဆက် မတည်ငြိမ်မှုများကို ရင်ဆိုင်ခဲ့ရကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ထို့ပြင် ယမန်နှစ်မှစ၍ ကုန်ကြမ်းများ၏ ကုန်ကျစရိတ်မှာ လုပ်ငန်းကုန်ကျစရိတ်၏ တတိယနေရာတွင်ရှိရာမှ ပထမနေရာသို့ ရောက်လာခဲ့ကာ ထိပ်တန်းလုပ်ငန်း ပေါင်း (၃၀၀) ခန့်မှာ ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်မားလာခြင်း၏ သက်ရောက်မှုကို ခံစားနေရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့်  ပုဂ္ဂလိကလုပ်ငန်းများ အရည်အသွေး မြင့်စွာ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး ကူညီရန် စီမံဆောင်ရွက်မှုများစွာဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

Source: China Daily (27-9-2021)

 

Category: China(Nanning)