Germany

Biofach Organic ပြပွဲ ကျင်းပမည့် အစီအစဉ်

Last Updated:

ဂျာမနီနိုင်ငံ နူရင်ဘတ်မြို့တွင် ကမ္ဘာ့ထိပ်တန်း အော်ဂဲနစ်ထုတ်ကုန်ပြပွဲကြီးဖြစ်သည့် Biofach Organic ပြပွဲကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၆ ရက်မှ ၂၉ ရက်နေ့အထိ (၄) ရက်တိုင် Messe Nuremberg တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ ပြပွဲကို ကိုယ်တိုင်လာရောက်ခင်းကျင်းပြသခြင်းနှင့် ဒစ်ဂျစ်တယ် အွန်လိုင်းဖြင့် ပြသခြင်း ပုံစံနှစ်မျိုးဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။ ပြပွဲတွင် အော်ဂဲနစ်စားသောက်ကုန်များအပြင် Organic Non-food များဖြစ်သည့် အိမ်သုံးပစ္စည်း၊ အလှကုန်၊ အထည်၊ ဆေးဝါး၊ အပင်နှင့်မျိုးစေ့များ အစရှိသည်တို့ကို နိုင်ငံများစွာမှ အော်ဂဲနစ်ကုမ္ပဏီများက လာရောက်ပြသကြမည် ဖြစ်သည်။ ထို့အပြင် ပြပွဲတွင် အော်ဂဲနစ်ထုတ်ကုန်ဆိုင်ရာ ဆွေးနွေးပွဲဖိုရမ်များ၊ Congress များ၊ ကျွမ်းကျင်ပညာရှင်များ၏ ဟောပြောပို့ချချက်များ၊ Exhibitor များ၏ တင်ဆက်ပြသမှုများဖြင့် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ပြပွဲလက်မှတ်ဝယ်ယူသူများသည် on site ပြပွဲအပြင် အွန်လိုင်း ပြသမှု နှစ်မျိုးလုံးကို ကြည့်ရှုလေ့လာခွင့် ရရှိမည်ဖြစ်ပါသည်။ 

ပြပွဲတွင် Organic Africa Pavilion ၌ မြန်မာနိုင်ငံမှ ဂျာမနီနိုင်ငံသို့ အော်ဂဲနစ်လက်ဖက်ခြောက်များ ထုတ်လုပ်တင်ပို့နေသည့်  Power Mawshan ကုမ္ပဏီက လာရောက်ပြသမည်ဖြစ်ပြီး  Yatha Waddi ကုမ္ပဏီ (Paline လက်ဖက်) က ဒစ်ဂျစ်တယ်အွန်လိုင်းဖြင့် ပါဝင်ပြသမည်ဖြစ်ပါသည်။ အဆိုပါ ကုမ္ပဏီများ ပါဝင်ပြသမှုအတွက် မြန်မာနိုင်ငံရှိ Helvetas အဖွဲ့အစည်း၏ Bio Trade စီမံကိန်းက စရိတ်မျှခံ ပံ့ပိုးပေးပြီး Helvetas မှ တာဝန်ရှိသူနှစ်ဦး လည်း ပြပွဲသို့လာရောက်မည် ဖြစ်ပါသည်။ ထို့ပြင် ပြပွဲလာရောက်သည့် ခရီးစဉ်အတွင်း လက်ရှိဂျာမန် အဝယ်တော်ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးမှု များ၊ ထုတ်ကုန်အရည်အသွေးပိုင်းဆိုင်ရာ ဆောင်ရွက်သင့်သည်များအတွက် Helvetas အဖွဲ့အစည်းပါဝင်၍ ဆွေးနွေးမှုများ၊ Business matching များ ကို ပြုလုပ်ကြရန် စီစဉ်ထားရှိပါသည်။

Biofach Organic ပြပွဲသည် နိုင်ငံအနှံ့အပြားမှအော်ဂဲနစ်ထုတ်ကုန်များ စုဝေးရာနေရာတစ်ခုဖြစ်ပါသည်။ ၂၀၂၁ နှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ် ပွားမှုကြောင့် Digital Event အဖြစ် ပြောင်းလဲကျင်းပခဲ့ရာ Digital Event တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ Digital Profile ကို မြန်မာထုတ် ကုန်များ၏ Profile များ၊ ဓာတ်ပုံနှင့် ဗီဒီယိုများပါဝင်၍ ပြသခဲ့ပါသည်။ ၂၀၂၂ ခုနှစ် Biofach ပြပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပရန် စီစဉ်ထားရှိမှုကို ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ထိန်းချုပ်ကန့်သတ်မှုအစီအစဉ်အရ ဇူလိုင်လသို့ ပြောင်းရွှေ့ကျင်းပခြင်းဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

sources: https://www.biofach.de/en

 

Category: Germany