Germany

Brexit ကာလနောက်ပိုင်း အီးယူအဖွဲ့ဝင်နိုင်ငံများနှင့် ယူနိုက်တက်ကင်းဒမ်းနိုင်ငံ အကြားစီးပွားရေးဆက်သွယ် ဆောင်ရွက်မှုအခြေအနေ

Last Updated:

အီးယူအဖွဲ့ဝင်နိုင်ငံအဖြစ်မှ ယူနိုက်တက်ကင်းဒမ်းနိုင်ငံသည် အကူးအပြောင်းကာလပြီးဆုံးပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ တရားဝင်နှုတ် ထွက်ခွင့်ရရှိပြီး Brexit ကာလနောက်ပိုင်း အီးယူအဖွဲ့ဝင်နိုင်ငံများနှင့် ယူနိုက်တက်ကင်းဒမ်းနိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်မှုပိုင်း ဆက်သွယ် ဆောင်ရွက်မှုပိုင်း ပြောင်းလဲမှုအခြေအနေများကို လေ့လာနိုင်ပါသည်။  

စီးပွားရေးတိုးတက်မှုပိုင်းတွင် လက်ရှိအကြပ်အတည်းကာလအတွင်း ငွေကြေးဖောင်းပွမှုနှုန်းထားအနေနှင့် အီးယူနိုင်ငံများနှင့် ယူနိုက်တက်ကင်း ဒမ်းနိုင်ငံတွင် ၈ ရာခိုင်နှုန်းဝန်းကျင်တွင် ရောက်ရှိနေကြပါသည်။ ၂၀၂၀ ခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် နိုင်ငံအားလုံး ကျဆင်းမှု ဖြစ်ပေါ်ခဲ့ရာ ယူနိုက်တက်ကင်းဒမ်းနိုင်ငံတွင် စီးပွားရေးကျဆင်းမှု အဆိုးရွားဆုံးဖြစ်ပေါ်ခဲ့သော်လည်း ၂၀၂၁ ခုနှစ်နှင့် နောက်ပိုင်းကာလများတွင် အီးယူနိုင်ငံများထက် ပိုမိုတိုးတက်မှုရရှိခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်-

ကုန်သွယ်မှုပိုင်းတွင် ဂျာမနီနိုင်ငံက ယူနိုက်တက်ကင်းဒမ်းနိုင်ငံသို့ တင်ပို့မှုပိုင်းတွင် ၂၀၂၁ ခုနှစ်၌ ကုန်စည်တင်ပို့မှုပိုင်းသည် ယူရို (၆၆.၇) ဘီလီယံ ဖြင့် ၂၀၂၀ ခုနှစ်ကထက် တိုးတက်လာကြောင်း၊ တင်သွင်းမှုပိုင်းတွင် ယခင်ကထက်လျော့ကျလာကြောင်း တွေ့ရှိရပါသည်။ အီးယူဒေသတစ်ခုလုံး အနေဖြင့်လည်း ကုန်စည်တင်ပို့မှု၊ တင်သွင်းမှုများ တိုးတက်လာနေကြောင်း၊ ကုန်စည်ကုန်သွယ်မှုပိုင်း အသာစီးရလျှက်ရှိကြောင်း အောက်ပါအတိုင်း လေ့လာတွေ့ရှိရပါသည်-

ငွေကြေးလဲလှယ်မှုနှုန်းများတွင် ဗြိတိသျှပေါင်စတာလင်ငွေမှာ Brexit ကာလနောက်ပိုင်း ပိုမိုခိုင်မာမှုရှိလာပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လတွင် ၁ ယူရိုလျှင် ၀.၈၆ ပေါင်စတာလင်သို့ ရောက်ရှိလာပါသည်-

အလုပ်အကိုင်ခန့်ထားမှုပိုင်းတွင် ဂျာမန်နိုင်ငံသားများ ယူနိုက်တက်ကင်းဒမ်းနိုင်ငံတွင် သွားရောက်လုပ်ကိုင်မှုသည် Brexit ကာလအတွင်း ပိုမိုများ ပြားကြောင်း၊ Brexit ကာလနောက်ပိုင်းတွင် အခြားအီးယူပြင်ပနိုင်ငံများမှ ဂျာမနီနိုင်ငံသို့ လာရောက်အလုပ်လုပ်ကိုင်သူဦးရေသည် သိသာစွာ တိုးတက်လာသည်ကို တွေ့ရှိရပါသည်။ Federal Statistical Office (Destatis) ၏စာရင်းများအရ လွန်ခဲ့သည့် (၁၀) နှစ်အတွင်း အီးယူပြင်ပနိုင်ငံ များမှ လာရောက်အလုပ်လုပ်ကိုင်သူဦးရေသည် ၂၀၁၁ ခုနှစ်တွင် (၉၀၅၀၀) ဦးမှ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် (၂၉၅၀၀၀) ဦးကျော်ထိ (၃) ဆကျော် တိုးတက်လာခဲ့ကြောင်း၊ အိန္ဒိယနိုင်ငံများ အများဆုံးဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထို့အတူ အီးယူအဖွဲ့ဝင်နိုင်ငံများမှ ရွေ့ပြောင်းဝင်ရောက် လုပ်ကိုင် သူဦးရေမှာလည်း (၁၀) နှစ်ကျော်ကာလအတွင်း တိုးတက်လာခဲ့ရာ ပိုလန်နိုင်ငံမှ အများဆုံးဖြစ်ကာ ၎င်းနောက်တွင် ရိုမေးနီးယား၊ အီတလီ၊ခရိုအေးရှား၊ ဘူဂေးရီယား၊ ဂရိ၊ ဟန်ဂေရီနိုင်ငံတို့မှလည်း လာရောက်လုပ်ကိုင်ကြပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source: https://www.destatis.de/EN/Press/2022/07/PE22_N045_122.html
https://www.destatis.de/Europa/EN/Topic/Brexit/_node.html

 

Category: Germany