China(Nanning)

COVID-19 ကပ်ရောဂါကာလအတွင်း အသွားအလာကန့်သတ်မှုများက အာဆီယံ၏ စားနပ် ရိက္ခာဖူလုံမှုကို မီးမောင်းထိုးပြလာ

Last Updated:

မလေးရှားနိုင်ငံတွင်နေထိုင်သည့် Balan Nadarajan အမည်ရှိပုဂ္ဂိုလ်နှင့် ၎င်း၏ မိသားစုတို့သည် ပိုးသတ်ဆေးကင်းစင်သည့် အော်ဂဲနစ်ဟင်းသီးဟင်းရွက်များကို စားသုံး နိုင်ရန် မိမိတို့နေအိမ်ဝန်းအတွင်း ဟင်းသီးဟင်းရွက်များအား ၂၀၁၂ ခုနှစ်မှစတင် စိုက်ပျိုးလာခဲ့ပါသည်။ ယခုနှစ် ကိုရိုနာကပ်ရောဂါကျရောက်ချိန်၌  မလေးရှားနိုင်ငံက အသွားအလာကန့်သတ်မှုများအား  ရက်သတ္တ (၆) ပတ် ကျော်ပြုလုပ်ထားချိန်အတွင်း  အစားအသောက်များဝယ်ယူရန် ဈေးဆိုင်များတွင် နာရီပေါင်းများစွာတန်းစီ ရချိန်၌  Balan Nadarajan ၏ မိသားစုမှာ မိမိတို့၏ စိုက်ခင်းအတွင်းမှပင် ခူးဆွတ်စားသုံးနိုင်ခဲ့ပါသည်။

ယခုကဲ့သို့ ကပ်ရောဂါဖြစ်ပွားလိုက်ခြင်းကြောင့် လူသားများအနေဖြင့် မိမိတို့၏ ကိုယ်ပိုင်ဟင်းသီးဟင်းရွက်စိုက်ခင်းများစိုက်ပျိုးရန် တွန်းအားပေးသကဲ့သို့ ဖြစ်လာ ပါသည်။ ထို့ပြင် ယခုအခြေအနေမှာ အရှေ့တောင်အာရှနိုင်ငံများက မိမိတို့၏ လယ်ယာ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးတွင် ပိုမိုရင်းနှီးမြှုပ်နှံရန် (အထူးသဖြင့် ပြည်ပမှ တင်သွင်းသည်များအပေါ် မှီခိုနေရသည့်နိုင်ငံများအတွက်) အဘယ်ကြောင့်လိုအပ်သည်ကို ပြသနေပါသည်။    

နန်ယန်းနည်းပညာတက္ကသိုလ်၊ School of International Studies၏ Center for Non-Traditional Security Studiesမှ သုတေသီတစ်ဉီးဖြစ်သူ Paul Tengက ယခုကပ် ဖြစ်ပွားမှုမှာ အရှေ့တောင်အာရှ၏ စားနပ်ရိက္ခာလုံခြုံရေးမူဝါဒအတွက် ပြောင်းလဲ ဆောင်ရွက်ရမည့် အထောက်အကူတစ်ခုဖြစ်ကြောင်း၊  ရောဂါဖြစ်ပွားစဉ်ကာလအတွင်း မိမိနိုင်ငံတွင်းမှ ထွက်ရှိသည့် စားသောက်ကုန်များဖြစ်စေ၊ ပြည်ပမှ တင်သွင်းသည့် စားသောက်ကုန်များကိုဖြစ်စေ မိမိနိုင်ငံ၏ စားနပ်ရိက္ခာဖူလုံစေရန် ချက်ချင်းဖြည့်ဆည်း ပေးရပါကြောင်း၊ စင်ကာပူနိုင်ငံတွင် အသွားအလာကန့်သတ်သည့်ဆောင်ရွက်မှုများကို ဧပြီလ (၇)ရက်နေ့၌ စတင်ဆောင်ရွက်လိုက်ချိန်မှစ၍  နိုင်ငံစားသောက်ကုန်၏ (၉၀) ရာခိုင်နှုန်းကျော်ကို ပြည်ပမှတင်သွင်းနေရသည့်နိုင်ငံဖြစ်သည့်အတွက် စိန်ခေါ်မှုဖြစ်ခဲ့ ကြောင်း၊ ထို့ပြင် စင်ကာပူနိုင်ငံသို့ အစားအစာများတင်ပို့နေသည့် မလေးရှားနိုင်ငံ၌လည်း အသွားအလာကန့်သတ်သည့် ဆောင်ရွက်ချက်များကို ပြုလုပ်လာခဲ့ရာ လယ်ယာထွက်ကုန်များ သယ်ယူပို့ဆောင်ရေးအတွက် များစွာနှောင့်နှေးကြန့်ကြာမှုများ ဖြစ်ခဲ့ရကြောင်း မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

အရှေ့တောင်အာရှနိုင်ငံများအနက် ဖိလစ်ပိုင်နိုင်ငံသည် နှစ်စဉ်ဆန်တန်ချိန် (၁.၃) သန်းအား ပြည်ပမှတင်သွင်းနေရပြီး၊ ဘရူနိုင်းလ်နိုင်ငံကလည်း ၎င်း၏ ဆန်လိုအပ်ချက်၏ (၉၀) ရာခိုင်နှုန်းအား ပြည်ပမှ တင်သွင်းနေရပါသည်။ ထိုင်းနိုင်ငံနှင့် ဗီယက်နမ် နိုင်ငံတို့မှာ ကမ္ဘာပေါ်တွင် ဆန်အများဆုံးတင်ပို့သောနိုင်ငံများဖြစ်ကြကာ၊ ပြောင်းနှင့် ဂျုံတို့ကို အသားတင်တင်သွင်းသည့်နိုင်ငံများလည်းဖြစ်ကြပါသည်။

COVID-19 ကပ်ရောဂါပျံ့နှံ့ဖြစ်ပွားမှုက လုပ်သားနှင့် သွင်းအားစုများ ပြတ်လပ်မှုကြောင့် ကုန်စည်ထောက်ပံ့ရေးကွင်းဆက်များနှင့် စားနပ်ရိက္ခာလုံခြုံရေးအပေါ် ရေရှည် စိန်ခေါ်မှုများဖြစ်စေနိုင်ကြောင်း၊ ထို့ကြောင့် အာဆီယံအသိုက်အဝန်းများနှင့် စားရေရိက္ခာ စနစ်အပေါ် ဖြတ်တောက်မှုများ အနည်းဆုံးဖြစ်စေရန်နှင့် ကုန်စည်ထောက်ပံ့ ရေးကွင်းဆက်များ တည်ငြိမ်စေရန် အစိုးရများနှင့် လုပ်ငန်းများအကြား ခိုင်မာသောအားထုတ်မှုများပြုလုပ်ကြရန်လိုအပ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ အကဲဖြတ်ဆန်းစစ် သည့်အဖွဲ့အစည်းတစ်ခုဖြစ်သော  PwC က ပြီးခဲ့သည့်လအတွင်း အစီရင်ခံစာတစ်စောင်ထုတ်ပြန် ထားပါသည်။

ကပ်ရောဂါမဖြစ်ပွားမီခန့်မှန်းချက်များအရ ၂၀၃၀ ပြည့်နှစ်တွင် အာဆီယံမြို့တော်များဆီသို့ လူဉီးရေမှာ သန်း (၉၀) ကျော်ပြောင်းရွှေ့နေထိုင်လာနိုင်မည်ဖြစ်ပြီး၊ အစား အသောက်ဝယ်ယူမှုများမှာ အမေရိကန်ဒေါ်လာ (၁.၅) ထရီလီယံသို့ ရောက်ရှိနိုင်ပါမည်။ တိုးတက်လာသော လူဉီးရေက ပိုမိုစိတ်ချလုံခြုံသော၊ ကျန်းမာရေးနှင့် ပိုမိုညီညွတ်သော၊ ပိုမိုရေရှည်တည်တံ့သော စားနပ်ရိက္ခာထောက်ပံ့မှုများကို တောင်းဆိုလာကြနိုင်ပါသည်။  တစ်ဖက်တွင်လည်း မြို့ပြအဖြစ်ပြောင်းလဲခြင်းနှင့် ရာသီဉတု ပြောင်းလဲမှုများ ကြောင့် စိုက်ပျိုးမြေများ လျော့နည်းလာခြင်း၊  လူငယ်လူရွယ်များ မြို့ပြသို့ပြောင်းရွှေ့အခြေချလာကြသဖြင့် ကျေးလက်တွင် လုပ်သားရှားပါးလာခြင်း၊ အထွက်နှုန်းများတန့်ခြင်းစသည်တို့ကိုလည်း ကြုံတွေ့လာရနိုင်ပါသည်။

ယခုကဲ့သို့ ကပ်ရောဂါဖြစ်ပွားလိုက်ခြင်းမှာ သွင်းကုန်အပေါ် မှီခိုနေရမှုများကို လျှော့ချရန် တပ်လှန့်နှိုးဆော်သကဲ့သို့ဖြစ်ကာ၊ ယခုရရှိသောသင်ခန်းစာများအပေါ် အခြေခံလျက် ရေရှည်ဖွံ့ဖြိုးတိုးတက်မည့်နည်းလမ်းများကို အစိုးရများနှင့် လုပ်ငန်းများက စဉ်းစားရန်အလွန်အရေးကြီးသည့် အချိန်ကာလသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်း)

ရင်းမြစ်၊ China Daily  (၁၁-၅-၂၀၂၀)

Category: China(Nanning)