Korea

COVID-19 ဖြစ်ပွားမှုနှင့် ကမ္ဘာ့ရေနံစျေးကွက် ပြိုလဲမှုတို့ကြောင့် ကိုရီးယားသမ္မတနိုင်ငံ၏ အဓိကစက်မှုကုန်ထုတ်လုပ်ငန်းများနှင့် ပို့ကုန်ကဏ္ဍကို ကြီးစွာထိခိုက်လာနိုင်ခြင်း

Last Updated:

ကမ္ဘာ့ရေနံစျေးနှုန်းများကျဆင်းနေမှုကြောင့် ကိုရီးယားသမ္မတနိုင်ငံ၏ ပို့ကုန်ကဏ္ဍနှင့် အဓိကစက်မှုကုန်ထုတ်လုပ်ငန်းများသည် အခက်အခဲများ ပိုမိုကြုံတွေ့ဖွယ်ရှိကြောင်း စျေးကွက်စောင့်ကြည့်သူများက သုံးသပ်လျက်ရှိကြပါသည်။ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှု၏ ရေနံစျေးကွက်အပေါ် ရိုက်ခတ်မှုများကြောင့် ဝယ်လိုအားမရှိဘဲ ရေနံထုတ်လုပ်မှုက ပိုမိုများပြားနေသဖြင့် သိုလှောင်ရန်နေရာလုံလောက်မှုမရှိခြင်းကြောင့် ၂၁−၄−၂၀၂၀ ရက်နေ့ နံနက်ပိုင်းတွင် အမေရိကန် ရေနံစိမ်း တစ်စည်လျှင် အမေရိကန် ဒေါ်လာ (၁၈) မှသည် (−၃၈) (အနုတ် ၃၈) သို့ နာရီပိုင်းအတွင်း ကျဆင်းခဲ့ကြောင်း၊ ထို့နောက် နေ့လည်ပိုင်းတွင် အမေရိကန်ဒေါ်လာ (၁)အထက်သို့ အနည်းငယ် ပြန်လည်တိုးတက်လာခဲ့ကြောင်း ကမ္ဘာ့ရေနံသမိုင်းတွင် အဆိုးရွားဆုံးစျေးနှုန်း ကျဆင်းမှု အဖြစ် လေ့လာတွေ့ရှိရပါ သည်။

ဤအဖြစ်အပျက်သည် ပို့ကုန်အပေါ်တွင် အဓိကရပ်တည်လျက်ရှိသော အာရှဒေသ၏ စတုတ္ထမြောက်စီးပွားရေးအင်အားကြီးနိုင်ငံဖြစ်သည့် တောင်ကိုရီးယားနိုင်ငံကို များစွာတုန်လှုပ်စေခဲ့ကြောင်း၊ ရေနံစျေးနှုန်းကျဆင်းခြင်းသည် အများအားဖြင့် ပို့ကုန် တန်ဖိုးကိုကျဆင်းစေသဖြင့် ပမာဏအားဖြင့်လုံလောက်စွာ တင်ပို့နိုင်သည့်တိုင် ပို့ကုန်တန်ဖိုးကျဆင်းမည်ဖြစ်ကြောင်း၊ တောင်ကိုရီးယား၏ ပို့ကုန်ကဏ္ဍသည် COVID-19 ၏ရိုက်ခတ်မှုကြောင့် ဧပြီလအတွင်း ပိုမိုကျဆင်းနိုင်ကြောင်း  ကြိုတင်ခန့်မှန်း ထားခဲ့ပြီးဖြစ်သော်လည်း ကမ္ဘာ့ရေနံစျေးကျဆင်းမှုပါ ထပ်မံတွေ့ကြုံလာရသည့်အခါ အနာဂတ်ပို့ကုန်ကဏ္ဍအရေးသည် ရင်လေးဖွယ်ဖြစ်ပါကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်လျက် ရှိကြပါသည်။

တောင်ကိုရီးယား ထိပ်တန်းစွမ်းအင်ကုမ္ပဏီများဖြစ်သော SK Innovationနှင့် S-Oil တို့ သည်ပင်လျှင် ယခုကဲ့သို့အခြေအနေမျိုးတွင် အထိနာနိုင်ပြီး၊ ယခုနှစ် ဒုတိယသုံးလပတ်ကာလထိတိုင် စီးပွားရေးအနုတ်ပြနိုင်ကြောင်း၊ ဆောက်လုပ်ရေးကဏ္ဍအနေဖြင့် ကမ္ဘာ့ရေနံစျေးနှုန်းများ ကျဆင်းခြင်းကြောင့် အရှေ့အလယ်ပိုင်းဒေသမှ ဆောက်လုပ်ရေးဆိုင်ရာ အမှာစာများကို ဆိုင်းငံ့နိုင်သဖြင့် ပို့ကုန်ပိုင်းတွင်ထိခိုက်လာနိုင်ပြီး ဒုတိယသုံးလပတ်အပြီးတွင် ပိုမိုကျဆင်းလာနိုင်ကြောင်း၊ အရှေ့အလယ်ပိုင်းဒေသသည် ပြည်ပဆောက်လုပ်ရေးစီမံကိန်းကြီးများရှိခြင်းကြောင့် တောင်ကိုရီးယား၏ ဆောက်လုပ်ရေးကဏ္ဍပို့ကုန်အတွက် အဓိကအားထားရသည့် စျေးကွက်တစ်ခုဖြစ်ပြီး အရှိန်ရကာစပြုလာသည့် ဆောက်လုပ်ရေးပစ္စည်းတင်ပို့မှုစျေးကွက်သည် COVID-19 ဖြစ်ပွားမှုနှင့် ရေနံစျေးနှုန်း ကျဆင်းမှုတို့ကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဒုတိယသုံးလပတ်အလွန်တွင် ကျဆင်းရန် အလားအလာများ ရှိနေကြောင်း၊ အလားတူ ကမ်းလွန်ရေနံတွင်းတူးရန်နှင့် သဘာဝဓါတ်ငွေ့သယ်ယူ ပို့ဆောင်ရေးများတွင် နှောင့်နှေးမှုများ ရှိလာနိုင်သဖြင့် သင်္ဘောတင်ပို့နိုင်မှုကဏ္ဍတွင်လည်း ကာတာနိုင်ငံနှင့် မိုဇမ်ဘစ်နိုင်ငံတို့မှ ဝယ်လိုအားများ လျော့ကျသွားနိုင်ကြောင်း စီးပွားရေးရာလေ့လာဆန်းစစ်သူများက ခန့်မှန်းသုံးသပ်လျက်ရှိကြပါသည်။

Korea International Oil Corporation ၏ Opinet Website တွင်ဖော်ပြထားသော သဘာဝဓါတ်ငွေ့စျေးနှုန်းသတင်းအချက်အလက်များအရ ၂၁−၄−၂၀၂၀ ရက်နေ့၊ နံနက်ပိုင်း ၉ နာရီ အချိန်တွင် (၁၁၁၃.၇ ဝမ်) (အမေရိကန်ဒေါ်လာ ၀.၉၅) ဖြစ်ကြောင်း၊ ယမန်နေ့ကထက် (၃.၆) ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ ၂၀၂၀ ပြည့်နှစ် နှစ်ဦးပိုင်းစျေးနှုန်းအောက် (၂၀) ရာခိုင်နှုန်း ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။ ယင်းအချက်ကိုကြည့်ခြင်းဖြင့် အနာဂတ်တွင်လည်း ဆက်လက်ကျဆင်းမည့် အလားအလာများကို တွေ့မြင်ရလျက်ရှိပါသည်။

ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ကမ္ဘာ့နိုင်ငံအများစုမှ နိုင်ငံအဝင်/အထွက် နယ်နိမိတ် ကန့်သတ်မှုများဆောင်ရွက်ကြရာ၊ ပို့ဆောင်ရေးကဏ္ဍရပ်ဆိုင်းမှုမှသည် ကုန်သွယ်မှုကဏ္ဍကို ထိခိုက် လာပြီဖြစ်ပါသည်။  ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်နေ့ မှ ၂၀ ရက်နေ့အတွင်း တောင်ကိုရီးယား၏ ပို့ကုန်တင်ပို့နိုင်မှုသည် အမေရိကန်ဒေါ်လာ (၂၁.၇) ဘီလီယံဖြစ်၍ ယခင်နှစ်ကာလတူထက် (၂၇) ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၂၅.၁) ဘီလီယံဖြစ်သဖြင့် ယခင်နှစ်ကာလတူထက် (၁၈.၆)ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ၊ အကောက်ခွန် ဝန်ဆောင်မှုဌာနမှထုတ်ပြန်သော ကုန်သွယ်မှုသတင်းအချက်အလက်များအရ သိရှိရပါသည်။

ထို့ပြင် နေ့စဉ်ပို့ကုန်တင်ပို့နိုင်မှု ပျှမ်းမျှနှုန်းအနေဖြင့် ယခင်နှစ်ကာလတူထက် (၁၆.၈) ရာခိုင်နှုန်း ကျဆင်းလျက်ရှိကြောင်း၊ ကဏ္ဍအလိုက်အနေဖြင့် အဓိကပို့ကုန်ဖြစ်သော Memory Chips သည် (၁၄.၉) ရာခိုင်နှုန်း၊ ရေနံထွက်ပစ္စည်းများတင်ပို့နိုင်မှုတွင် (၅၃.၅) ရာခိုင်နှုန်း ၊ မော်တော်ယာဉ် များနှင့် မော်တော်ယာဉ်အပိုပစ္စည်းများတင်ပို့နိုင်မှုတို့တွင် (၂၈.၅) ရာခိုင်နှုန်းနှင့် (၄၉.၈) ရာခိုင်နှုန်း ဖြင့်အသီးသီးကျဆင်းခဲ့ပါကြောင်း၊ နိုင်ငံအလိုက်အနေဖြင့် အမေရိကန်နိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သို့ တင်ပို့ နိုင်မှုတွင်  (၁၇) ရာခိုင်နှုန်းဝန်းကျင်ကျဆင်းခဲ့ကြောင်း၊ ထို့ပြင် European Union သို့  (၃၂.၆) ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံသို့  (၃၉.၅) ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကြောင်း သိရှိရပါသည်။ 

တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်သည် ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ယခင်နှစ်ကာလတူထက် (၀.၂) ရာခိုင်နှုန်းသာ လျော့နည်းခဲ့သော်လည်း၊ ယခု ဧပြီလတွင် လွန်စွာကျဆင်းလျက်ရှိကြောင်း၊ ယခုနှစ်သည် ၁၉၃၀ ပြည့်နှစ် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကျ ဆင်းမှုပြီးသည့်နောက် အဆိုးရွားဆုံးနှစ်ဖြစ်သဖြင့် ကမ္ဘာ့စီးပွားရေးသည် (၃)ရာခိုင်နှုန်း ကျဆင်းနိုင်ပြီး၊ တောင်ကိုရီးယား၏ စီးပွားရေး တိုးတက်မှုနှုန်းသည် (၁.၂) ရာခိုင်နှုန်း ကျဆင်းနိုင်သည်ဟု အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund-IMF)က ခန့်မှန်းထားပါသည်။ တောင်ကိုရီးယား၏ စီးပွားရေး တိုးတက်မှုနှုန်းသည် ၂၀၁၉ ခုနှစ်တွင် (၂) ရာခိုင်နှုန်းရှိခဲ့သဖြင့် ယခုနှစ်တွင် (၁) ရာခိုင်နှုန်းအောက်သို့ပင် ရောက်နိုင်သည့်အနေအထား ဖြစ်ပါသည်။

 

 

( မြန်မာစီးပွားရေးသံမှူး၊ ကိုရီးယားနိုင်ငံ)

Category: Korea