Thailand

FTA နှင့်GSP အခွင့်အရေး အသုံးချမှု ပထမ(၇)လအတွင်းကျဆင်းခဲ့

Last Updated:

လွတ်လပ်သောကုန်သွယ်မှုဆိုင်ရာသဘောတူညီချက် Free Trade Agreement(FTA)နှင့် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးပေးသောစနစ်(GSP)တို့အား အသုံးချမှုသည် ကပ်ရောဂါကြောင့် နိုင်ငံ၏ ပို့ကုန်တင်ပို့မှုကျဆင်းမှုနှင့်အတူ ၂၀၂၀ခုနှစ်ပထမ(၇)လတွင် နှစ်အလိုက်၌(၁၄.၈%) ကျဆင်းခဲ့ကြောင်းသိရှိရပါသည်။

နိုင်ငံခြားကုန်သွယ်မှုဌာနက ယမန်နေ့(၂၆.၁၀.၂၀၂၀ရက်နေ့)၌ ပြောကြားရာတွင် FTA နှင့် GSP ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးများအသုံးပြုမှုသည် ဇန်နဝါရီလမှ ဇူလိုင်လအထိ စုစုပေါင်း အမေရိကန် ဒေါ်လာ(၃၅.၄)ဘီလီယံရှိကြောင်း ပြောကြားခဲ့ပါသည်။ FTA အခွင့်အရေး အသုံးချမှုအနေဖြင့် ပထမ(၇)လအတွင်း အမေရိကန်ဒေါ်လာ(၃၂.၉)ဘီလီယံ ရှိခဲ့ပြီး ၎င်းမှာ နှစ်အလိုက်တွင် (၁၅.၉%)ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ GSP အထူးအခွင့်အရေး အသုံးပြုမှု ပို့ကုန် တင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ(၂.၅၄)ဘီလီယံရှိခဲ့ပြီး ၎င်းမှာ(၂.၆၁%)ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

FTA အခွင့်အရေးအသုံးချ၍ ပို့ကုန်တင်ပို့သည့် ထိပ်တန်းဈေးကွက်(၅)ခုမှာ တရုတ်၊ အာဆီယံ၊ ဂျပန်၊ ဩစတြေးလျ နှင့် အိန္ဒိယ တို့ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါကာလအတွင်း ထိုင်း-တရုတ် FTA အသုံးချမှုအနေဖြင့် အမေရိကန် ဒေါ်လာ(၁၁.၂)ဘီလီယံရှိခဲ့ပြီး၊ ထိုင်း-အာဆီယံ FTA အသုံးချမှုမှာ အမေရိကန်ဒေါ်လာ(၁၀.၈)ဘီလီယံ ရှိခဲ့ကြောင်းသိရှိရပါသည်။ ထိုင်း-ဂျပန် အထူးအခွင့်အရေး အသုံးချမှုမှာ အမေရိကန်ဒေါ်လာ (၃.၈၉)ဘီလီယံ ရှိခဲ့ကြောင်း သိရှိရပါသည်။

ထိုင်း-ဩစတြေးလျ နှင့် ထိုင်း-အိန္ဒိယ FTA အထူးအခွင့်အရေးအသုံးချမှုမှာ အမေရိကန်ဒေါ်လာ(၃.၄၂)ဘီလီယံနှင့် (၁.၇၈)ဘီလီယံ အသီးသီးရှိခဲ့ကြောင်း သိရှိရပါသည်။ FTA အခွင့်အရေးအား အများဆုံးအသုံးချခဲ့သည့် ထိပ်တန်း FTAs များမှာ ထိုင်း-ချီလီFTA (၁၀၀%)၊ အာဆီယံ-တရုတ် FTA(၉၁.၆%)၊ ထိုင်း-ပီရှူး FTA(၈၉.၆%)၊ ထိုင်း-ဂျပန် FTA(၈၈.၈%)၊ အာဆီယံ-တောင်ကိုရီးယား FTA(၇၂%) တို့ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံအနေဖြင့် ထိုင်း-နယူးဇီလန် FTA မပါဝင်သေးဘဲ စုစုပေါင်း FTA(၁၁) ခုရှိကြောင်း၊ ၎င်းတွင်ပင် ယင်းနိုင်ငံထုတ်ကုန်ဖြစ်ကြောင်း သက်သေအထောက်အထားအတွက် ကိုယ်တိုင်ကြေငြာရန်လိုအပ်ကြောင်း၊ အာဆီယံ-ဟောင်ကောင် FTA အောက်တွင် ထိုင်းနိုင်ငံမှ ကုန်ပစ္စည်းအများစုအပေါ် သွင်းကုန်ခွန်ကောက်ခံမှုကို သဘောတူညီချက် မတိုင်ခင် ကင်းလွတ်သက်သာခွင့်ပြုပေးခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံခြားကုန်သွယ်မှုဌာန၏ ပြောကြားချက်အရ အမေရိကန်အနေဖြင့် GSP အသုံးပြုမှုကို အမြင့်ဆုံးနှုန်းဖြင့်ဆက်လက်ထိန်းသိမ်းထားပြီး အမေရိကန်ဒေါ်လာ(၂.၂၄)ဘီလီယံ အထိတိုးတက်လာခဲ့ပြီး (၀.၄၉%) မြင့်တက်လာခဲ့ကြောင်း၊ ၎င်းနောက်တွင် ဆွစ်ဇာလန်အနေဖြင့် (အမေရိကန် ဒေါ်လာသန်း(၂၀၀)ဖြင့်)ရှိနေပြီး(၂၉.၂%)တိုးတက်လာခဲ့ကြောင်း၊ ရုရှားနှင့် ဓနသဟာယနိုင်ငံများ (CIS)တို့အနေဖြင့် အမေရိကန်ဒေါ်လာ (၈၄.၆)ဘီလီယံ ရှိခဲ့ပြီး (၄.၉၂%) တိုးတက်ခဲ့ကြောင်း၊ နော်ဝေ အနေဖြင့် အမေရိကန်ဒေါ်လာ(၁၈.၅)ဘီလီယံ ရှိခဲ့ပြီး (၃၄.၇%)တိုးတက်လာခဲ့ကြောင်း သိရှိရပါသည်။

GSP အခွင့်အရေးကို အမေရိကန်၊ ဆွစ်ဇာလန်၊ ရုရှားနှင့် ဓနသဟာယနိုင်ငံများ၊ နော်ဝေ တို့နှင့် ကုန်သွယ်မှုပြုရာတွင် အသုံးပြုကြောင်း၊ ယခင်နှစ်က ဂျပန်နိုင်ငံမှ ထိုင်းထုတ်ကုန်များအတွက် အထူးအခွန်ကင်းလွတ်ခွင့်ကိုဖယ်ရှားခဲ့ကြောင်း သိရှိရပါသည်။ GSP အထူးအခွင့်အရေးကို အများဆုံးအသုံးပြုသည့် ကုန်ပစ္စည်းများမှာ ရာဘာလက်အိတ်များ၊ ပြုပြင်ထားသောအစားအစာများ၊ လေအေးပေးစက် အစိတ်အပိုင်းများ၊ အရက်မဟုတ်သောအချိုရည်များ၊ Citric Acid နှင့် Optical မှန်ဘီလူးများတို့ ဖြစ်ကြပါသည်။ ဉီးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Keerati Rushchano က FTA အခွင့်အရေးကို အသုံးချမှုနည်းပါးသော်လည်း အစားအစာ၊ အဖျော်ယမကာများနှင့် ပြုပြင်ထုတ်လုပ်ထားသည့် လယ်ယာထုတ်ကုန်များတင်ပို့မှုမှာ အားကောင်းနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံအနေဖြင့် အထူးအားဖြင့် အစားအစာ၊ အဖျော်ယမကာနှင့်ပြုပြင်ထားသည့် လယ်ယာထုတ်ကုန်များ၏ ထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့မှုများအတွွက် အလားအလာမှာ ကောင်းနေဆဲဖြစ်ကြောင်း Mr.Keerati ကပြောကြားခဲ့ကြောင်းသိရှိရပါသည်။

 

( မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand