Germany

German Coffee Association နှင့် တွေ့ဆုံဆွေးနွေး

Last Updated:

ဟမ်းဘတ်မြို့အခြေစိုက် German Coffee Association မှ General Manager ဖြစ်သူ Mr. Holger Preibisch နှင့် ဂျာမနီရှိ မြန်မာသံရုံးမှ စီးပွားရေး သံမှူးတို့ ၂၉-၈-၂၀၂၂ ရက်နေ့တွင် Zoom meeting ဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲမတိုင်မီ German Coffee Association ဘက်မှ တောင်းဆိုချက်အရ စီးပွားရေးသံမှူးက မြန်မာကော်ဖီ product profile နှင့် မြန်မာနိုင်ငံမှ အီးယူနိုင်ငံများနှင့် ဂျာမနီနိုင်ငံသို့တင်ပို့သည့် ပို့ကုန် အချက်အလက်များကို ပေးပို့ထားခဲ့ပါသည်။

ဆွေးနွေးပွဲတွင် စီးပွားရေးသံမှူးက မြန်မာနိုင်ငံအနေဖြင့် အာရေဗီကာနှင့် ရိုဘတ်စတာကော်ဖီများကို တစ်နှစ်ပျမ်းမျှ တန်ချိန် (၇၀၀၀) ခန့် ထုတ် လုပ်နိုင်ပြီး ပို့ကုန်အနေဖြင့်ပျမ်းမျှ တန်ချိန် (၈၀၀) မှ (၁၀၀၀) အကြား တင်ပို့နေခြင်းရှိကြောင်း၊ အာရှနိုင်ငံများ အမေရိကန်နိုင်ငံနှင့် အီးယူနိုင်ငံများ သို့ဖြစ်ကြောင်း၊ အီးယူနိုင်ငံများသို့ တင်ပို့မှုသည် တိုးတက်လာသော်လည်း ဂျာမနီနိုင်ငံသို့တင်ပို့မှုသည် ၂၀၁၈ ခုနှစ်မှစ၍ လျော့ကျလာခြင်းရှိ ကြောင်း၊ အီးယူနိုင်ငံများအနက် ဘယ်လ်ဂျီယမ်နိုင်ငံက အများဆုံးတင်သွင်းနေသည်ကို တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံ၏ ရေမြေသဘာဝနှင့် ရာသီ ဥတုအခြေအနေများ၊ Cupping results များ မြင့်မားကောင်းမွန်မှုအရ အထူးတန်းဝင် အရည်အသွေးမြင့် Specialty Coffee များကို ၂၀၁၄-၂၀၁၅ ခုနှစ်လောက်မှစ၍ ထုတ်လုပ်နိုင်ပြီး Development Projects များ၏ ပံ့ပိုးကူညီမှုများကလည်း ဈေးကွက်ဝင်ရောက်နိုင်ရန် များစွာအထောက်အပံ့ ပေးခဲ့ကြောင်း၊ မြန်မာကော်ဖီအသင်းကိုလည်း ဖွဲ့စည်းထားရှိပြီး အသင်းကဦးဆောင်၍ ယခုနှစ် ဇွန်လအတွင်း အီတလီနိုင်ငံ၊ မီလန် Coffee Expo ပွဲတွင် မြန်မာကော်ဖီကုမ္ပဏီများ ဝင်ရောက်ပြသခဲ့ကြကြောင်း၊ Specialty Coffee ကို ဂျပန်၊ ကိုရီးယား၊ အမေရိကန်နိုင်ငံနှင့် အီးယူနိုင်ငံများသို့ တင်ပို့နေကြောင်း၊ ဂျာမနီနိုင်ငံတွင်လည်း Specialty Coffee သောက်သုံးမှုကို ပိုမိုနှစ်ခြိုက်လာကြသည်ကို သိရှိပါကြောင်း၊ ဂျာမနီနိုင်ငံသို့ တင်ပို့နိုင် မှုအတွက် ချိတ်ဆက်ဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ အကြံပြုချက်များရှိပါက ပံ့ပိုးပေးစေလိုကြောင်း ဆွေးနွေးပြောကြားပါသည်။

ဂျာမန်ကော်ဖီအသင်းမှ Mr. Holger Preibisch က ဂျာမနီနိုင်ငံသည် ကော်ဖီဈေးကွက်ကြီးမားပြီး အမေရိကန်နိုင်ငံပြီးလျှင် ကမ္ဘာ့ဒုတိယအကြီးဆုံး ကော်ဖီတင်သွင်းသူနှင့် ဥရောပတွင် အများဆုံးတင်သွင်းသူဖြစ်ကြောင်း၊ နှစ်စဉ်ပျမ်းမျှတန်ချိန် (၁၀) သန်းခန့် တင်သွင်းနေကြောင်း၊ မြန်မာနိုင်ငံ၏ ကော်ဖီဈေးကွက်ဝေစုသည် နည်းပါးနေပြီး ၂၀၁၇ ခုနှစ်နောက်ပိုင်း အီးယူနိုင်ငံများသို့ တင်ပို့မှုတိုးတက်လာသော်လည်း ဂျာမနီနိုင်ငံသို့တင်ပို့မှု ကျဆင်းလာခြင်းအတွက် အဖြေရှာစဉ်းစားရန်လိုအပ်ကြောင်း၊ မိမိတို့အသင်းအနေဖြင့် အဖွဲ့ဝင်များနှင့် ဂျာမန်ကော်ဖီလုပ်ငန်းကဏ္ဍအတွက် မူဝါဒ၊ ဥပဒေရေးရာ၊ နည်းပညာနှင့် ထုတ်ကုန်အရည်အသွေးပိုင်း၊ ဈေးကွက်သုတေသနပိုင်း၊ သင်တန်းနှင့် ဆွေးနွေးပွဲများ စသည်တို့တွင် ပံ့ပိုးပေးနေပြီး ကုန်သွယ်မှုပိုင်း၊ ဈေးကွက်ဝင်ရောက်မှုပိုင်းနှင့်ပတ်သက်၍ ဂျာမနီနိုင်ငံအခြေစိုက် Coffee trading houses များနှင့် ချိတ်ဆက်ဆောင်ရွက်ရန် အကြံပြုလိုကြောင်း၊ ဆက်သွယ်ရမည့် Contacts များပေးပို့ပေးမည်ဖြစ်ကြောင်း၊ အဆိုပါ trading houses များသည် Specialty Coffee ကို အလေးထားလုပ်ကိုင်နေကြသူများလည်းဖြစ်ပြီး အီးယူကော်ဖီလုပ်ငန်းအများစုနှင့် ချိတ်ဆက်ဆောင်ရွက်နေကြသူများလည်းဖြစ်ကြောင်း၊ အာရှ ဒေသတွင် ဗီယက်နမ်နိုင်ငံသည် အီးယူဒေသသို့ ကော်ဖီအများဆုံးတင်ပို့သူဖြစ်သော်လည်း အရည်အသွေးပိုင်းတွင် မြန်မာနိုင်ငံကဲ့သို့ အထူးတန်းဝင် မဟုတ်ဘဲ ကွာခြားမှုရှိသည်ဟု ယူဆကြောင်း ဆွေးနွေးပြောကြားပါသည်။

ဆက်လက်၍ ဂျာမနီနိုင်ငံ၏ ကော်ဖီဈေးကွက်အခြေအနေနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြရာ Certification လိုအပ်ချက်သည် ဈေးကွက်အလိုက် အမျိုးမျိုးကွာခြားကြောင်း၊ ဂျာမနီနိုင်ငံကော်ဖီ ဈေးကွက်တွင် Fairtrade Certificate သည် ၅ ရာခိုင်နှုန်း၊ Rainforest Certificate သည် ၁၀ ရာခိုင် နှုန်းခန့်နှင့် အော်ဂဲနစ် Certificate သည် ၃ ရာခိုင်နှုန်းခန့်သာ နေရာယူထားကြောင်း၊ ယေဘူယျအားဖြင့် ဂျာမနီနိုင်ငံရှိ ကော်ဖီထုတ်ကုန်အများစု သည် Certificate ကို များစွာအသုံးပြုမှုမရှိကြကြောင်း၊ Specialty Coffee အတွက်မူ အများအားဖြင့် Certification လိုအပ်ချက်အတွက် သီးခြား သတ်မှတ်မှုမျိုးမရှိကြဘဲ အရည်အသွေးကောင်းမွန်မှုကိုသာ အဓိကထားကြကြောင်း၊ ဂျာမန်စားသုံးသူများက Specialty Coffee ကို ပိုမိုသောက် သုံးလာကြပြီး ထုတ်လုပ်သူ Small roasters ပေါင်း (၁၀၀၀) ခန့်ရှိပြီး Specialty Coffee သည် ကော်ဖီဈေးကွက်ဝေစု၏ ၇ ရာခိုင်နှုန်းရှိကြောင်း၊ ဂျာမနီနိုင်ငံတွင် ကော်ဖီသောက်သုံးမှုမှာ တစ်နှစ်ပျမ်းမျှ တန်ချိန် (၄၅၀၀၀၀) ခန့်ရှိရာ Specialty Coffee ၇ ရာခိုင်နှုန်းရှိခြင်းကြောင့် ဈေးကွက် အလားအလာများစွာရှိကြောင်း၊ ဘရီမင်၊ ဟမ်းဘတ်၊ဘာလင်တို့တွင် roasting industry လုပ်ငန်းကြီးများ အဓိကလုပ်ကိုင်နေကြကြောင်း၊ ဂျာမန် ကော်ဖီလုပ်ငန်းများသည် နိုင်ငံအသီးသီးမှ ကော်ဖီအမျိုးအစားများကို ရောနှော၍ roasting နှင့် blending ပြုလုပ်ကြပြီး အရသာတစ်မျိုးတည်း ဖြစ်စေရန် နှစ်စဉ်ပြုလုပ်ကြကြောင်း၊ roasted coffee ကို တင်သွင်းခြင်းမပြုလုပ်ကြကြောင်း၊ Packaging အများစုတွင် country of origin ကို ဖော်ပြခြင်းမပြုကြဘဲ Specialty Coffee များတွင်သာ မြင်တွေ့နိုင်ကြောင်း ဆွေးနွေးသိရှိရပါသည်။

မြန်မာနိုင်ငံရွှေတောင်သူကော်ဖီအဖွဲ့မှ ထုတ်လုပ်သော Catuai အမျိုးအစား Dry Natural နှင့် fully washed ကော်ဖီနမူနာများကို စီးပွားရေးသံမှူး က မိတ်ဆက်ပြသခဲ့ရာ Mr. Holger Preibisch က Coffee houses များသို့ အဆိုပါနမူနာအထုပ်များပေးပို့၍ ဆက်သွယ်ဆောင်ရွက်ရန် အကြံပြုလို ကြောင်း၊ မြန်မာနိုင်ငံမှကော်ဖီသည် Specialty Coffee တန်းဝင်အမျိုးအစားအနေဖြင့် အရည်အသွေးပြည့်ဝစွာထုတ်လုပ်နိုင်ပြီး ပြည့်စုံကောင်းမွန်မှု ရှိသည်ကို သိရှိထားပါကြောင်း၊ ပိုမိုတိုးတက်ထုတ်လုပ် တင်ပို့စေလိုကြောင်း၊ မြန်မာကော်ဖီနှင့် ကော်ဖီစိုက်တောင်သူများအတွက် ဆုမွန်ကောင်း တောင်းပေးပါကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားပါသည်။ ဆွေးနွေးပွဲပြီးနောက် German Coffee Association က ဆက်သွယ်ဆောင်ရွက်ရ မည့် Coffee trading houses များစာရင်းကို ပေးပို့လာခဲ့ပြီး ဆက်လက် ဆက်သွယ်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

 

Category: Germany