Germany

Global Forum for Food and Agriculture(GFFA) ကျင်းပမည့်အစီအစဉ်

Last Updated:

Global Forum for Food and Agriuclture (GFFA) သည် ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေးနှင့်အစားအစာမူဝါဒများအတွက် အဓိကအရေးပါသည့် အခက်အခဲများ၊ ဆောင်ရွက်သင့်လုပ်ငန်း အစီအစဉ်များကို ဆွေးနွေးဖော်ထုတ်သည့် အပြည်ပြည်ဆိုင်ရာကွန်ဖရင့်ကြီးတစ်ခုဖြစ်ပြီး ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် International Green Week စိုက်ပျိုးရေးထုတ်ကုန်ပြပွဲနှင့်အတူ နှစ်စဉ်ကျင်းပလေ့ရှိပါသည်။ GFFA ကို ဖက်ဒရယ်အစားအစာနှင့် စိုက်ပျိုးရေးဝန်ကြီးဌာန (BMEL) ကဦးဆောင်၍ ဘာလင်အထက်လွှတ်တော်(Berlin Senate) ၊ ဘာလင်ပြပွဲများကျင်းပရေးဌာန(Messe Berlin) နှင့် GFFA Berlin အဖွဲ့တို့နှင့် ပူးပေါင်းကျင်းပခြင်းဖြစ်ပါသည်။ (၁၅) ကြိမ်မြောက် Global Forum for Food and Agriculture (GFFA) ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဘာလင်မြို့ City cute center တွင် ကျင်းပသွားမည်ဖြစ်ပါသည်။ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်များတွင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားမှုကြောင့် Virtual Event အနေဖြင့် ကျင်းပခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် Physical Event အနေဖြင့် ပြန်လည်ကျင်းပခြင်းဖြစ်ပါသည်။ 

GFFA ၂၀၂၃ တွင် နိုင်ငံတကာ နိုင်ငံရေး၊ စီးပွားရေး၊ သိပ္ပံနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ လာရောက်လေ့လာသူပေါင်း( ၂၀၀၀) ခန့်တွေ့ဆုံ ဆွေးနွေးကြရန် ခန့်မှန်းထားရှိပါသည်။ နိုင်ငံအလိုက်အဆင့်မြင့်စိုက်ပျိုးရေးဆိုင်ရာကိုယ်စားလှယ်များ၊ အီးယူကော်မရှင်၊ FAO၊ OECD၊ WTO စသည့် နိုင်ငံတကာအဖွဲ့အစည်းများပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ကာ ဆွေးနွေးဖော်ထုတ်ချက်များ၊ ဆောင်ရွက်သင့်သည့်လုပ်ငန်းအစီအစဉ်များကို ထုတ်ပြန်ကြေညာခြင်း ပြုလုပ်ကြပါသည်။ ထို့ပြင် ကျွမ်းကျင်ပညာရှင်များပါဝင်သည့် Panel ဆွေးနွေးပွဲများ၊ ဘာသာရပ်ဆိုင်ရာ ဖိုရမ်များကိုလည်း ကျင်းပ၍ ဆွေးနွေးဖလှယ်ကြပါသည်။

၂၀၂၃ ခုနှစ်အတွက် ဆွေးနွေးမှုခေါင်းစဉ်အနေဖြင့် Transforming Food Systems: A Global Response to Multiple Crises ကို ရွေးချယ်ထားပြီး နိုင်ငံများအကြား မိတ်ဘက်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရာတွင် ဖြစ်နိုင်ချေရှိသော နည်းလမ်းများနှင့် ဆွေးနွေးမှုများတိုးမြှင့်ရန်တို့ကို ရည်ရွယ်ကြောင်း၊ အထူးဆွေးနွေးမည့်အကြောင်းအချက်များအနေဖြင့် အစားအစာစနစ်များတွင် အကျပ်အတည်း တွေ့ကြုံရမှု၊ ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့်အစားအစာပုံစံ၊ ဘိုင်အိုနည်းစနစ်မျိုးစုံကို ကာကွယ်စောင့်ရှောက်နိုင်မှု၊ ရေရှည်တည်တံ့သည့်ကမ္ဘာလုံးဆိုင်ရာအစားအစာစနစ်များအတွက် ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေးတို့အတွက် ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)

Source: https://gffa-berlin.de/

             https://www.bmel.de/SharedDocs/Termine/EN/2023-01-18-21-gffa.html

Category: Germany