China (HongKong)

Huawei ၏ Executive ဖြစ်သူ Ms Meng Wanzhou အား လူစွမ်းကောင်းအဖြစ် ကြိုဆိုခဲ့ ကြခြင်း

Last Updated:

ကနေဒါနိုင်ငံ၌ (၃) နှစ်ခန့် ထိန်းသိမ်းခံထားရသော Huawei နည်းပညာ ကုမ္ပဏီ၏ Executive ဖြစ်သူ Ms Meng Wanzhou သည် ၂၅-၉-၂၀၂၁ ရက်နေ့တွင် တရုတ်နိုင်ငံသို့ ပြန်လည် ရောက်ရှိလာကြောင်း ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ထုတ် Sunaday Morning Post သတင်းစာ၌ “Heor’s Welcome For Meng Wanzhou” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါ သည်။

အဆိုပါ သတင်းဆောင်းပါး၌ Ms Meng Wanzhou က သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ရာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖျင်သည်တရုတ်နိုင်ငံသားများ၏ ဘေးကင်းလုံခြုံမှုနှင့်ပတ်သက်၍ ၎င်း၏အခြေအနေအား သမ္မတရှီကျင့်ဖျင်မှ ထည့်သွင်းစဉ်းစားမှုအပေါ်လည်း နက်ရှိုင်းစွာ ခံစားရကြောင်း၊ Ms Meng Wanzhou တရုတ်နိုင်ငံသို့ ပြန်လည်‌ရောက်ရှိလာမှုသည် တရုတ်နိုင်ငံအစိုးရ၏ မနားမနေ ကြိုးစားအားထုတ်မှု၏ အကျိုးရလဒ်ဖြစ်ကြောင်း၊ Ms. Meng Wanzhou သည် အမေရိကန်နိုင်ငံ လိမ်လည်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ကနေဒါနိုင်ငံ  Vancouver ၌ တရားဥပဒေအရ (၃) နှစ်ခန့် ထိန်းသိမ်းခံခဲ့ရပြီး ၂၄-၉-၂၀၂၁ ရက်နေ့တွင် နယူးယောက်မြို့ရှိ အစိုးရရှေ့နေနှင့် ညှိနှိုင်းဆွေးနွေးပြီးနောက် တရုတ်နိုင်ငံသို့ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ Ms.Meng Wanzhou အား တရုတ်နိုင်ငံ၏လူစွမ်းကောင်းအမျိုးသမီးအနေဖြင့် ရေးသားဖော်ပြလျက်ရှိ ကြောင်း ရေးသားဖော်ပြထားပါသည်။

Ms. Meng Wanzhou လွတ်မြောက်လာမှုမှာ တရုတ်နိုင်ငံ၏အင်အားကြီးမှုကိုပြသလျက်ရှိကြောင်း၊ ကနေဒါနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး Mr. Cong Peiwu သည် Vancouver မှ ထွက်ခွာလာသည့် လေယာဉ်၌ Ms. Meng Wanzhou နှင့်အတူ လိုက်ပါခဲ့ကြောင်း၊ ယခုကဲ့သို့ တရုတ်နိုင်ငံ၏ အဆင့်မြင့်နည်းပညာလုပ်ငန်းအပေါ် ဖိအားများပေးခြင်းမှာ တရုတ်နိုင်ငံသားများ အားနိုင်ငံရေးအရနှိပ်ကွပ်မှုဖြစ်ကြောင်း သိသာပေါ်လွင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံမှ ထိန်းသိမ်းထားသော ကနေဒါနိုင်ငံသား (၂) ဦးအား တရုတ်နိုင်ငံမှ ပြန်လည်လွှတ်ပေးခဲ့သော်လည်း တရုတ်နိုင်ငံသတင်း မီဒီယာများတွင် ရေးသားဖော်ပြထားခြင်းမရှိကြောင်း၊ သို့သော် ၎င်းတို့ (၂) ဦးမှာ ရာဇဝတ်မှုဖြစ်စဉ်ကြောင့် အရေးယူခံကြရခြင်းဖြစ်ပြီး Ms. Meng Wanzhou ထိန်းသိမ်းခံရခြင်း နှင့် အခြေအနေ တူညီမှုမရှိကြောင်း၊ ၎င်းထိန်းသိမ်းခံရခြင်းမှာ နိုင်ငံရေးနှင့် ပတ်သက် ဆက်စပ်လျက်ရှိပြီး ပြန်လည် လွတ်မြောက်လာခြင်းမှာ ပေကျင်း၏ ကြိုးပမ်းအားထုတ်မှုကြောင့်ဖြစ်ကြောင်း  ရေးသားဖော်ပြထားပါသည်။

 

 

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)