Germany

IMF က ဂျာမနီနှင့် အီတလီနိုင်ငံတို့ စီးပွားရေးအလားအလာများကို ခန့်မှန်း

Last Updated:

International Monetary Fund (IMF) က ၂၀၂၃ ခုနှစ်တွင် G7 အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဂျာမနီနှင့် အီတလီနိုင်ငံတို့ စီးပွားရေးကျဆင်းနိုင်မှု ရှိကြောင်း၊ ရုရှားနိုင်ငံမှ ဓါတ်ငွေ့ရရှိမှုဖြတ်တောက်ခြင်းနှင့် စွမ်းအင်ဈေးနှုန်းမြင့်မားမှုများက များစွာသက်ရောက်မှုရှိစေမည်ဖြစ်ကြောင်း၊ ၁၁-၁၀- ၂၀၂၂ ရက်နေ့က ခန့်မှန်းထုတ်ပြန်လိုက်ပါသည်။

၂၀၂၃ ခုနှစ်၌ စီးပွားရေးတိုးတက်မှုနှုန်းမှာ ဂျာမနီနိုင်ငံအတွက် ယခင်ခန့်မှန်းထားသည့် ၀.၈ ရာခိုင်နှုန်းမှ  ၀.၃ ရာခိုင်နှုန်းသို့လည်းကောင်း၊ အီတလီ နိုင်ငံအတွက် ၀.၂ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီးလျော့နည်းခန့်မှန်းထားရှိပါသည်။ မူလက ယူရိုဇုန်ဒေသအနေဖြင့် စီးပွားရေးကျဆင်းနိုင်မှု ကို ရှောင်လွှဲနိုင်ရန် မျှော်မှန်းထားရှိပြီး ယူရိုငွေကြေးအသုံးပြုသည့် နိုင်ငံ (၁၉) နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းကို ၀.၅ ရာခိုင်နှုန်းရောက်ရှိရန် မျှော်လင့်ထားရှိခဲ့ပါသည်။

IMF က ကမ္ဘာ့စီးပွားရေးကို ၂.၇ ရာခိုင်နှုန်းတိုးတက်မှုရရှိရန် မျှော်မှန်းထားရှိပြီး တရုတ်နိုင်ငံအတွက် ၂၀၂၃ ခုနှစ်တွင် ၄.၄ ရာခိုင်နှုန်းနှင့် ရုရှားနိုင်ငံ တွင် ၂.၃ ရာခိုင်နှုန်း တိုးတက်မှုရရှိရန် ခန့်မှန်းထားပါသည်။ အမေရိကန်နိုင်ငံတွင် Federal Reserve က အတိုးနှုန်းများ မြင့်တက်လုပ်ဆောင်မှု ကြောင့် လုပ်သားဈေးကွက်မှာ ခိုင်မာအားကောင်းမှုရှိသော်လည်း အလုပ်အကိုင်ရရှိမှုနှုန်းများမှာ နှေးကွေးလာနေကြောင်း၊  စီးပွားရေးတိုးတက်မှု နှုန်းအနေဖြင့် ယခုနှစ်အတွက် ၁.၆ ရာခိုင်နှုန်းနှင့် ၂၀၂၃ ခုနှစ်အတွက် ၁ ရာခိုင်နှုန်းသာ ခန့်မှန်းထားကြောင်း ထုတ်ပြန်ပါသည်။ IMF အနေဖြင့် လာမည့်နှစ်အတွက် ကမ္ဘာ့စီးပွားရေးသည် အစားအစာနှင့် စွမ်းအင်ဈေးနှုန်းများမြင့်တက်မှု၊ ငွေကြေးဖောင်းပွမှုနှင့် အတိုးနှုန်းများ မြင့်တက်လာမှု တို့ကြောင့် စိန်ခေါ်မှုများရှိနေဆဲဖြစ်ကြောင်း သုံးသပ်ထုတ်ပြန်ထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘာလင်မြို့)
https://www.dw.com/en/imf-says-germany-and-italy-to-slip-into-recession-in-2023/a-63405441

 

 

 

Category: Germany