Korea

IMF သည် တောင်ကိုရီးယား၏၂၀၂၂ ခုနှစ်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းအလားအလာအား မူလမျှော်မှန်းထားသည့် (၃) ရာခိုင်နှုန်းမှ (၂.၅) ရာခိုင်နှုန်းသို့ လျှော့ချပြင်ဆင်ခဲ့

Last Updated:

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund-IMF) သည် တောင်ကိုရီးယားနိုင်ငံအတွက် ၎င်း၏ ၂၀၂၂ ခုနှစ်၊ စီးပွား‌ရေးတိုးတက်မှုနှုန်းမျှော်မှန်းချက်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် မူလခန့်မှန်းထားခဲ့သည့် (၃) ရာခိုင်နှုန်းမှ (၂.၅) ရာခိုင် နှုန်းသို့ လျှော့ချပြင်ဆင်ခဲ့ပါသည်။ ရုရှား- ယူကရိန်း ပဋိပက္ခ၏ ကာလရှည်ကြာလာမှုနှင့် ငွေကြေးဖောင်းပွမှု မြင့်တက်လာခြင်းတို့ အကြားတွင် မသေချာမရေရာမှုများက ပိုမိုကြီးထွားလာသဖြင့် ကမ္ဘာ့အဆင့် (၁၀) ရှိသော တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေး တိုးတက်မှုအလားအလာသည် အကျဘက်သို့ ဉီးတည်လာပြီး၊ အဓိကစီးပွားရေးအင်အားကြီးနိုင်ငံများနှင့် ထွန်းသစ်စနိုင်ငံများအပေါ် တွင်လည်း သက်ရောက်မှုရှိလာနိုင်သည်ဟု IMF က သုံးသပ်ထားပါသည်။ IMF သည် တောင်ကိုရီးယားနိုင်ငံ၏ ၂၀၂၃ ခုနှစ် စီးပွားရေး အလားအလာကိုမူ (၂.၉) ရာခိုင်နှုန်းတွင်ပင် မပြောင်းလဲဘဲ ဆက်လက်ထားရှိသေးကြောင်း လေ့လာတွေ့ရှိရပါသည်။

ဤအစီရင်ခံစာဖော်ပြချက်သည် ရုရှား-ယူကရိန်း ပဋိပက္ခစတင်လာချိန်မှစ၍ IMF ၏ပထမဆုံး သောကမ္ဘာ့စီးပွားရေးအလား အလာသုံးသပ်ချက်အစီရင်ခံစာ ဖြစ်ပါသည်။ တရုတ်နိုင်ငံ၌ တိုးတက်မှုနှေးကွေးနေခြင်း၊ ထောက်ပံ့ပို့ဆောင်မှုကွင်းဆက် ပြတ်တောက် ခြင်းနှင့် ကိုဗစ်-၁၉ Omicron ဗိုင်းရပ်စ်ပျံ့နှံ့ခြင်းအခြေအနေတို့က ကမ္ဘာ့စီးပွားရေးအတွက် အကျပ်အတည်းများကို ပိုမိုလာစေခဲ့ပါ သည်။ IMF သည် ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်းမျှော်မှန်းချက်ကို မူလမျှော်မှန်းထားသည့် (၄.၄) ရာခိုင်နှုန်းမှ (၃.၆) ရာခိုင်နှုန်းသို့ လျှော့ချခဲ့ပြီး၊ ကမ္ဘာ့ဘဏ်က ၎င်း၏ ကမ္ဘာ့စီးပွားရေးတိုးတက်မှုမျှော်မှန်းမှန်းချက်ကို (၄.၁) ရာခိုင်နှုန်းမှ (၃.၂) ရာခိုင်နှုန်းသို့ လျှော့ချခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည်။

အဆိုပါ IMF ၏အစီရင်ခံစာကို လေ့လာဆန်းစစ်ပြီးသည့်နောက် တောင်ကိုရီးယားနိုင်ငံ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ရုရှား-ယူကရိန်း အကျပ်အတည်းတွင် ယေဘုယျအားဖြင့် အခြားသော ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများ၏ စီးပွားရေးတိုး တက်မှုနှုန်းများနှင့် နှိုင်းယှဉ်ပါက တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးအပေါ် အကန့်အသတ်ဖြင့်သာ သက်ရောက်မှုရှိနိုင်ကြောင်း၊ ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် ကမ္ဘာ့ရေနံနှင့် စက်သုံးဆီစျေးနှုန်းများ မြင့်တက်လာခြင်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းမြင့်လာ သော်လည်း အဆိုပါ ထိုးနှက်ချက်များကို တန်ပြန်ခံနိုင်ရည်ရှိစေရေးအတွက် တောင်ကိုရီးယားနိုင်ငံအနေဖြင့် မူဝါဒပိုင်းတွင် ခိုင်မာ အောင်ကြိုတင်ဆောင်ရွက်ထားမှုကြောင့် အခြားသောနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် သက်ရောက်မှုသက်သာမည်ဖြစ်ကြောင်း၊ ဥပမာ အားဖြင့်  ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်လာမှုအပေါ် တောင်ကိုရီးယားအစိုးရက ရေနံအတွက် အခွန်များလျှော့ချပေးထားမှု ကြောင့်  အတိုင်းအတာတစ်ခုအထိ စီးပွားရေးကဏ္ဍအပေါ် သက်ရောက်မှုသက်သာသည်ဟု သုံးသပ်နိုင်ကြောင်း  တောင်ကိုရီးယား နိုင်ငံ၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက သုံးသပ်ထားသည်ကို လေ့လာတွေ့ရှိရပါသည်။

IMF ၏ကိန်းဂဏန်းများအရ ၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်ထိကာလအတွင်း တောင်ကိုရီးယားနိုင်ငံအနေဖြင့် ပျမ်းမျှစီးပွားရေးတိုးတက်မှု နှုန်းသည် G7 နိုင်ငံများထက် သာလွန်ကြောင်း၊ အလားတူ ၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိ ကာလတွင်လည်း တောင်ကိုရီးယားနိုင်ငံက G7 နိုင်ငံများထက် သာလွန်နိုင်ကြောင်း၊ ၂၀၂၀ ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိ ခုနှစ်ကာလအတွင်း IMF ၏ ပျမ်းမျှကမ္ဘာ့စီးပွားရေးတိုးတက်မှု နှုန်းခန့်မှန်းချက်အသစ်အရ တောင်ကိုရီးယားနိုင်ငံအတွက် (၂.၁၁) ရာခိုင်နှုန်း၊ အမေရိကန်အတွက် (၂.၀၂) ရာခိုင်နှုန်း၊ ကနေဒါနိုင်ငံ အတွက် (၁.၄၂) ရာခိုင်နှုန်း၊ ဂျာမနီနိုင်ငံအတွက် (၁.၀၂) ရာခိုင်နှုန်း၊ ပြင်သစ်နိုင်ငံအတွက် (၀.၆၇) ရာခိုင်နှုန်း၊ ဗြိတိန်နိုင်ငံအတွက် (၀.၄၁) ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံအတွက် (၀.၃၆) ရာခိုင်နှုန်း အသီးသီးဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Source - The Korea Times (21-4-2022)

Category: Korea