Japan

NTT က Docomo ကို ရာနှုန်းပြည့် လက်အောက်ခံ ကုမ္ပဏီအဖြစ် ထားရှိမည်ဖြစ်ကြောင်း သိရ

Last Updated:

ဂျပန်နိုင်ငံ၏ အထင်ကရ ကြေးနန်းဆက်သွယ်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Nippon Telegraph and Telephone (NTT) က ၎င်း၏ ကြိုးမဲ့ဆက်သွယ်ရေးလုပ်ငန်း ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် NTT Docomo ၏ ရှယ်ယာများ ရာနှုန်းပြည့်ရယူရန် အမေရိကန် ဒေါ်လာ ၄၀ ဘီလီယံ ခန့် တန်ဖိုးရှိသည့် ရှယ်ရာဝယ်ယူမှု ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေငြာခဲ့ပါသည်။

လက်ရှိ၌ NTT သည် ၎င်း၏ကုမ္ပဏီအုပ်စုထဲတွင် အမြတ်အစွန်းအများဆုံးဖြစ်နေသည့် Docomo ၏ ရှယ်ယာ ၆၆ % ကို ပိုင်ဆိုင်ထားကြောင်း သိရပါသည်။  Docomo ကုမ္ပဏီ၏  ပြင်ပရှိ အစုရှယ်ယာ ၃၄ % ကို ရယူခြင်းအားဖြင့် Docomo ကို အပြည့်အဝ ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း မိခင်ကုမ္ပဏီဖြစ်သည့် NTT က ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါသည်။

ဂျပန်တွင် သုံးစွဲသူပမာဏ အများဆုံးဖြစ်သည့် ကြိုးမဲ့ဆက်သွယ်ရေးလုပ်ငန်းမှ အမြတ် အစွန်းများ ပိုမိုရရှိရန် NTT ၏ စီမံအုပ်ချုပ်သူများက မျှော်မှန်းနေကြောင်း သိရပါသည်။ Docomo နှင့်ပူးတွဲ၍ ကြေးနန်းဆက်သွယ်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့် နိုင်ငံရပ်ခြားတွင် လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီအုပ်စုများထဲမှ ကုမ္ပဏီများနှင့်ပါ ဆက်သွယ်မှု ပိုမို ခိုင်မာစေရန်ကိုလည်း ကြိုးပမ်းနေပါသည်။

5Gနှင့် အခြားဆက်သွယ်ရေးစနစ်သစ်နယ်ပယ်များတွင် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်လည်း NTTကဆောင်ရွက်နေကြောင်း သိရပါသည်။ ဂျပန်ဝန်ကြီးချုပ်အသစ် Mr.  Suga Yoshihide က ဂျပန်မှာ မိုဘိုင်းဖုန်း သုံးစွဲခ နှုန်းထားသက်သာလာစေရန် လိုလားနေကြောင်း ပြောကြားခဲ့ပြီးနောက် အခုကဲ့သို့ ဆောင်ရွက်မှုများထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။ ရှယ်ယာများဝယ်ယူမှု ပြီးဆုံးပါက  NTT Docomo ကို တိုကျို စတော့ရှယ်ယာဈေးကွက်၏ စာရင်းမှ ဖယ်ရှားမည်ဖြစ်ကြောင်း ဆိုပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)  

 

Category: Japan