Vietnam

ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇.၂ ဘီလီယံအထိရှိလာ

Last Updated:

ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇.၂ ဘီလီယံအထိ အမြင့်ဆုံးသို့ရောက်ရှိခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ ၇ ဘီလီယံ ကျော်လွန်ခဲ့ကြောင်း ဗီယက်နမ်သစ်သီးဝလံနှင့်ဟင်းသီး ဟင်းရွက်အသင်း (Vinafruit) ၏ အဆိုအရ သိရှိရပါသည်။

ဇန်နဝါရီ ၁ ရက်နေ့က ပြုလုပ်သည့် အသင်း၏ ပဉ္စမအကြိမ်မြောက် ညီလာခံတွင် Vinafruit ၏ ဥက္ကဋ္ဌဖြစ်သူ Nguyen Thanh Binh က ဤကဏ္ဍမှ စုစုပေါင်းပို့ကုန်တန်ဖိုးသည် ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃.၄ ဘီလီယံနီးပါးမှ ၂၀၂၃ ခုနှစ်တွင် အမေရိကန်‌ဒေါ်လာ ၅.၆ ဘီလီယံအထိ တိုးလာခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် တစ်နှစ်ထက်တစ်နှစ် ၂၇.၁ ရာခိုင်နှုန်းတိုးလာကာ စံချိန်တင် အမေရိကန်ဒေါ်လာ ၇.၂ ဘီလီယံအထိရောက်ရှိခဲ့ကြောင်း ကြေညာခဲ့ပါသည်။

မကြာသေးမီနှစ်များအတွင်း ထိုကဲ့သို့ တိုးတက်မှုရရှိခြင်းသည် CPTPP၊ RCEP၊ EVFTA၊ UKVFTA နှင့် ACFTA ကဲ့သို့သော လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်များ (FTAs) ကြောင့် ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံ တင်ပို့မှုဈေးကွက် ချဲ့ထွင်နိုင်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

အဆိုပါသဘောတူညီချက်များကြောင့် တရုတ်၊ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ နယ်သာလန်နှင့် ဩစတြေးလျတို့ကဲ့သို့သော အဓိကဈေးကွက်များအပါအဝင် ကမ္ဘာ တစ်ဝှမ်းရှိ နိုင်ငံနှင့် ဒေသ ၈၀ ကျော်သို့ ဗီယက်နမ်သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ တင်ပို့နိုင်ခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

 တရုတ်၊ တောင်ကိုရီးယား၊ အမေရိကန်၊ ကနေဒါ၊ အာဆီယံနိုင်ငံများနှင့် ဥရောပသမဂ္ဂ (EU) ကဲ့သို့သော အဓိကဈေးကွက်များတွင် ပို့ကုန်ဈေးကွက်ဆက်လက်တိုးချဲ့ရန် မျှော်လင့်ပါ ကြောင်း နှင့် Vinafruit သည် ၂၀၃၀ ခုနှစ်တွင် ပို့ကုန်အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံအထိ ရောက်ရှိရန် ရည်မှန်းချက်ချမှတ်ထားကြောင်း သိရှိရပါသည်။

 အဆိုပါရည်မှန်းချက်အောင်မြင်ရန် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်လုပ်ငန်းအနေဖြင့် ကမ္ဘာ့အစိမ်းရောင်စီးပွားရေးလမ်းကြောင်းများနှင့် လိုက်လျောညီထွေဖြစ်စေရန်အတွက် ဓာတ်ငွေ့ ထုတ်လွှတ်မှုလျှော့ချရေး၊ သဘာဝအရင်းအမြစ်များ ပြန်လည်အသုံးပြုသည့် စိုက်ပျိုးရေးကို မြှင့်တင်ခြင်းနှင့် သဘာဝအရင်းအမြစ်များကို ရေရှည်တည်တံ့စွာ အသုံးပြုမှုသေချာစေရေးတို့ ကိုအလေးထားဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

ထို့အပြင် ဤကဏ္ဍအနေဖြင့် နိုင်ငံတကာဈေးကွက်များ၏ တိုးတက်ပြောင်းလဲနေသော လိုအပ်ချက်များကို ဖြည့်ဆည်းရန်အတွက် ခေတ်မီနည်းပညာများကို ပေါင်းစပ်ခြင်းဖြင့် ထုတ်လုပ် မှုနှင့် စီမံဆောင်ရွက်မှုများတွင် စံချိန်စံညွှန်းမီသည့် လုပ်ငန်းစဉ်များကို ကျင့်သုံးဆောင်ရွက် လျက်ရှိကြောင်း ဖော်ပြထားပါသည်။

 

Source: The Saigon Times

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)

 

 

Category: Vietnam