ဂျပန်နိုင်ငံ၏ ကလေးမွေးဖွားနှုန်းမှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ပထမနှစ်ဝက် တွင် စံချိန်တင် ကျဆင်းခဲ့ပါသည်။ အဆိုပါ သတင်းတွင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအထိ ၆ လတာ ကာလတွင် နိုင်ငံခြားသား ကလေးငယ်များအပါအဝင် ဂျပန်နိုင်ငံတွင် ကလေး ၃၅၀,၀၇၄ ဦးမွေးဖွား ခဲ့ကြောင်းနှင့် ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၅.၇ ရာခိုင်နှုန်း(၂၀၉၇၈ ဦး) ကျဆင်း ခဲ့ကြောင်း ဖော်ပြထားပါသည်။
ဂျပန်နိုင်ငံ၏ ကလေးမွေးဖွားနှုန်းမှာ စာရင်းဇယားများ စတင်ကောက်ခံခဲ့သည့် ၁၉၆၉ ခုနှစ် မှစတင်၍ အနည်းဆုံးနှုန်းဖြစ်ခဲ့ကြောင်းနှင့် ၄၀၀,၀၀၀ ဦးအောက် ကျဆင်းခဲ့သည်မှာလည်း ၃ နှစ် ရှိခဲ့ပြီ ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ၂၀၂၄ ခုနှစ်၊ ပထမနှစ်ဝက်တွင် ကလေးမွေးဖွား နှုန်းမှာ ၂၀၁၄ ခုနှစ်အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၉ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် ဆက်လက်၍ ကလေးမွေးဖွားနှုန်းကျဆင်းခဲ့ပါက ၂၀၂၄ ခုနှစ်သည် ကလေးမွေးဖွားနှုန်း စံချိန်တင် အနည်းဆုံးနှစ် ဖြစ်လာမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအတွင်း လက်ထပ်သည့် အရေအတွက်မှာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂,၀၀၀ ကျော် များပြားလာပြီး၊ ၂၅၀,၀၀၀ နီးပါး ရှိခဲ့ကြောင်း၊ သို့သော် ၂၀၁၄ ခုနှစ်၊ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၈၀,၀၀၀ ကျော် ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။
အရွယ်လွန်မှ အိမ်ထောင်ပြုခြင်းနှင့် ကလေးယူမှု နောက်ကျခြင်းတို့ကြောင့် ကလေး မွေးဖွားနှုန်းမှာ ဆက်လက်ကျဆင်းနိုင်ကြောင်း ဂျပန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ခန့်မှန်းထားကြောင်းနှင့် ကလေးမွေးဖွားနှုန်းကျဆင်းလာမှုသည် အရေးပေါ်အခြေအနေကို ရောက်ရှိ လျက် ရှိသည့်အတွက် အစိုးရအနေဖြင့် ကလေးမွေးဖွားနှုန်းကျဆင်းမှုကို ဖြေရှင်းနိုင်ရေး အလေးပေး ဆောင်ရွက်လျက် ရှိကြောင်း ဖော်ပြထားပါသည်။
Source: The NHK World News (၃၀-၈-၂၀၂၄)
(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျိုမြို့)
 
                         
                        