U. A. E

စွမ်းအင်ကဏ္ဍတွင်ယူအေအီးမှ အမေရိကန်ဒေါ်လာ ၅၄ ဘီလီယံရင်းနှီးမြှုပ်နှံကာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို သုံးဆထည့်ဝင်သုံးစွဲနိုင်ရန် ဆောင်ရွက်

Last Updated:

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို သုံးဆပိုမိုထည့်ဝင်သုံးစွဲနိုင်ရန်ရည်ရွယ်၍ လာမည့်ခုနစ်နှစ်တာကာလအတွင်း နိုင်ငံအတွင်းစွမ်းအင်ကဏ္ဍတွင် ဒေါ်လာ ၅၄ ဘီလီယံရင်းနှီးမြှုပ်နှံမည့် အမျိုးသားစွမ်းအင်မဟာဗျူဟာကို ပြန်လည်မွမ်းမံပြင်ဆင်ထားပြီး တစ်ဆက်တည်းမှာပင် သန့်ရှင်းသောစွမ်းအင်ဝေစုကို ၂၀၃၁ ခုနှစ်တွင် တစ်နိုင်ငံလုံးစုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းအထိတိုးမြှင့်ရရှိနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ယူအေအီးနိုင်ငံ၏ဒုတိယသမ္မတ၊ ဝန်ကြီးချုပ်နှင့် ဒူဘိုင်းဘုရင်ဖြစ်သူ Sheikh Mohammed bin Rashid Al Maktoum မှ အဘူဒါဘီမြို့တော် Qasr Al Watan နန်းတော်တွင် ယူအေအီးဝန်ကြီးအဖွဲ့အစည်းအဝေးအပြီး  ထွက်ပေါ်လာသောသတင်းတစ်ရပ်အရ သိရှိရပါသည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အပေါ် မှီခိုအားထားမှုကိုတိုးမြှင့်ရန်၊ စွမ်းအင်ထိရောက်မှုနှင့် သန့်ရှင်းသောစွမ်းအင်အသုံးပြုမှုကိုမြှင့်တင်ရန်ရည်ရွယ်၍ ယူအေအီးအမျိုးသားစွမ်းအင်မဟာဗျူဟာ ၂၀၅၀ စီမံချက်တွင် အဆင့်မြှင့်တင်မှုများကို အစိုးရအဖွဲ့မှအတည်ပြုခဲ့ပါသည်။ အဆိုပါမဟာဗျူဟာသည် စွမ်းအင်ကဏ္ဍတွင် ဆန်းသစ်တီထွင်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများကို တိုက်တွန်းအားပေးသည့်အပြင် စွမ်းအင်နည်းပညာများတွင် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို ပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။

အမျိုးသားမဟာဗျူဟာသည် သန့်ရှင်းပြီးရေရှည်တည်တံ့သောစွမ်းအင်ပေးဆောင်ရန် နိုင်ငံ၏စွမ်းဆောင်ရည်ကို အားကောင်းစေရန်၊ စွမ်းအင်ကဏ္ဍတွင် ကမ္ဘာလုံးဆိုင်ရာယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်နှင့် ဆန်းသစ်တီထွင်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်သည့်နိုင်ငံတစ်နိုင်ငံအဖြစ် ခိုင်ခိုင်မာမာရပ်တည်နိုင်စေရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဆိုပါမဟာဗျူဟာတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းသစ်များကို ရရှိစေရန်ပံ့ပိုးပေးထားပါသည်။ စွမ်းအင်ကဏ္ဍတွင် ရေရှည်တည်တံ့ခိုင်မြဲသောပန်းတိုင်များရရှိစေပြီး နိုင်ငံတကာမိတ်ဖက်များနှင့်ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရန် ဆောင်ရွက်မည့်အစီအမံများပါရှိပြီး အနာဂတ်မျိုးဆက်သစ်များအတွက် စွမ်းအင်လိုအပ်ချက်များကိုဖြည့်ဆည်းပေးမည့် ရေရှည်အမျိုးသားအစီအစဉ်တစ်ရပ်အဖြစ် ရေးဆွဲထားပါသည်။ မဟာဗျူဟာကို ၂၀၃၀ ခုနှစ်တွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၏ထည့်ဝင်မှုကို သုံးဆတိုးမြှင့်ရန်ရည်ရွယ်ထားပြီး ရာသီဥတုပြောင်းလဲမှု၏သက်ရောက်မှုများကိုလျှော့ချရန်နှင့် ရာသီဥတုသမမျှတစေရန် ရည်ရွယ်ထားပါသည်။

မဟာဗျူဟာ၏ရည်ရွယ်ချက်မှာ ၂၀၃၀ ခုနှစ်တွင် အေအီးဒီ 100 ဘီလီယံ(အမေရိကန်ဒေါ်လာ 27 ဘီလီယံ)အထိ ဘဏ္ဍာရေးချွေတာနိုင်ရန်နှင့် ၂၀၃၀ ခုနှစ်အထိ အမျိုးသားစွမ်းအင်ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် အေအီးဒီ ၁၅၀ မှ အေအီးဒီ ၂၀၀ ဘီလျံ(အမေရိကန်ဒေါ်လာ ၄၁ ဘီလျံမှ ၅၄ ဘီလျံ)အထိ တိုးမြင့်သွားရန်ဖြစ်ပြီး စုစုပေါင်းစွမ်းအင်ပေါင်းစည်းမှုတွင် သန့်ရှင်းသောစွမ်းအင်မှဝေစုကို ၂၀၃၁ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းအထိ မြင့်တက်စေရန် ကြိုးပမ်းလျက်ရှိပါသည်။

အရင်းအမြစ်   -         www.arabianbusiness.com

(ဦးနန္ဒာစိုးမြင့်)

Category: U. A. E