U. A. E

Gulfood Manufacturing 2023 ပြပွဲကို ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်မှုတွင် ပိုမိုသွက်လက်ပြီး ရေရှည်တည်တံ့စေမည့် ရည်ရွယ်ချက်ဖြင့် ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တွင် ကျင်းပပြုလုပ်သွားမည်

Last Updated:

Dubai World Trade Center(DWTC)သည် ကမ္ဘာပေါ်တွင် သြဇာအရှိဆုံးအစားအစာနှင့် အဖျော်ယမကာထုတ်လုပ်မှုလုပ်ငန်းပြပွဲဖြစ်သော Gulfood Manufacturing ပြပွဲကို နှစ်စဉ်ကျင်းပလျက်ရှိပြီး ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တွင် ၂၀၂၃  ခုနှစ် နိုဝင်ဘာလ ၇ ရက်မှ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပါသည်။ ယခုနှစ်ပြပွဲကို ပြခန်းပေါင်း ၂၀၀၀ ကျော်ဖြင့် အကြီးဆုံးအဖြစ် ပြသတင်ဆက်သွားမည်ဖြစ်ကာ ကမ္ဘာကျော်အစာအစာနှင့်အဖျော်ယမကာထုတ်လုပ်သည့် အမှတ်တံဆိပ်များပါဝင်သည့် ပြပွဲခန်းမကြီး ၁၅ ခုတို့ ပါဝင်ပါသည်။ အဆိုပါပြပွဲအပြင် အစားအစာနှင့် အဖျော်ယမကာနယ်ပယ်မှ လုပ်ငန်းရှင်များနှင့် ကမ္ဘာ့ထိပ်တန်းကျွမ်းကျင်သူ ၁၀၀ ကျော်တို့မှ အစားအစာနှင့် အဖျော် ယမကာနယ်ပယ်၏ နောက်ဆုံးခေတ်ရေစီးကြောင်းများကိုရှာဖွေကာ လုပ်ငန်းအခွင့်အလမ်းများကို ဖမ်းဆုပ်သွားမည်ဖြစ်သကဲ့သို့ လုပ်ငန်းတွင်ရင်ဆိုင်နေရသော စိန်ခေါ်မှုများကိုဖြေရှင်းရန်အတွက် မဟာဗျူဟာများကိုလည်း ချမှတ်သွားကြမည်ဖြစ်ပါသည်။

ရှေ့လာမည့် ၁၀ နှစ်မြောက်နှစ်ပတ်လည်ကာလနှင့် နီးကပ်လာချိန်တွင် အစားအစာနှင့် အဖျော်ယမကာလုပ်ငန်းကို ဦးဆောင်နေသည့် ဤကုန်သွယ်မှုပြပွဲသည် စီမံဆောင်ရွက်ခြင်း၊ ထုပ်ပိုးခြင်း၊ ပါဝင်ပစ္စည်းများ၊ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ဖြေရှင်းချက်များအပြင် ထိန်းချုပ်မှုနှင့် အလိုအလျောက်လုပ်ဆောင်မှုစနစ်ဆိုင်ရာ လုပ်ငန်းစဉ်များကိုအကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာကဏ္ဍများတစ်လျှောက် ရေရှည်တည်တံ့ပြီးခံနိုင်ရည်ရှိကာ ပိုမိုသွက်လက်၍ ထိရောက်မှုစေသည့်အတွက် ထိပ်တန်းထုတ်လုပ်မှုလုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှုကို ဆက်လက်ရရှိနေကြောင်း သိရှိပါသည်။

ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်သဘောတူညီချက်(COP28)ပြပွဲအပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင်ပြသမည့် Gulfood Manufacturing 2023 သည် အစားအစာနှင့် အဖျော်ယမကာလုပ်ငန်းရှိ ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် ရေရှည်တည်တံ့သောအလေ့အကျင့်များနှင့် အခြားလုပ်ငန်းစဉ်များ(ဥပမာ-ရေရှည်တည်တံ့စေသည့်ထုပ်ပိုးမှုများ)၊ အစားအစာစွန့်ပစ်ပစ္စည်းများကို လျှော့ချခြင်း၊ စွမ်းအင်ထိရောက်စေပြီး ကာဗွန်ခြေရာများကို လျော့ကျစေသည့် စက်ပစ္စည်းများကို မိတ်ဆက်ပြသခြင်းနှင့် ခြေရာခံနိုင်ပြီး၊ ကျင့်ဝတ်နှင့်ညီကာ ပွင့်လင်းမြင်သာသောအစားအစာထုတ်လုပ်မှုကို ရရှိစေရန် တင်ဆက်ပြသသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

Gulfood Manufacturing 2023 တွင် အသိဉာဏ်ပညာအတု(AI)၊ စက်ရုပ်များနှင့် အလိုအလျောက်စနစ်များ၏ ထိထိရောက်ရောက်ဆင့်ကဲပြောင်းလဲလာပုံ၊ အစားအစာနှင့် အဖျော်ယမကာလုပ်ငန်းထုတ်လုပ်မှုကဏ္ဍ၏ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုများ၊ ဆန်းသစ်တီထွင်မှုကို ပြောင်းလဲလာစေရန် လှုံ့ဆော်ပေးသည့်အကြောင်းအရာများအား စသည်တို့ဖြင့် စေ့စပ်စွာစူးစမ်းလေ့လာသွားမည်ဖြစ်ပါသည်။

Dubai World Trade Center ၏အမှုဆောင်ဒုတိယဥက္ကဌဖြစ်သူ Trixie LohMirmand က Gulfood Manufacturing ပြပွဲသည် ကမ္ဘာ့ကုန်ထုတ်လုပ်ငန်းပြပွဲများ၏ ထိပ်တန်းအဆင့်တွင် အခိုင်အမာရပ်တည်နေပြီး ကမ္ဘာပေါ်ရှိ တစ်ခုတည်းသောနှစ်စဉ်ကျင်းပမြဲဖြစ်သည့် အရှေ့အလယ်ပိုင်းနှင့် အာဖရိကမြောက်ပိုင်း(MENA)ဒေသ၏ Gulfood ထုတ်လုပ်မှုလုပ်ငန်းတွင် ထိပ်တန်းကုန်ထုတ်လုပ်မှုလုပ်ငန်းပြပွဲတစ်ခုဖြစ် ကြောင်း မှတ်ချက်ပေးခဲ့ပါသည်။ လက်လီရောင်းချသူများနှင့် စားသုံးသူများထံမှ စျေးနှုန်းကျဆင်းစေသည့်ဖိအားကို ဆန့်ကျင်၍ မြင့်တက်လာသောငွေကြေးဖောင်းပွမှုများနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များကို ဟန်ချက်ညီစေရန်ကြိုးပမ်းချက်မှာ ကမ္ဘာ့အစားအစာနှင့်အဖျော်ယမကာလုပ်ငန်း၏ အရေးပါသည့်အချက်တစ်ခုအဖြစ်ရောက်ရှိလာပြီး ဆန်းသစ်သောနည်းပညာများနှင့် လုပ်ငန်းလည်ပတ်နိုင်သော စွမ်းဆောင်ရည်များကိုအသုံးချခြင်းဖြင့် အစားအစာထုတ်လုပ်မှုလုပ်ငန်းတွင် ဟန်ချက်ညီညီထိန်းညှိနိုင်ပြီး ဆက်လက်တိုးတက်ပြောင်းလဲသွားမည်ဖြစ်ကာ မြင့်မားသည့်အနေအထားဆီသို့ ရောက်ရှိနိုင်ကြောင်း ပြောကြားခဲ့ပါသည်။

Gulfood Manufacturing 2023 တွင် အစားအသောက်ထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် ဖြေရှင်းချက်များကို ကမ္ဘာတစ်ဝှမ်းရှိ ၎င်းတို့၏ အထင်ကရဖောက်သည်များအတွက် မရေမတွက်နိုင်သော အခွင့်အလမ်းများနှင့်အတူ ကျွမ်းကျင်မှုပြည့်ဝသည့်ဆက်ဆံရေးအသစ်များကို တည်ဆောက်ရန်၊ လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများကို ပိုမိုအားကောင်းလာစေရန်နှင့် တန်ဖိုးမြင့်စီးပွားရေးဆိုင်ရာ သဘောတူညီချက်များကို လုပ်ဆောင်ရန်အတွက် ပြပွဲကျင်းပသည့် သုံးရက်တာကာလအတွက် အစွမ်းထက်သော လမ်းကြောင်းတစ်ခုဖြစ်ပါသည်။ ယခုနှစ်ပြပွဲတွင် အီတလီ၊ ဂျာမနီ၊ နယ်သာလန်နှင့် စပိန်စသည့် ဥရောပရှိ အစားအသောက်ထုတ်လုပ်သူများထံမှ ပိုမိုကြီးမားသည့်တင်ဆက်ပြသမှုများကို မြင်တွေ့ရမည်ဖြစ်ပြီး ပြပွဲတွင် တရုတ်ပြခန်းအား သီးသန့်ခန်းမတစ်ခုအဖြစ် ထည့်သွင်းထားရှိထားကာ အင်အားအပြည့်ဖြင့် တင်ဆက်ပြသသွားမည်ဖြစ်ပါသည်။

ယခုနှစ်ပြပွဲ၏အဓိကနယ်ပယ်မှာ ဒူဘိုင်း၏ရေရှည်တည်တံ့ခိုင်မြဲသော ကုန်ထုတ်လုပ်မှုပဏာမအစပျိုးသည့် မြစိမ်းရောင်စီးပွားရေးအစီအစဉ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး အပင်များကို-အခြေခံသည့် အစားအစာနှင့်အဖျော်ယမကာလုပ်ငန်းကြီးမားလာပြီး ဆန်းသစ်တီထွင်လာသည်နှင့်အမျှ အပင်များကို-အခြေခံသည့် စားသောက်ကုန်ထုတ်လုပ်သည့် စက်ရုံအသစ်များအတွက် သက်ဆိုင်ရာလိုအပ်ချက်များရှိပါသည်။ အဆိုပါပဏာမခြေလှမ်းသည် ဒူဘိုင်းရှိ အပင်များကို-အခြေခံသည့် ကုန်ထုတ်လုပ်မှုများနှင့် ထုတ်ကုန်များကို မြှင့်တင်ရာတွင် စိန်ခေါ်မှုများနှင့်အခွင့် အလမ်းများကိုရှာဖွေရန်အတွက် ပူးတွဲထုတ်လုပ်သူများ၊ စက်ကိရိယာများနှင့် ဖြေရှင်းချက်ပေးသူများနှင့်အတူ စက်မှုအခြေပြုအစားအစာနှင့် အဖျော်ယမကာလုပ်ငန်းမှ ထိပ်တန်းစီးပွားရေးလုပ်ငန်းများကို စုစည်းပေးမည်ဖြစ်သည်။ Dubai Economic Agenda(သို့) D33 သည် လာမည့်ဆယ်စုနှစ်အတွင်း ဒူဘိုင်းမြို့၏စီးပွားရေးအရွယ်အစားကို နှစ်ဆတိုးလာစေရန် ရည်ရွယ်ထားပြီး ကမ္ဘာ့ထိပ်တန်းမြို့ကြီးသုံးမြို့အကြားတွင် ၎င်း၏နေရာကို သတ်မှတ်ထားကာ ရေရှည်တည်တံ့ခိုင်မြဲသော မြစိမ်းရောင်ကုန်ထုတ်လုပ်မှုအစပျိုးဆောင်ရွက်မှု အသွင်ကူးပြောင်းရေးစီမံကိန်းပေါင်း ၁၀၀ ခုတွင် ပါဝင်ကြောင်း ဖော်ပြပါရှိပါသည်။

ယခုနှစ်ပွဲ၏အလည်ဗဟိုတွင် FoodTech Summit ထိပ်သီးအစည်းအဝေးကို ကမ္ဘာ့အစားအသောက်ထုတ်လုပ်မှုလုပ်ငန်းများမှ အတက်ကြွဆုံးနှင့် ဆွဲဆောင်မှုအရှိဆုံးသော ကျွမ်းကျင်သူများ၊ လုပ်ငန်းရှင်များနှင့် ပညာရှင်များကို ခေါ်ယူကျင်းပသွားမည်ဖြစ်ပြီး၊ ကုန်ကျစရိတ်မြင့်တက်ခြင်းမှစ၍ လှုံ့ဆော်မှုဆိုင်ရာဗျူဟာများအထိ ခေါင်းစဉ်အသစ်များကို ကမ်းလှမ်းသွားမည်ဖြစ်ကာ ဆန်းသစ်တီထွင်မှုဆိုင်ရာ စီးပွားရေးလုပ်ငန်းများ၊ မြစိမ်းရောင်ဖြေရှင်းချက်များနှင့် သွက်လက်မြန်ဆန်သောကုန်ထုတ်လုပ်မှုများ၊ အစားထိုးထုတ်ကုန်များ၊ မရှိမဖြစ်လိုအပ်သော အစားအစာများ၊ အစားအစာဘေးကင်းရေးနှင့် အခြားအရာများတို့ပါဝင်မည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

DWTC ၏ အခြားအစားအစာနှင့် အဖျော်ယမကာပြပွဲသုံးခုကိုလည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ Gulfood Manufacturing ပြပွဲနှင့်အတူ ပူးတွဲကျင်းပသွားမည်ဖြစ်ပါသည်။ ဤအထူးအစားအစာပွဲတော်သည် MENA ဒေသ၏တစ်ခုတည်းသော အထူးသီးသန့်အစားအသောက်များနှင့် အရသာရှိသောအစားအစာအရောင်းပြပွဲတစ်ခုဖြစ်ပြီး လာရောက်ကြသူများအား အရည်အသွေးစစ်မှန်သောအထူးထုတ်ကုန်များကို ရှာဖွေရန်လမ်းကြောင်းတစ်ရပ် ကွန်ရက်ချိတ်ဆက်ပေးအပ်ထားပြီး စျေးကွက်၏နောက်ဆုံးသတင်းများနှင့် ပေါ်ပေါက်လာသော ခေတ်ရေစီးကြောင်းများကို ရှာဖွေဖော်ထုတ်နိုင်မည့်အခွင့်အလမ်း ပေးအပ်ထားပါသည်။

အခြားအစားအစာနှင့် အဖျော်ယမကာပြပွဲသုံးခုအနက် ISM Middle East ပြပွဲမှာ အချိုပွဲနှင့်အဆာပြေစားဖွယ်များအတွက် ဒေသတွင်းအကြီးဆုံးကုန်စည်ပြပွဲတစ်ရပ်ဖြစ်ပြီး အစားအသောက်ထုတ်လုပ်မှုလုပ်ငန်းတွင် သြဇာအရှိဆုံးသော အမှတ်တံဆိပ်များနှင့် ချိတ်ဆက်ထားရှိကာ နောက်ဆုံးပေါ်ထုတ်ကုန်များနှင့် ဆန်းသစ်တီထွင်မှုများကို ဧည့်သည်များရှာဖွေတွေ့ရှိစေရန် အခွင့်အရေးပေးထားပါသည်။ Private Label Licensing ME ပြပွဲတွင် လာရောက်ကြသူများအနေဖြင့် ကုန်ကျစရိတ်သက်သာပြီး စိတ်ကြိုက်ပြင်ဆင်နိုင်သော ထုတ်ကုန်များ၊ အမှတ်တံဆိပ်နှင့် ထုပ်ပိုးမှုဖြေရှင်းချက်များ၊ အစားအစာနှင့် အစားအစာမဟုတ်သော ကုန်ပေးသွင်းသူများ၊ သီးသန့်တံဆိပ်နှင့် စာချုပ်ဖြင့်ထုတ်လုပ်ကြသူများအား တစ်မိုးအောက်တွင် တစ်စုတစ်စည်းတွေ့ရှိနိုင်မည်ဖြစ်ပြီး ပြပွဲတက်ရောက်ကြသူများအတွက် ဝင်ကြေးအခမဲ့ဖြစ်ကာ ပြပွဲကြီးလေးခုစလုံး ၏ဂေဟစနစ်အတွင်းသို့ ဝင်ရောက်နိုင်ရန် ပြပွဲအတွက် မှတ်ပုံတင်ထားကြသူများအား ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

အရင်းအမြစ် - emirates247.com

(ဦးနန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: U. A. E