U. A. E

ယူအေအီးနိုင်ငံ၏ ရေနံထွက်ပစ္စည်းများဈေးနှုန်း

Last Updated:

ယူအေအီးနိုင်ငံသည် ကမ္ဘာပေါ်တွင် ရေနံထုတ်လုပ်မှုအများဆုံးသောနိုင်ငံများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ရေနံထွက်ပစ္စည်းများအား လက်လီလောင်စာဆီအရောင်းဆိုင်များတွင် ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူရရှိနိုင်ပါသည်။ ၂၀၁၅ ခုနှစ်မှစတင်၍ လောင်စာဆီဈေးနှုန်းများကို ယူအေအီးနိုင်ငံ၏စွမ်းအင်ဝန်ကြီးဌာနမှ ကြီးကြပ်သည့် လောင်စာဆီကော်မတီမှ လစဉ်လတိုင်း၏ ဈေးနှုန်းများကို သတ်မှတ်ထားရှိပါသည်။

လက်လီလောင်စာဆီအရောင်းဆိုင်များ၏ လောင်စာဆီဈေးနှုန်းများကို ကုန်စည်နှင့်စွမ်းအင်ဈေးကွက်များအတွက် သတင်းအချက်အလက်နှင့် စံနှုန်းစျေးနှုန်းများကိုပံ့ပိုးပေးသည့် ကမ္ဘာ့ထိပ်တန်းအဖွဲ့အစည်းတစ်ခုဖြစ်သော S & P global plats မှစံနှုန်းစျေးနှုန်းများအပေါ်တွင် အခြေခံ၍ ယူအေအီးနိုင်ငံ၏ စွမ်းအင်ဝန်ကြီးဌာနမှ အရောင်းဆိုင်များ၏သယ်ယူပို့ဆောင်ရေးစရိတ်များနှင့် လုပ်ငန်းဆောင်ရွက်မှုကုန်ကျစရိတ်များ ထပ်ပေါင်း၍ လောင်စာဆီဈေးနှုန်းများကို လစဉ် ၂၈ ရက်နေ့တွင် သတ်မှတ်ကာလတိုင်း၏ ပထမဆုံးရက်မှ စတင်ရောင်းချခြင်းဖြစ်ပါသည်။

ယူအေအီးနိုင်ငံ၏ လက်ရှိလောင်စာဆီတစ်လီတာဈေးနှုန်းများမှာ ဓာတ်ဆီအမျိုအစား E-Plus 91 ကို အေအီးဒီ ၂.၈၁ (၁၆၀၅.၇၂ ကျပ်)၊ Special 95 ကို အေအီးဒီ ၂.၈၉ (၁၆၅၁.၄၃ ကျပ်)၊ Super 98 ကို အေအီးဒီ ၃.၀၀ (၁၇၁၄.၃၀ ကျပ်) နှင့် ဒီဇယ်ဆီကို အေအီးဒီ ၂.၇၆ (၁၅၇၇.၁၅ ကျပ်) ဖြစ်ပါသည်။ အဆိုပါဈေးနှုန်းများတွင် ၂၀၁၈ ခုနှစ်ကမှ ယူအေအီးအစိုးရကစတင်မိတ်ဆက်ခဲ့သည့် ထပ်တိုးအခွန် (VAT) ၅ ရာခိုင်နှုန်းပါဝင်ပြီးဖြစ်ပါသည်။ (1 AED  = 0.27 US$ (571.15 Kyat), updated 15th July 2023, xe.com)

ယူအေအီးနိုင်ငံ၏ လောင်စာဆီအမျိုးအစားများအား E-Plus 91 ကို ပေါက်ကွဲအားနိမ့်သော အင်ဂျင်များအတွက်လည်းကောင်း၊ Special 95 ကိုပေါက်ကွဲအားအလယ်အလတ်ရှိသော အင်ဂျင်များအတွက်လည်းကောင်း၊ Super 98 ကို ပေါက်ကွဲအားမြင့်မားသော အင်ဂျင်များအတွက် ရွေးချယ်အသုံးပြုကြပါသည်။ အဆိုပါအောက်တိန်းနံပါတ်များမှာ လောင်စာဆီအရည်အသွေးအတွက် အတိုင်းအတာနံပါတ်များဖြစ်ပြီး အောက်တိန်းနံပါတ်မြင့်လာသည်နှင့်အမျှ ပေါက်ကွဲအားပိုမြင့်မားလာမည်ဖြစ်ကာ အင်ဂျင်ပေါက်ကွဲမှုအချိုးအစားများပြီး စွမ်းရည်ပိုမိုလိုအပ်သောအင်ဂျင်များတပ်ဆင်ထားသည့် အားကစားနှင့် ဇိမ်ခံမော်တော်ယာဉ်အမျိုးအစားများတွင် အသုံးပြုကြပါသည်။

မော်တော်ယာဉ်အသုံးပြုသူများအနေဖြင့် မိမိတို့၏ယာဉ်များတွက် ယာဉ်ပိုင်ရှင်လက်စွဲစာအုပ်တွင် ဖော်ပြထားသည့် သတ်မှတ်ထားသော စက်သုံးဆီအမျိုးအစားကိုသာ သုံးစွဲရန်ဖြစ်ပြီး မော်တော်ယာဉ်ထုတ်လုပ်သူများမှ ထောက်ခံထားသည့် လောင်စာဆီအမျိုးအစားထက် ပိုမိုဂရိတ်မြင့်မားသည့် လောင်စာဆီများကိုသုံးစွဲသည့်အတွက် အကျိုးကျေးဇူးတစ်စုံတစ်ရာရရှိလိမ့်မည်မဟုတ်ကြောင်း ဖော်ပြထားပါသည်။

ယူအေအီးနိုင်ငံတွင် လက်လီလောင်စာဆီအရောင်းဆိုင်များအနေဖြင့် ENOC၊ EPPCO၊ Emarat နှင့် ADNOC တို့ရှိကြပြီး အဆိုပါလောင်စာဆီဆိုင်များ၏ ဈေးနှုန်းများမှာအတူတူပင်ဖြစ်ကြပါသည်။ လောင်စာဆီဆိုင်များမှ အခြားဝန်ဆောင်မှုလုပ်ငန်းများဖြစ်သော အင်ဂျင်ဝိုင်လဲလှယ်ခြင်း၊ မော်တော်ယာဉ်ရေဆေး၊ ဆီလိုက်ဆောင်ရွက်ခြင်း၊ တာယာလေပေါင်ချိန်စစ်ဆေးခြင်းများအပြင် လူသုံးကုန်ပစ္စည်းစတိုးဆိုင်ငယ်များနှင့် ကော်ဖီဆိုင်များကို ဖွင့်လှစ်ထားကြပြီး ယူအေအီးနိုင်ငံ လမ်းနှင့်သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့၏ အမြန်လမ်းကြေးအလိုအလျောက်ပေးချေနိုင်သည့် Salik Tag များကိုပါ ခွင့်ပြုချက်ရယူရောင်းချကြပါသည်။

ကမ္ဘာသုံးကုန်စည်တစ်ရပ်ဖြစ်သော ရေနံစိမ်းကိုချက်လုပ်သန့်စင်ပြီး ဓာတ်ဆီနှင့်ဒီဇယ်ဆီအစရှိသည့် ထုတ်ကုန်ပစ္စည်းများကို ထုတ်လုပ်ရောင်းချရာတွင် ရေနံတင်ပို့ရောင်းချသည့်နိုင်ငံများအဖွဲ့(OPEC)နိုင်ငံများအနက် တတိယအများဆုံးဖြစ်သောယူအေအီးနိုင်ငံသည် ယခင်က ဓာတ်ဆီနှင့် ဒီဇယ်ဆီဈေးနှုန်းများ ကျဆင်းမှုကိုထိန်းသိမ်းရန်အတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ ၇ ဘီလီယံခန့် ကုန်ကျခဲ့ပါသည်။

လောင်စာဆီအထောက်အပံ့များကို ၂၀၁၅ ခုနှစ်မှစတင် ရုပ်သိမ်းခဲ့ပြီး ထပ်တိုးအခွန်(VAT) များကောက်ခံခဲ့သော်လည်း ယူအေအီးနိုင်ငံ၏ လောင်စာဆီဈေးနှုန်းမှာ အခြားဒေသတွင်းနိုင်ငံအများစုနှင့် ကမ္ဘာ့နိုင်ငံများထက် သိသိသာသာလျော့နည်းနေသည်ကို တွေ့ရမည်ဖြစ်ပါသည်။ ဤနေရာတွင် အခွန်ကောက်ခံမှုပမာဏက လောင်စာဆီဈေးနှုန်းကွာခြားမှုအပေါ်သက်ရောက်မှုဖြစ်ပေါ်စေပါသည်။ (ဥပမာအားဖြင့် ၂၀၂၂ခုနှစ်က ဗြိတိန်နိုင်ငံတွင် ဓာတ်ဆီနှင့်ဒီဇယ်ဆီတစ်လီတာအတွက် အခွန်ကျသင့်ငွေမှာ ၀.၅၂၉၅ ပေါင်(အေအီးဒီ ၂.၅၅) ကျသင့်မည်ဖြစ်ပါသည်။ ထပ်တိုးအခွန် (VAT)အတွက်လည်း ၂၀ ရာခိုင်နှုန်းထပ်မံပါဝင်မည်ဖြစ်သည်။)

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကစာရင်းဇယားများအရ ယူအေအီးနိုင်ငံ၏လောင်စာဆီဈေးနှုန်းများမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှစ၍ မှန်မှန်တက်လျက်ရှိပြီး ၂၀၂၂ ခုနှစ် ဇူလိုင်လတွင် လောင်စာဆီဈေးနှုန်းအမြင့်ဆုံးသို့ ရောက်ရှိခဲ့ပါသည်။ ထိုသို့အမြင့်ဆုံးရောက်ရှိရသည့်အကြောင်းရင်းမှာ ကမ္ဘာ့ရေနံဈေးနှုန်းမြင့်မားလာမှုကြောင့်ဖြစ်ပြီး ၂၀၂၂ ခုနှစ် မတ်လနှင့်ဇူလိုင်လအတွင်း ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ ကျော်အထိ ရောက်ရှိခဲ့ပါသည်။ ယူအေအီးနိုင်ငံ၏ လက်ရှိရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၇၉.၃၁ ဖြစ်ပါသည်။ (14.7.2023, investing.com)

ရုရှား-ယူကရိန်းစစ်ပွဲသည်လည်း လောင်စာဆီဈေးနှုန်းအမြင့်ဆုံးရောက်ရှိခဲ့ရသည့်အကြောင်းတစ်ရပ်ဖြစ်ပြီး ရုရှားရေနံထုတ်ကုန်များအား ပိတ်ပင်တားဆီးမှုကြောင့် ရုရှားရေနံထွက်ပစ္စည်းများကျဆင်းသွားခဲ့ရကာ ယင်းအတွက်ကြောင့် အခြားရေနံထုတ်လုပ်သည့်နိုင်ငံများအတွက် အမှာများမြင့်မားလာပြီး ရလဒ်အနေဖြင့် လောင်စာဆီဈေးနှုန်းကြီးမြင့်လာရခြင်းဖြစ်ပါသည်။

အရင်းအမြစ်   -         dubai-online.com

(ဦးနန္ဒာစိုးမြင့်)

Category: U. A. E