U. A. E

ဒူဘိုင်းတွင်အစိမ်းရောင်ရွေ့လျားသွားလာရေးစီမံချက်အား အရှိန်အဟုန်မြှင့်တင်

Last Updated:

ဒူဘိုင်းမြို့ကို ယာဉ်ကြောပိတ်ဆို့မှု၊ လမ်းပန်းဆက်သွယ်ရေးနှင့် အများသုံးသယ်ယူပို့ဆောင်ရေးအရည်အသွေးကဏ္ဍတို့တွင် ထူးခြားသည့်သတ်မှတ်ချက်များဖြင့် 'ကမ္ဘာ့မောင်းနှင်ရန်အကောင်းဆုံးမြို့များ'စာရင်းတွင် ဆက်တိုက်ဖော်ပြခံခဲ့ရပါသည်။ ယခုအခါ ဒူဘိုင်းမြို့တွင် လျှပ်စစ်မော်တော်ယာဉ်(EV)များ ပြန်လည်အားသွင်းသည့်အခြေခံအဆောက်အအုံများကို တိုးချဲ့ဆောက်လုပ်သွားမည်ဖြစ်ပြီး ဆွဲဆောင်မှုရှိကာ သဘာဝ-ဂေဟစနစ်ကို သဟဇာတဖြစ်စေသည့် ကမ္ဘာ့ထိပ်တန်းယာဉ်မောင်းအတွေ့အကြုံကို ရရှိစေမည့်အတိုင်းအတာများအား ပေါင်းစပ်ထည့်သွင်းသွားရန် ရည်မှန်းချက်ကြီးစွာဖြင့်စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ဒူဘိုင်းလျှပ်စစ်နှင့်ရေအာဏာပိုင်အဖွဲ့(DEWA)သည် ယူအေအီးနိုင်ငံ၏ သန့်ရှင်းသောစွမ်းအင်အသွင်ကူးပြောင်းမှုကို ဦးတည်ဖော်ဆောင်နေသည့် အများသုံး EV အားသွင်းစခန်းကွန်ရက်များကို ဒူဘိုင်းမြို့တွင် လာမည့်သုံးနှစ်အတွင်း 170 % အထိ တိုးမြင့်လာစေရန် ရည်မှန်းထားပါသည်။ ဒူဘိုင်းရှိ အစိမ်းရောင် EV အားသွင်းစခန်းများမှာ လက်ရှိအချိန်တွင် အားသွင်းပွိုင့်နေရာ ၆၈၀ ကျော်ပါဝင်သည့် အားသွင်းစခန်း 370 ခုရှိနေရာမှ 2025 ခုနှစ်တွင် အားသွင်းစခန်း ၁၀၀၀ ခုကျော်အထိ တိုးတက်လာမည်ဖြစ်ပါသည်။

အဆိုပါလျှပ်စစ်စွမ်းအင်သုံး အစိမ်းရောင်ရွေ့လျားသွားလာရေးစီမံချက်များသည် ယူအေအီးနိုင်ငံ၏ ဒုတိယသမ္မတ၊ ဝန်ကြီးချုပ်နှင့် ဒူဘိုင်းဘုရင်ဖြစ်သူ Sheikh Mohammed bin Rashid Al Maktoum ၏ဒူဘိုင်းမြို့အား ကမ္ဘာ့စိမ်းလန်းသောစီးပွားရေးဗဟိုချက်တစ်ခုအဖြစ် အသွင်ပြောင်းလဲမည့်အမြင်ကို အကောင်အထည်ဖော်မည့်မဟာဗျူဟာ၏ အဓိကမဏ္ဍိုင်တစ်ရပ်ဖြစ်ပါသည်။ ယူအေအီးနိုင်ငံ၏ သန့်ရှင်းသောစွမ်းအင်မဟာဗျူဟာ 2050 နှင့် နိုင်ငံတကာစွမ်းအင်အေဂျင်စီ(IEA)၏ ကာဗွန်ဓာတ်ငွေ့ထုတ်လွှင့်မှုသုညအထိလျှော့ချရေးမဟာဗျုဟာ ၂၀၅၀ အရစွမ်းအင်၏ 100 % ကို သန့်ရှင်းသော စွမ်းအင်အရင်းအမြစ်များမှ ၂၀၅၀ ခုနှစ်မတိုင်မီတွင် ထုတ်လုပ်နိုင်ရန်ကြိုးပမ်းသွားမည်ဖြစ်ရာ 2050 ခုနှစ်တွင် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍတွင် ကာဗွန်ထုတ်လွှတ်မှုသုညဖြစ်စေရန်အတွက် လမ်းနှင့်သယ်ယူပို့ဆောင်ရေးအာဏာ ပိုင်အဖွဲ့(RTA)မှ အဆိုပါအများသုံးပို့ဆောင်ရေးကွန်ရက်များကို ပြောင်းလဲတည်ဆောက်သွားမည့် ရေရှည်မဟာဗျူဟာတစ်ရပ်အား အကောင် အထည်ဖော်ခဲ့ခြင်းဖြစ်ပါသည်။ 

ဒူဘိုင်းလျှပ်စစ်နှင့်ရေအာဏာပိုင်အဖွဲ့သည် ၎င်းတို့၏အစိမ်းရောင်ရွေ့လျားသွားလာရေးစီမံချက် ၂၀၃၀ ၏အစိတ်အပိုင်းတစ်ရပ်အဖြစ် အစိမ်းရောင် EV အားသွင်းစခန်းများကို စတင်ဆောင်ရွက်ခဲ့သည့် 2015 ခုနှစ်မှစ၍ အစိမ်းရောင်ရွေ့လျားသွားလာနိုင်မှုအပေါ် ဒူဘိုင်းမြို့၏ရွေ့လျားပြောင်းလဲသွားမှုအား ခိုင်မာစွာတိုးတက်ရရှိခဲ့ပါသည်။ အဆိုပါအစီအစဉ်အရ မှတ်ပုံတင်ထားသော EV ယာဉ်ပိုင်ရှင်အရေအတွက်သည် 2015 ခုနှစ်တွင် 14 စီးမျှသာရှိရာမှ 2023 ခုနှစ် မေလကုန်တွင် 11,000 စီးကျော်အထိ တိုးတက်လာခဲ့ပြီး မကြာမီအတွင်း နှစ်ဆတိုးတက်လာမည်ဖြစ်ကာ 2030 ခုနှစ်တွင် ဒူဘိုင်းမြို့၏လမ်းများပေါ်၌ လျှပ်စစ်ကားပေါင်း 42,000 ကျော်ရရှိရန် ရည်မှန်းထားပါသည်။

အရင်းအမြစ်   -         www.emirates247.com

(ဦးနန္ဒာစိုးမြင့်)

Category: U. A. E