U. A. E

MEA စျေးကွက်တွင်စက္ကူထုပ်ပိုးမှုဈေးကွက်ဝေစု ဒေါ်လာ ၇၄ ဘီလီယံ မြင့်တက်လာ

Last Updated:

အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံများ (MEA) ရှိ အထွေထွေထုပ်ပိုးမှုစျေးကွက်တွင် စက္ကူထုပ်ပိုးမှုဝေစုသည် e-commerce ထွန်းကားလာမှုနှင့်အတူ ရေရှည်တည်တံ့ခိုင်မြဲပြီး သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေမည့် ဖြေရှင်းချက်များအတွက် စားသုံးသူများအကြိုက်ပြောင်းလဲမှုနှင့်အတူ ဈေးကွက်ဝေစု အမေရိကန်ဒေါ်လာ ၇၄ ဘီလီယံခန့်မြင့်တက်လာသည်ကို တွေ့ရပါသည်။

လာမည့် B2B ပြပွဲကြီးဖြစ်သည့် Propaper Dubai 2023 တွင် ပါ၀င်သည့် စက်မှုကျွမ်းကျင်သူများက ဤကဲ့သို့ဝယ်လိုအားတိုးမြင့်လာသည်နှင့်အညီ ကိုဗစ်လွန်ခေတ်တွင် ထုပ်ပိုးစက္ကူစက်ကြီးများတွင် ရင်းနှီးမြုပ်နှံမှုများမြင့်တက်လာကြောင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုပစ္စည်းများ၊ ဆေးဝါးပစ္စည်းများနှင့် အလှကုန်ပစ္စည်းများကဲ့သို့သော ဈေးကွက်များရှိ ဖောက်သည်များထံမှ ဝယ်လိုအားမြင့်တက်လာခဲ့ကြောင်း ပြောကြားခဲ့ပါသည်။

Propaper 2023 တွင် ဆန်းသစ်တီထွင်မှု၏ ရှေ့ပြေးဆောင်ရွက်လျက်ရှိသော ကမ္ဘာလုံးဆိုင်ရာ စက္ကူနှင့်ထုပ်ပိုးသည့်ကုမ္ပဏီများ၏ စုပေါင်းပြပွဲကြီးကို လက်ခံကျင်းပသွားမည်ဖြစ်သည်။ အိန္ဒိယပို့ကုန်အဖွဲ့အစည်းများအသင်း(FIEO)၏ ပံ့ပိုးကူညီမှုဖြင့် အပြည်ပြည်ဆိုင်ရာ B2B အရင်းအမြစ်များဆွေးနွေးပွဲနှင့် ကုန်သွယ်ရေးပြပွဲ(Super Sourcing Dubai)တွင် ပါဝင်ပြသမည့် အဆိုပါပြပွဲကို Dubai Festival City ရှိ Festival Arena တွင် စက်တင်ဘာ ၁၂ ရက်မှ ၁၄ ရက်အထိ ဒူဘိုင်းမြို့တွင် ကျင်းပသွားမည် ဖြစ်ပါသည်။

“E-commerce ဟာ GCC နှင့် ပိုမိုကြီးမားသော MEA စျေးကွက်တွေမှာ ဆက်လက်သန်မာအားကောင်းနေပြီး ထုပ်ပိုးမှုဖြေရှင်းချက်များအတွက် ဝယ်လိုအားကို အထောက်အကူပေးစေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒေသတွင်းအထွေထွေ e-commerce စျေးကွက်မှာတော့ လာမည့်နှစ်အနည်းငယ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံကျော်လွန်သွားနိုင်ပြီး၊ ဒါဟာ စက္ကူထုပ်ပိုးမှုဖြေရှင်းချက်တွေနဲ့ စက္ကူလုပ်ငန်းတွေရဲ့လိုအပ်မှုကို သိသိသာသာလှုံ့ဆော်ပေးသွားမှာဖြစ်ကြောင်းနှင့် ရေရှည်တည်တံ့ခိုင်မြဲစေပြီး အခြားရွေးချယ်စရာအစီအစဉ်တွေနဲ့အတူ အမြတ်အစွန်းကို ရရှိစေမည်ဖြစ်ကြောင်း” ယူအေအီးနိုင်ငံရှိ Star Paper Mills စက္ကူလုပ်ငန်း၏ဦးဆောင်ညွှန်ကြားရေးမှူးဖြစ်သူ Majid Rasheed က ပြောကြားခဲ့ပါသည်။

Data Bridge Market Research အဖွဲ့၏ ဈေးကွက်သုတေသနအစီရင်ခံစာကို ကိုးကား၍ Propaper 2023 မှ ပြောရေးဆိုခွင့် ရှိသူများက ထုပ်ပိုးစက္ကူဈေးကွက်သည် စျေးကွက်ဝေစုကို ဆက်လက်ရရှိနေဦးမည်ဟုဆိုပါသည်။ 2020-2028 ခုနှစ်အတွက် ခန့်မှန်းချက်များအရ စက္ကူဈေးကွက်သည် ယူအေအီးတစ်နိုင်ငံတည်းတွင်ပင် CAGR 3.8 % နှင့် အမေရိကန်ဒေါ်လာ ၅၄ ဘီလီယံကျော်အထိ ကြီးမားလာမည်ဖြစ်ပါသည်။

"ကပ်ရောဂါကာလအတွင်းနှင့် ကပ်ရောဂါအပြီးမှာ မြင့်တက်လာခဲ့တဲ့ စက္ကူအစားအစာထုပ်ပိုးမှုတိုးတက်မှုဟာ MEA စျေးကွက်တွေ အထူးသဖြင့်အနေနဲ့ အင်တာနက်သုံးစွဲမှုအနေနဲ့ အွန်လိုင်းကူးသန်းရောင်းဝယ်ရေးမှာ ကမ္ဘာ့အထောက်အကူပေးမှုအများဆုံးအဖြစ် လုပ်ငန်းဆောင်ရွက်နေကြတဲ့ ပင်လယ်ကွေ့နိုင်ငံများမှ စက္ကူလုပ်ငန်းရှင်များအတွက် တိုးတက်မှုကို ဖော်ဆောင်ပေးခဲ့ပါတယ်။ e-commerce ထွန်းကားလာမှုနဲ့အတူ စက္ကူထုပ်ပိုးမှုဆိုင်ရာ ဖြေရှင်းချက်များအတွက် ဆေးဝါးပစ္စည်းများ၊ တစ်ကိုယ်ရေစောင့်ရှောက်မှုပစ္စည်းများနှင့် အလှကုန်ပစ္စည်းများကဲ့သို့သော လုပ်ငန်းတွေရဲ့ ဈေးကွက်ဖောက်သည်တွေရဲ့စက္ကူထုပ်ပိုးမှုဆိုင်ရာ ဖြေရှင်းချက်များအတွက် ကြီးမားလာခဲ့တာဖြစ်ကြောင်း” အိုမန်နိုင်ငံ၊ Keryas စက္ကူလုပ်ငန်းဥက္ကဋ္ဌ Omar Ali Abdullah Al Hosni က ပြောကြားခဲ့ပါသည်။

အဆိုပါကဏ္ဍတွင် ၀ယ်လိုအားတိုးမြင့်လာစေရန် ရည်ရွယ်၍ Keryas စက္ကူလုပ်ငန်းသည် ယခင် 2022 ခုနှစ် Propaper ကုန်စည်ပြပွဲအတွင်း ယူအေအီးတွင် ပြန်လည်အသုံးပြုနိုင်သည့် ထုပ်ပိုးစက္ကူစာရွက်အလိပ်ကြီးများ ထုတ်လုပ်ရန်အတွက် ထုပ်ပိုးစက္ကူကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကို ကြေညာခဲ့ပါသည်။

Star Paper Mills စက္ကူလုပ်ငန်းသည်လည်း ထုပ်ပိုးစက္ကူအပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုများကို ကြေညာခဲ့ပြီး RC Paper Machines နှင့်ပူးပေါင်း၍ အဘူဒါဘီခါလီဖာစီးပွားရေးဇုန်များ(KEZAD)တွင် ပြန်လည်အသုံးပြုနိုင်သည့် ထုပ်ပိုးစက္ကူစာရွက်အလိပ်ကြီးများထုတ်လုပ်ရန်အတွက် အမေရိကန် ဒေါ်လာ ၅၄ သန်းကျော် ရင်းနှီးမြုပ်နှံထားကြောင်း ကြေညာခဲ့ပါသည်။

Mordor Intelligence အဖွဲ့၏ဈေးကွက်သုတေသနအစီရင်ခံစာတွင် 2023-2028 အတွင်း MEA နိုင်ငံများရှိ B2C နှင့် B2B စက္ကူထုပ်ပိုးမှုဖြေရှင်းချက်များတွင် တိုးတက်မှုအနေအထားမှာ ခန့်မှန်းခြေ CAGR 4.30 ရာခိုင်နှုန်းရှိကြောင်း အတည်ပြုထုတ်ပြန်ခဲ့ပါသည်။

“စက္ကူလုပ်ငန်းဟာ လက်ရှိစီမံကိန်းတွေမှာ တိုးချဲ့မှုတွေအပြင် စက္ကူအခြေခံထုတ်ကုန်တွေအတွက် စျေးကွက်မြင့်မားလျက်ရှိတဲ့ မြစိမ်းရောင်စက္ကူလုပ်ငန်းစီမံကိန်းတွေမှာလည်း ရင်းနှီးမြုပ်နှံမှုတွေ တစ်စထက်တစ်စမြင့်တက်လာတာကို တွေ့မြင်နေရပါတယ်။ GCC နိုင်ငံတွေ တစ်ခုတည်းမှာဘဲ အွန်လိုင်းသုံးစွဲမှုကို အရှိန်မြှင့်ပေးတဲ့ ဒစ်ဂျစ်တယ်နည်းပညာကို တတ်သိနားလည်ပြီး ရေရှည်တည်တံ့ခိုင်မြဲမှုကိုလိုလားတဲ့ လူငယ်လူထုအတွင်းမှာ စက္ကူထုပ်ပိုးခြင်းကဏ္ဍရဲ့ တိုးတက်လာမှုအနေအထားဟာ သိသာထင်ရှားစေပါတယ်” ဟု အပြည်ပြည်ဆိုင်ရာစီးပွားရေးလုပ်ငန်းပြပွဲ လုပ်ငန်းစုတစ်ခုဖြစ်သည့် Verifair မှ ဦးဆောင် ညွှန်ကြားရေးမှူးဖြစ်သူ Jeen Joshua က ပြောကြားခဲ့ပါသည်။

Propaper 2023 တွင် အိန္ဒိယကုမ္ပဏီများသည် တစ်ခုတည်းသောအကြီးဆုံးပြခန်းတွင် ပါဝင်ပြသမည်ဖြစ်ပြီး တရုတ်နှင့်အီဂျစ် တို့က အခြားပြခန်းများတွင် ပါဝင်ပြသမည်ဖြစ်ပါသည်။ အိန္ဒိယနှင့် ယူအေအီးတို့ကြား အပြန်အလှန်ကုန်သွယ်မှုတိုးတက်လာနေသည့်အနေအထားတွင် အိန္ဒိယနိုင်ငံ၏ ပူးပေါင်းပါဝင်မှုသည် အလေးသာလာခြင်းဖြစ်ပါသည်။

အိန္ဒိယနှင့်ယူအေအီးတို့သည် မကြာသေးမီက ယူအေအီးနိုင်ငံစီးပွားရေးဝန်ကြီးဌာနနှင့် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(CEPA)စာချုပ်လက်မှတ်ရေးထိုးခြင်း တစ်နှစ်ပြည့်အခမ်းအနားကို ကျင်းပခဲ့ပြီး 2022 ခုနှစ် မေလမှ 2023 ခုနှစ် ဧပြီလအထိ ရေနံမဟုတ်သောကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံအထိရှိလာခဲ့ပြီး 5.8 % တိုးတက် လာခဲ့ကြောင်း ဖော်ပြထားပါသည်။

Propaper 2023 တွင် စက္ကူလုပ်ငန်းဆောင်ရွက်ကြသူများအတွက် မိမိတို့၏ထုတ်ကုန်များကို တင်ဆက်ပြသရန်၊ စီးပွားရေးမိတ်ဖက်ရှာဖွေရန်နှင့် လုပ်ငန်းကြီးမားလာစေရန်အတွက် စုဝေးရာနေရာတစ်ခုဖြစ်ပြီး ယခုဒုတိယအကြိမ်မြောက်ပြပွဲကြီးတွင် စီးပွားရေးမိတ်ဖက်များ၊ ပူးပေါင်းဆောင်ရွက်မှုများ၊ ဈေးကွက်ဝင်ရောက်မှုနှင့် ဈေးကွက်ရှာဖွေခြင်းများအပြင် ပြပွဲခင်းကျင်းပြသကြသူများအတွက် ဈေးကွက်ပိုမိုထိုးဖောက်နိုင်သည့် ဝယ်သူ-ရောင်းသူလွယ်ကူချောမွေ့စေမည့် စံပြလမ်းကြောင်းများ ခင်းကျင်းပေးထားပါသည်။

ပြပွဲတွင် ကမ္ဘာ့နေရာအနှံ့အပြားမှ ထုပ်ပိုးစက္ကူခေါင်းပွဂျပ်ပြားများထုတ်လုပ်သည့်လုပ်ငန်းများမှစ၍ စက္ကူစက်နှင့်တစ်ရှုးစက္ကူနှင့်အသွင်အမျိုးမျိုးပြောင်းလဲထုတ်လုပ်နိုင်သည့် စက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်းများအပြင် ပုံနှိပ်ခြင်းနှင့် ထုတ်ပိုးခြင်း ဆိုင်ရာ စက်ကိရိယာပစ္စည်းများထုတ်လုပ်သည့် ကျယ်ပြောသော နယ်ပယ်အသီးသီးမှ စက္ကူလုပ်ငန်းဆိုင်ရာကုမ္ပဏီများဖြင့် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

သို့ဖြစ်ပါ၍ မိမိတို့မြန်မာနိုင်ငံတွင်လည်း ပြန်လည်ဖြည့်တင်းပေးနိုင်သည့် ဝါး၊ သစ်သားအစရှိသည့် စက္ကူကုန်ကြမ်းပစ္စည်းများ ပေါများစွာထွက်ရှိသည့်အလျောက် မိုင်းကိုင်စက္ကူကဲ့သို့သော ဒေသထွက်ရိုးရာသဘာဝစက္ကူလက်မှုလုပ်ငန်းများစွာမှသည် နိုင်ငံတော်ပိုင်အဆင့်မြင့်စက္ကူစက်ရုံများအထိ အရည်အသွေးအမျိုးအစားအလိုက် စက္ကူထွက်ကုန်အမယ်စုံ ထွက်ရှိထားပြီးဖြစ်ပါသဖြင့် သက်ဆိုင်ရာအမျိုးအစားအလိုက် နိုင်ငံတကာအရည်အသွေးစံချိန်/စံနှုန်းများအတိုင်း စနစ်တကျထုတ်လုပ်ပြီး ဈေးကွက်ချိတ်ဆက်ဖြန့်ချိသွားမည်ဆိုပါက ပြည်တွင်းဈေးကွက်ဖူလုံစေမည်သာမက နိုင်ငံတကာဦးတည်ဈေးကွက်အလိုက် သတ်မှတ်စက္ကူအမျိုးအစားများကို တင်ပို့ရောင်းချနိုင်ပါက နိုင်ငံ့ဝင်ငွေတိုးတက်လာပြီး ပလပ်စတစ်ကဲ့သို့သောသွင်းကုန်များ ပိုမိုလျှော့ချသုံးစွဲလာနိုင်သည့်အတွက် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်စေမည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

အရင်းအမြစ်   -         gulftoday.ae

ပေးပို့သူ         -         ဦးနန္ဒာစိုးမြင့်

Category: U. A. E