U. A. E

ယူအေအီးနိုင်ငံသို့ ထောပတ်သီးတင်ပို့နေသည့် ကင်ညာနိုင်ငံမှထောပတ်သီးတင်သင်္ဘော အိန္ဒိယနိုင်ငံ မွမ်ဘိုင်းသို့ ပထမဆုံးရောက်ရှိ

Last Updated:

ကင်ညာနိုင်ငံသည် ရှစ်နှစ်ကြာဆွေးနွေးညှိနှိုင်းမှုများအပြီးတွင် အိန္ဒိယနိုင်ငံသို့ ၎င်း၏ပထမဆုံးသော ထောပတ်သီးတင်ပို့မှုကို အောင်မြင်စွာတင်ပို့နိုင်ခဲ့ပါသည်။ ဤကဲ့သို့"ထိခိုက်လွယ်ပြီး သက်တမ်းတိုတောင်းသော"စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းကို ကင်ညာမှအိန္ဒိယသို့ ပထမဦးဆုံးအကြိမ်တင်ပို့ခွင့်ရခြင်း ဖြစ်ပါသည်။ ကင်ညာသည် ကမ္ဘာ့ဆဋ္ဌမမြောက် ထောပတ်သီးအများဆုံးထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး ထုတ်လုပ်မှု၏ ၂၃ ရာခိုင်နှုန်းခန့်ကို နိုင်ငံအသီးသီးသို့ တင်ပို့လျက်ရှိပါသည်။

ကင်ညာနိုင်ငံသည် ယခုလအတွင်း အိန္ဒိယနိုင်ငံသို့ ထောပတ်သီးတင်ပို့မှုကို စတင်ခဲ့ပြီး ပထမဆုံးတင်ပို့မှုရောက်ရှိနေပြီဖြစ်ပါသည်။ ပထမဆုံးသင်္ဘောတင်ပို့မှုမှာ မွမ်ဘိုင်းကိုရောက်ရှိနေပြီဖြစ်ပြီး ထောပတ်သီးတန်ချိန်အမြောက်အများပါရှိကြောင်း အိန္ဒိယဆိုင်ရာ ကင်ညာဒုတိယမဟာမင်းကြီး Irene Oloo က PTI သတင်းဌာနသို့ မိတ်ဆက်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ပါသည်။

ဤသည်မှာ အာဖရိကရှိနိုင်ငံတစ်ခုမှ အိန္ဒိယနိုင်ငံသို့ တင်ပို့ရန်ခွင့်ပြုချက်ရရှိထားသော ပထမဆုံး“ထိခိုက်လွယ်ပြီး သက်တမ်းတိုတောင်းသော" စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းအမျိုအစားဖြစ်ပြီး ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့တွင် စတင်ခွင့်ပြုချက်ရရှိခဲ့ပြီး ရှစ်နှစ်ကြာညှိနှိုင်းမှုများပြူလုပ်ခဲ့ရကြောင်း သူမက ပြောကြားခဲ့ပါသည်။

ကင်ညာသည် အိန္ဒိယသို့ထောပတ်သီးများထက် သက်တမ်းပိုရှည်သော လက်ဖက်ခြောက်နှင့် ကော်ဖီများအား တင်ပို့လျက်ရှိပြီး ထောပတ်သီးများအား တင်ပို့နိုင်ရန် အိန္ဒိယနိုင်ငံရဲ့ တင်းကျပ်တဲ့အရည်အသွေးစံချိန်စံနှုန်းတွေနဲ့ကိုက်ညီဖို့ လိုအပ်သည့်အတွက် တင်ပို့ရန်ခွင့်ပြုချက်ကိုရရှိရန် ကာလအတော်ကြာညှိနှိုင်းခဲ့ရကြောင်း သူမက ဆက်လက်ပြောကြားခဲ့ပါသည်။

ဤတင်ပို့မှုမှသည် အခြားသစ်သီးများ၊ ပန်းများနှင့် ဟင်းသီးဟင်းရွက်မျိုးစုံကို ဆက်လက်တင်ပို့နိုင်စေရန်အတွက် အထောက်အကူပြုစေမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။ ကင်ညာ၏ထောပတ်သီးတင်သွင်းမှုစတင်ခြင်းသည် နှစ်နိုင်ငံကြားကုန်သွယ်မှမညီမျှမှုကို နည်းပါးစေရန်အတွက် အထောက်အကူဖြစ်စေမည်ဟု Oloo က မျှော်လင့်ထားပါသည်။

၂၀၂၂ ခုနှစ်တွင် အိန္ဒိယမှကင်ညာသို့တင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁.၇၆ ဘီလီယံရှိပြီး အိန္ဒိယသို့ကင်ညာမှတင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၇.၂၁ သန်းရှိကြောင်း သူမက ပြောကြားခဲ့သည်။အခမ်းအနားသို့ အိန္ဒိယနိုင်ငံမှ ပြည်ပရေးရာဝန်ကြီးဌာန ဒုတိယအတွင်းဝန် Swadha Rizvi လည်း တက်ရောက်ခဲ့ပါသည်။

ကင်ညာသည် ကမ္ဘာ့ဆဋ္ဌမမြောက် ထောပတ်သီးအများဆုံးထုတ်လုပ်သည့်နိုင်ငံဖြစ်ပြီး စိုက်ပျိုးဧရိယာဟက်တာ ၂၆,၀၀၀ နီးပါးနှင့် ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၄၁၆,၀၀၀ ထုတ်လုပ်မှုရှိပြီး ၂၀၁၆ ခုနှစ်ထက် နှစ်ဆထုတ်လုပ်နိုင်ခဲ့ပါသည်။

ကင်ညာနိုင်ငံသည် နယ်သာလန်၊ အမေရိကန်၊ တရုတ်၊ စပိန်၊ ယူကေ၊ ယူအေအီး၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ တူရကီနှင့် အီဂျစ်နိုင်ငံများသို့ ထောပတ်သီးထုတ်လုပ်မှု၏ ၂၃ ရာခိုင်နှုန်းခန့်ကို တင်ပို့လျက်ရှိပါသည်။

သုံးသပ်တင်ပြချက် 

oec.world ၏ ၂၀၂၁ ခုနှစ်အတွက် ထုတ်ပြန်သည့်ကုန်သွယ်မှုအချက်အလက်များအရ ယူအေအီးနိုင်ငံသို့ အပူပိုင်းဒေသသစ်သီးဝလံများကို အဓိကတင်သွင်းလျက်ရှိသောနိုင်ငံ(၅)နိုင်ငံဖြစ်သည့် ဆော်ဒီအာရေဗျ(အမေရိကန်ဒေါ်လာ ၈၈.၁ သန်း)၊ ပါကစ္စတန်(အမေရိကန်ဒေါ်လာ ၄၅.၃ သန်း)၊ ကန်ညာ(အမေရိကန်ဒေါ်လာ ၂၉.၂ သန်း)၊ အိန္ဒိယ(အမေရိကန်ဒေါ်လာ ၂၇.၉ သန်း)နှင့် အီရတ်(အမေရိကန် ဒေါ်လာ ၁၈.၄၁ သန်း)တို့အနက် အာဖရိကနိုင်ငံတစ်ခုဖြစ်သည့် ကင်ညာနိုင်ငံမှ အာရှတိုက်သို့ ထောပတ်သီးဈေးကွက်ချဲ့ထွင်ရာတွင် အိန္ဒိယနိုင်ငံသို့ ပထမဆုံးဈေးကွက်ထိုးဖောက်လာခြင်းဖြစ်ရာ အလားတူ"ထိခိုက်လွယ်ပြီး သက်တမ်းတိုတောင်းသော "စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများဖြစ်သည့် အခြားသစ်သီး ဝလံများ၊ ပန်းအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်မျိုးစုံတို့ကိုပါ အာရှဈေးကွက်သို့ ပိုမိုချဲ့ထွင်လာနိုင်သည့်အနေအထားတွင် ရောက်ရှိနေသည်ကို တွေ့မြင်ရပါသည်။ ထိုကဲ့သို့ "ထိခိုက်လွယ်ပြီး သက်တမ်းတိုတောင်းသော"စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများကို ဈေးကွက်ချဲ့ထွင်ရာတွင် ဖောက်သည်များ၏ယုံကြည်မှုကိုရရှိစေရန်အတွက် အဆိုပါနိုင်ငံ၏တင်းကျပ်သောအရည်အသွေးစံချိန်စံနှုန်းများအား ကိုက်ညီစေရန် နှစ်ကာလ ရှည်ကြာစွာညှိနှိုင်းမှုများဆောင်ရွက်ခဲ့ရသကဲ့သို့ အခြားတစ်ဘက်တွင်လည်း ၎င်းတို့၏ကုန်ပစ္စည်းအရည်အသွေးကောင်းမွန်စေရန်နှင့် ထုတ်ပိုးသိမ်းဆည်းပို့ဆောင်မှုများတွင် နိုင်ငံတကာအဆင့်မီ စီမံဆောင်ရွက်ခဲ့ရသည့်အနေအထားများရှိမည်ကို သုံးသပ်မိပါသည်။

နိုင်ငံတော်အနေဖြင့် အဆိုပါထောပတ်သီးကဲ့သို့ "ထိခိုက်လွယ်ပြီး သက်တမ်းတိုတောင်းသော "စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများကို ဈေးကွက်ချဲ့ထွင်ရာတွင်လည်း ၎င်းတို့ကဲ့သို့ ဈေးကွက်သတ်မှတ်ချိတ်ဆက်ပြီး နိုင်ငံတကာအဆင့်မီစံချိန်စံနှုန်းများဖြင့် စီမံဆောင်ရွက်သွားမည်ဆိုပါက အပူပိုင်းဒေသသစ်သီးဝလံများသာမက မုတ်သုန်ရာသီသစ်သီးဝလံများ၊ သဘာဝစိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများနှင့် ပန်းအမျိုးမျိုးနှင့်ဟင်းသီး ဟင်းရွက်မျိုးစုံတို့ကိုပါ ဈေးကွက်ချဲ့ထွင်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

အရင်းအမြစ် - economictimes.indiatimes.com, oec.world

(ဦးနန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: U. A. E