အမေရိကန်အစိုးရသည် တစ်ပိုင်းလျှပ်ကူးပစ္စည်း (Semiconductors) ထုတ်လုပ်မှုရေရှည် တည်တံ့စေရန်အတွက် သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေး (Research and Development, R&D) နှင့် ဉာဏ်ရည်တု (Artificial Intelligence, AI) နည်းပညာကဏ္ဍတွင် အမေရိကန်ဒေါ်လာ သန်း (၁၀၀) အထိ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂-၁၀-၂၀၂၄ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါထုတ်ပြန်ချက်တွင် ရေရှည်တည်တံ့သည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းအသစ်များ ထုတ်လုပ်ရာတွင် အထောက်အကူပြုနိုင်သည့် ဉာဏ်ရည်တုနည်းပညာများနှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့် စက်မှုလုပ်ငန်းများ၏ လိုအပ်ချက်နှင့်ကိုက်ညီသည့် လုပ်ငန်းစဉ်များ ဖန်တီးထုတ်လုပ်ခြင်းတို့ကို ယှဉ်ပြိုင်လျှောက်ထားနိုင်ကြောင်း၊ ၎င်းနည်းပညာများကို (၅)နှစ် အတွင်း ဒီဇိုင်းရေးဆွဲ၍ အသုံးပြုနိုင်ရမည်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်သည့်စက်မှုလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ၎င်း Chip များထုတ်လုပ် ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံလူထုကို မထိခိုက်စေဘဲ တီထွင်ဆန်းသစ်ပြီး စီးပွားရေးအရ ယှဉ်ပြိုင်နိုင်စွမ်းရှိသော နည်းပညာများဖြစ်ရမည် ဖြစ်ကြောင်းနှင့် အဆိုပါရန်ပုံငွေကို တက္ကသိုလ်၊ စက်မှုလုပ်ငန်းနှင့် ဉာဏ်ရည်တုနည်းပညာအသုံးပြု၍ သီးခြားစမ်းသပ်မှုများဆောင်ရွက်သည့် ပူးပေါင်းလုပ်ဆောင်မှုများ (Artificial Intelligence-powered autonomous experimentation, AI/AE) များကို ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)