အမေရိကန်သမ္မတဂျိုးဘိုင်ဒင်အား အီရန်နိုင်ငံ၏ ရေနံထုတ်လုပ်/သိုလှောင်သည့် အဆောက် အအုံများကို အစ္စရေးကတိုက်ခိုက်ရန်နှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ ၎င်းကအဆိုပါကိစ္စအား ဆွေးနွေးနေသည်ဟု ပြောကြားပြီးနောက်ပိုင်းတွင် ရေနံဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ အစ္စရေးစစ်တပ်က အီရန်နိုင်ငံအပေါ် တိုက်ခိုက်လာနိုင်ခြေကြောင့် ရေနံဈေးကွက်အတွင်း လှုပ်လှုပ်ရှားရှားဖြစ်ပေါ်ခဲ့ ကြောင်း၊ ၃-၁၀-၂၀၂၄ ရက်တွင် ရေနံဈေးနှုန်းသည် (၄) ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ကြောင်း၊ သမ္မတဂျိုးဘိုင်ဒင်၏ပြောကြားချက်နောက်ပိုင်း Brent Crude Oil တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၇၁) မှ ဒေါ်လာ(၇၇) အထိ ပထမဆုံးအကြိမ် မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။
အီရန်နိုင်ငံသည် အဓိကရေနံထုတ်လုပ်သည့်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး တစ်ရက်လျှင် စည်ပေါင်း (၂) သန်း၊ ကမ္ဘာ့ရေနံထုတ်လုပ်မှု၏ (၂) ရာခိုင်နှုန်းအထိ ထုတ်လုပ်လျက်ရှိကြောင်း၊ သို့ရာတွင် နိုင်ငံတကာအရေးယူပိတ်ဆို့မှုများကြောင့် ၎င်း၏ရေနံရောင်းချမှု နှောင့်နှေးခဲ့သော်လည်း ထုတ်လုပ်သည့် ရေနံများကို တရုတ်နိုင်ငံက ဝယ်ယူလျက်ရှိကြောင်း သိရှိရပါသည်။
အီရန်နိုင်ငံနှင့် အီရန်နိုင်ငံကကျောထောက်နောက်ခံပြုထားသည့် လက်ဘနွန်အခြေစိုက် ဟဇ္ဇဘိုလာအဖွဲ့နှင့် အစ္စရေးနိုင်ငံတို့အကြား တိုက်ပွဲများပြင်းထန်မှုကြောင့် ယခုရက်သတ္တပတ်အတွင်း ရေနံဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း၊ အဓိကစိုးရိမ်ရသည့်အချက်မှာ တိုက်ပွဲများပြင်းထန်လာပါက အီရန်နိုင်ငံအနေဖြင့် ရေနံအဓိကတင်ပို့သည့် ဆော်ဒီအာရေဗျနှင့် အာရပ်စော်ဘွားများပြည်ထောင်စု ကဲ့သို့သောနိုင်ငံများမှ ရေနံတင်ပို့မှုကို ကန့်သတ်လာနိုင်ကြောင်း၊ အမေရိကန်နိုင်ငံနှင့် အခြားရေနံ ထုတ်လုပ်သည့်နိုင်ငံများက ရေနံပို၍ထုတ်လုပ်လာခြင်းနှင့် တရုတ်နိုင်ငံ၏ ရေနံဝယ်လိုအား ကျဆင်းလာခြင်းတို့ကြောင့် ယခုနှစ်အတွင်း ရေနံဈေးနှုန်းသည် ပြန်လည်မြင့်တက်လာခြင်းမရှိသည် ကို တွေ့ရကြောင်း၊ ယခုနှစ်ဇွန်လတွင် ဆော်ဒီအာရေဗျနှင့် ရေနံထုတ်လုပ်သည့်နိုင်ငံ (၇) နိုင်ငံတို့ အကြား ရေနံထုတ်လုပ်မှုရပ်ဆိုင်းခြင်းကို ဖျက်သိမ်းရန် သဘောတူညီခဲ့ပြီးနောက် ရေနံဈေးနှုန်းများ ထိုသို့မြင့်တက်မလာခြင်းဖြစ်ကြောင်း၊ ဈေးနှုန်းမြင့်တက်မှုကို ခေတ္တဆိုင်းငံ့နိုင်သော်လည်း အီရန် နိုင်ငံနှင့် အစ္စရေးနိုင်ငံတို့အကြား တိုက်ပွဲများပြင်းထန်လာပါက ရေနံပို၍ထုတ်လုပ်ရန် စိုးရိမ်လာနိုင် ကြောင်း သိရှိရပါသည်။ ရေနံဈေးနှုန်းသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ (၉၀) အထိရှိခဲ့ရာမှ (၆)လအတွင်း ဈေးနှုန်းကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)