တရုတ်နိုင်ငံသည် ၎င်း၏ ပွင့်လင်းမြင်သာမှုကို ပိုမိုမြှင့်တင်ရန် ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအပေါ် ကန့်သတ်မှုများ ပြုလုပ်မည်မဟုတ်ကြောင်း သြဂုတ် ၂ ရက်တွင် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ Zhu Bing က တရုတ်နိုင်ငံသည် စျေးကွက်ဝင်ရောက်မှုကို ဖြေလျှော့ရန်နှင့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးပတ်ဝန်းကျင်ကို မြှင့်တင်ရန် နောက်ထပ်ဆောင်ရွက် မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
အထူးသဖြင့် တရုတ်နိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို အားပေးသည့်လုပ်ငန်းများ မြှင့်တင်ပေးလျက်ရှိပြီး ဆက်သွယ်ရေး (Telecom)၊ အင်တာနက်၊ ပညာရေး၊ ယဉ်ကျေးမှုနှင့် ဆေးဘက် ဆိုင်ရာ စောင့်ရှောက်မှု ကဏ္ဍများတွင် စနစ်တကျ မြှင့်တင်ဆောင်ရွက်သွားမည် ဖြစ်သည်။ အရင်းအနှီး ဈေးကွက်တွင် ရေရှည်နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများကို ပိုမိုအထောက်အကူ ဖြစ်စေရန်အတွက် ပြန်လည်ပြင်ဆင်ထားသော စည်းမျဉ်းများ (Revised rules) ကို ထုတ်ပြန်သွားမည်ဖြစ်သည်။
နိုင်ငံ၏ ခိုင်မာသော အခြေခံအဆောက်အအုံများ၊ ကြီးမားသောစျေးကွက်၊ အရည်အသွေးမြင့် စက်မှုဆိုင်ရာထောက်ပံ့မှုများနှင့် ထူးခြားသောစွမ်းရည်ရှိသည့်နယ်ပယ် အပါအဝင် တရုတ်စီးပွားရေး၏ မပြောင်းလဲသော အားသာချက်များသည် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်နိုင်ဆဲ ဖြစ်ကြောင်း Zhu မှ မှတ်ချက်ပြုခဲ့သည်။
တရုတ်နိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ယခုနှစ် ပထမနှစ်ဝက်တွင် ယွမ် ဘီလီယံ ၅၀၀ နီးပါး (အမေရိကန်ဒေါ်လာ ဘီလီယံ ၇၀ ခန့်) သို့ ရောက်ရှိခဲ့ပြီး လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်းတွင် မြင့်မားသော အဆင့်တစ်ခု ဖြစ်ခဲ့သည်။ တစ်ချိန်တည်းတွင် နိုင်ငံတွင်း၌ အသစ်မှတ်ပုံတင်ထားသော နိုင်ငံခြားငွေကြေး ထောက်ပံ့မှု ရှိသည့် ကုမ္ပဏီအရေအတွက်သည် တစ်နှစ်ထက်တစ်နှစ် ၁၄ ဒသမ ၂ ရာခိုင်နှုန်း တိုးလာသဖြင့် အရေအတွက်အားဖြင့် ၂၇,၀၀၀ နီးပါးအထိ ရှိလာပြီ ဖြစ်သည်။
အရင်းမြစ်။ https://english.news.cn/20240802/d0fb23ab936a410bbec976df60465787/c.html
လျန်ရှန်းမုန်
စီးပွားရေးသံမှူး၊တရုတ်နိုင်ငံ၊ ကူမင်းမြို့။