Japan

ဂျပန်အစိုးရအနေဖြင့် အရန်ဆန်များကို မတ်လ ၁၀ ရက်နေ့တွင် ရောင်းချသွားမည်

Last Updated:

ဂျပန်အစိုးရအနေဖြင့် နိုင်ငံ့အရန်ဆန်၏ တစ်စိတ်တစ်ပိုင်းကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း ဂျပန်စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန် ထားကြောင်း ၃-၃-၂၀၂၅ ရက်နေ့ထုတ် The Japan Times သတင်းစာတွင် “Japanese government to auction stockpiled rice on March 10” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါ သတင်းတွင် အစိုးရအနေဖြင့် နိုင်ငံအတွင်း ဆန်ဖြန့်ဖြူးမှုအခက်အခဲများ လျော့ပါး စေရေးအတွက် နိုင်ငံ့အရန်ဆန်များအနက်  တန်ချိန် ၂၁၀,၀၀၀ ကို ရောင်းချပေးသွားရန် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဆုံးဖြတ်ခဲ့ကြောင်း၊ ပထမအကြိမ် တင်ဒါခေါ်ယူရာတွင် ဆန်တန်ချိန် ၁၅၀,၀၀၀ ကို လက်ကားဆန်ရောင်းဝယ်သူများသို့ ရောင်းချသွားမည်ဖြစ်ကြောင်းနှင့်  သတ်မှတ် ချက်အနေဖြင့် တင်ဒါအောင်မြင်သူများထံမှ ဆန်များကို ပြန်လည်ဝယ်ယူသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အစိုးရမှ ၂၀၂၅ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် ရောင်းချပေးမည့် အရန်ဆန်များသည် မတ်လကုန်တွင် စတိုးဆိုင်များသို့ ဖြန့်ဖြူးရောင်းချနိုင်မည် ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ဆန် ထုတ်လုပ်မှု အလွန်အမင်းကျဆင်းခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြီးကြီးမားမား ဖြစ်ပေါ်သည့် အခါမှသာ ယခုကဲ့သို့ အရန်ဆန်များ ရောင်းချပေးခဲ့ကြောင်းနှင့် ဖြန့်ဖြူးမှုလွယ်ကူချောမွေ့ စေရေး နိုင်ငံ့အရန်ဆန်များ ရောင်းချပေးခြင်းမှာမူ ပထမဆုံးဖြစ်ကြောင်း ဖော်ပြထားပါသည်။

ပထမအကြိမ် လေလံတင်ရောင်းချမည့် အရန်ဆန်များအား သိုလှောင်ထားသည့်နေရာ၊ ရိတ်သိမ်းထားသည့် ကာလ၊ ဆန်ထွက်ရှိရာ နေရာနှင့် အမှတ်တံဆိပ်များကို အစိုးရအနေဖြင့် ထုတ်ဖော်ပြောကြားထားပြီးဖြစ်ကြောင်းနှင့် ရောင်းချသွားမည့် ဆန်အမှတ်တံဆိပ်များတွင် Aomori ပြည်နယ်မှ Masshigura ၊ Yamagata ပြည်နယ်မှ Haenuki နှင့် Miyagi ပြည်နယ်မှ Hitomebore အမှတ်တံဆိပ်များ ပါဝင်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်အစိုးရမှ ရောင်းချသွားမည့် ဆန်တန်ချိန် ၁၅၀,၀၀၀ အနက် ဆန်တန်ချိန် ၁၀၀,၀၀၀ ကို ၂၀၂၄ ခုနှစ်တွင် ရိတ်သိမ်းခဲ့ခြင်း ဖြစ်ပြီး၊ ကျန်ဆန်တန်ချိန် ၅၀,၀၀၀ ကို ၂၀၂၃ ခုနှစ်တွင် ရိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း၊ တင်ဒါအောင်မြင်သူများအနေဖြင့် ဧပြီလမကုန်မီ ဆန်များကို အပြီး သယ်ယူရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်

၂၀၂၄ ခုနှစ်၊ နွေရာသီတွင် လက်လီအရောင်းဆိုင်များ၌ ဆန်ပြတ်လပ်မှုများ ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့မှုမှာ ပြန်လည်ကောင်းမွန်လာသော်လည်း ဆန်ဈေးနှုန်းများ ဆက်လက်မြင့်တက်လျက် ရှိကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အချက်အလက်များအရ နာမည်ကြီး ဆန်အမှတ်တံဆိပ်ဖြစ်သည့် Koshihikari ၏ ဈေးနှုန်းမှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ယခင် နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၈၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ၅ ကီလိုဂရမ် တစ်အိတ်လျှင် ၄,၃၆၃ ယန်း ရှိခဲ့ကြောင်း ဖော်ပြထားပါသည်။ ဂျပန်အစိုးရအနေဖြင့် အရန်ဆန်များ ဖြန့်ဖြူး ရောင်းချပေးမှုကြောင့် ဂျပန်နိုင်ငံအတွင်း ဆန်ဈေးနှုန်းမှာ ကျဆင်းလာနိုင်ကြောင်း ခန့်မှန်းထား ပါသည်။

 

စီးပွားရေးသံမှူး၊ တိုကျိုမြို့။

 

Category: Japan