ထိုင်းနိုင်ငံနှင့် အိန္ဒိယနိုင်ငံ ပြီးလျှင် တတိယမြောက် ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်သည့် ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ကိုးလအတွင်း ဆန်တင်သွင်းမှု အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါး စံချိန်တင် ရောက်ရှိခဲ့သည်။
ပြည်ပပို့ကုန်အတွက် တန်ဖိုးမြင့်ဆန်မျိုးများကို စိုက်ပျိုးရန် တောင်သူလယ်သမားများက အာရုံစိုက်လာခြင်းကြောင့် ပြည်တွင်းကုမ္ပဏီများသည် ပြည်တွင်းဝယ်လိုအားပြည့်မီစေရန် ဆန်တင်သွင်းမှု အရှိန်မြှင့်လုပ်ဆောင်လာကြောင်း ဖော်ပြထားပါသည်။
ဗီယက်နမ်နိုင်ငံ တောင်ပိုင်းမှ ဆန်ကုန်သည် ငုယင်ဗန်ထန်း၏ အဆိုအရ ယခုနှစ်တွင် ကမ္ဘောဒီးယားမှ ၃၀ ရာခိုင်နှုန်း ပိုမိုတင်သွင်းခဲ့ကြောင်း သိရှိရပါသည်။
ဆန်တင်သွင်းမှုအများစုမှာ အဓိကအားဖြင့် မြန်မာနိုင်ငံ၊ ပါကစ္စတန်နှင့် ကမ္ဘောဒီးယား နိုင်ငံတို့မှဖြစ်ပြီး အဆိုပါနိုင်ငံများမှ တင်သွင်းသည့်ဆန်များသည် ဝင်ငွေနည်းသော စားသုံးသူများ နှင့် တိရစ္ဆာန်အစာထုတ်လုပ်သူများအတွက် ဆွဲဆောင်မှုရှိပြီး ဈေးနှုန်းမှာတစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၈၀ မှ ၅၀၀ ကြားရှိကြောင်း၊ ဗီယက်နမ်၏ ပျမ်းမျှဆန်တင်ပို့မှု စျေးနှုန်း အနေဖြင့်တစ်တန်လျှင် အမေရိကနဒေါ်လာ ၆၂၄ သို့ မြင့်တက်ခဲ့ပြီး ယခင်နှစ်ထက် ၁၃.၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။
ဗီယက်နမ်မြောက်ပိုင်းတွင် ယခုနှစ်အတွင်း ရာသီဥတုဆိုးရွားမှုကြောင့် ဆန်စပါးစိုက်ပျိုးသည့်ဧရိယာ ဟက်တာ ၃၀၀,၀၀၀ ခန့် ပျက်စီးခဲ့ကြောင်း၊ ပြည်တွင်းမှ ဆန်ရရှိမှု နည်းပါးလာသည့် အတွက် ပြည်ပမှ ရင်းမြစ်များကို ရှာဖွေကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါစိန်ခေါ်မှုများကြားမှ ဆန်တင်ပို့မှုသည် ဇန်နဝါရီမှ စက်တင်ဘာလအတွင်း ၂၃.၅ ရာခိုင်နှုန်းရှိပြီး အမေရိကန်ဒေါ်လာ ၄.၃၇ ဘီလီယံအထိ မြင့်တက်လာခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။ ဆန်တင်သွင်းမှု ပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ၈၆၀ သန်းရှိကြောင်း ဖော်ပြထားပါသည်။
Source: VN Express International
(စီးပွားရေးသံမှူး ၊မြန်မာသံရုံး ၊ဟနွိုင်းမြို့)