မက္ကဆီကိုနိုင်ငံသည် တရုတ်သွင်းကုန်များအပေါ်မှီခိုနေရမှုကိုလျှော့ချလိုပြီး နိုင်ငံအတွင်း အသုံးပြုလျက်ရှိသည့် တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများနှင့် အစိတ်အပိုင်းများကိုဖော်ထုတ်လျက် ပြည်တွင်း၌ထုတ်လုပ်သွားရန် နိုင်ငံအတွင်းရှိ ကမ္ဘာ့အကြီးဆုံးကုန်ထုတ်လုပ်ငန်းများနှင့် နည်းပညာ လုပ်ငန်းအချို့ကိုခေါ်ယူမေးမြန်းခဲ့ကြောင်း၊ ယခင်ရက်သတ္တပတ်အတွင်း မက္ကဆီကိုသမ္မတအဖြစ် တာဝန်ယူခဲ့သည့် Ms. Claudia Sheinbaum ကလည်း တရုတ်၊ မလေးရှား၊ ဗီယက်နမ်နှင့် ထိုင်ဝမ် တို့တွင်ထုတ်လုပ်သည့် ကုန်ပစ္စည်းများနှင့် အစိတ်အပိုင်းများနေရာတွင် အမေရိကန်မော်တော်ယာဉ် လုပ်ငန်းများ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်းများ (Semiconductor manufacturers)နှင့် အခြား စက်မှုလုပ်ငန်းကဏ္ဍကြီးများဖြစ်သည့် လေယာဉ်တည်ဆောက်ခြင်း စက်မှုလုပ်ငန်းများနှင့် လျှပ်စစ်ကဏ္ဍလုပ်ငန်းများနှင့်အစားထိုးလိုသည်ဟု ကုန်သွယ်ရေး ဒုတိယ ဝန်ကြီး Mr. Luis Rosendo Gutiérrez က ပြောကြားခဲ့ပြီး ဆက်လက်၍ ၎င်းက “မက္ကဆီကိုနိုင်ငံ အနေဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကွင်းဆက်ကို ထောက်ပံ့ရန် အလေးထားဆောင်ရွက်လို ကြောင်း” ပြောကြားခဲ့ပါသည်။
အဆိုပါအစီအစဉ်သည် ကုန်ထုတ်လုပ်မှုကဏ္ဍရှိရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရာတွင် နှစ်ပေါင်းများစွာကြာ မက္ကဆီကိုနိုင်ငံ၏ပြိုင်ဖက်ဖြစ်သည့် တရုတ်နိုင်ငံအပေါ် အဓိကထား၍ ဆောင်ရွက်ခြင်းဖြစ်သည်ဟု မက္ကဆီကိုအကြံပေးလုပ်ငန်း Empra က ၎င်း၏ရင်းနှီးမြှုပ်နှံသူများသို့ ပေးပို့သည့်မှတ်တမ်းတွင် ဖော်ပြထားကြောင်း၊ အမေရိကန်နိုင်ငံ၏အခြေအနေသည် ပြောင်းလဲလာ ပြီး ၎င်း၏ပြည်တွင်းလုပ်ငန်းများကို အကာအကွယ်ပေးခြင်း (Protectionism) အယူအဆနှင့် ပတ်သက်သည့် အများသဘောဆန္ဒအသစ်တစ်ရပ်လည်း ပေါ်ပေါက်လာခဲ့ကြောင်း၊ အမေရိကန်နှင့် တရုတ်တို့အကြား ကုန်သွယ်ရေးပဋိပက္ခကို ကြုံတွေ့နေရကြောင်း သိရှိရပါသည်။
မက္ကဆီကိုသမ္မတသစ် Ms. Claudia Sheinbaum အစိုးရ၏အစီအစဉ်မှာ ၂၀၂၆ ခုနှစ်တွင် အမေရိကန်-မက္ကဆီကို-ကနေဒါ သဘောတူစာချုပ် (U.S.-Mexico-Canada Agreement, USMCA) အပေါ် သုံးသပ်ရန်ဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဒုတိယနှစ်ဝက်မှစတင်၍ ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းမှုကို စတင်သွားရန်ဖြစ်ကြောင်း၊ မြောက်အမေရိကန်ကုန်သွယ်ဖက်နိုင်ငံများအကြား USMCA သဘောတူ စာချုပ်ချုပ်ဆိုခဲ့သည့် ၂၀၁၈ ခုနှစ် ကဲ့သို့မဟုတ်ဘဲ ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းမှုများသည် ပို၍ ရှုပ်ထွေးလာနိုင်ကြောင်း၊ ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းမှုများတွင် အဓိကအကြောင်းအရာများအဖြစ် တရုတ်နိုင်ငံနှင့်ကုန်သွယ်မှု၊ အမေရိကန်နိုင်ငံသို့ အကောက်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နိုင်ရန် အတွက် ကုန်စည်များတွင် မြောက်အမေရိကန်နိုင်ငံထုတ်ပစ္စည်းများပါဝင်မှု (North American content) တိုးမြှင့်ခြင်းအတွက်လိုအပ်ချက်များစသည့် အကြောင်းအရာများကို ဆွေးနွေးလာနိုင် ကြောင်း သိရှိရပါသည်။
အမေရိကန်နိုင်ငံ၏ဥပဒေပြုသူများနှင့် စက်မှုလုပ်ငန်းများက တရုတ်နိုင်ငံသည် အမေရိကန် ကသတ်မှတ်သည့်အကောက်ခွန်နှုန်းကို ရှောင်ရှားရန်အတွက် မက္ကဆီကိုနိုင်ငံအား ဝင်ပေါက်အဖြစ် အသုံးပြုမည်ကို စိုးရိမ်လျက်ရှိကြသော်လည်း ယင်းအချက်နှင့်ပတ်သက်၍ အထောက်အထားမရှိဟု မက္ကဆီကို ဒုတိယကုန်သွယ်ရေးဝန်ကြီးကဆိုကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း တရုတ်နည်းပညာမြင့် ကုန်ပစ္စည်းများသည် ကမ္ဘာတစ်ဝှမ်းနိုင်ငံများသို့ အလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့ကြောင်း၊ အမေရိကန်နှင့် ကနေဒါနိုင်ငံတို့က ၎င်းတို့၏ပြည်တွင်းစက်မှုလုပ်ငန်းများကိုကာကွယ်ရန် တရုတ် လျှပ်စစ်မော်တော်ယာဉ်၊ သံမဏိနှင့် အလူမီနီယံကုန်ပစ္စည်းများကို အကောက်ခွန်တိုးမြှင့် သတ်မှတ်ခဲ့ကြောင်း၊ တရုတ်လျှပ်စစ်မော်တော်ယာဉ်များ၊ ဆိုလာပြားနှင့် အခြားကုန်ပစ္စည်းများသည် အနောက် နိုင်ငံထုတ်ကုန်ပစ္စည်းများထက် ပို၍ကောင်းမွန်ကာ ဈေးသက်သာသဖြင့် ယခုကဲ့သို့ အကောက်ခွန် နှုန်းတိုးမြှင့်ခြင်းဖြစ်သည်ဟု အကောက်ခွန်တိုးမြှင့်ခြင်းနှင့်ပတ်သက်ကာ တရုတ်အစိုးရအရာရှိများက တုံ့ပြန်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
မက္ကဆီကိုနိုင်ငံအနေဖြင့် USMCA သဘောတူစာချုပ်အရ အမေရိကန်နိုင်ငံသို့ ၎င်း၏ပို့ကုန်များကို တိုးမြှင့်တင်ပို့လိုပြီး ၂၀၂၃ ခုနှစ်တွင် အမေရိကန်နိုင်ငံသို့ ပို့ကုန်အများဆုံးတင်ပို့သည့် တရုတ်နိုင်ငံ ကို ကျော်လွန်ခဲ့ကြောင်း၊ သို့ရာတွင် မက္ကဆီကိုနိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှထွက်ခွာလိုကြသည့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရာတွင် တရုတ်နိုင်ငံနှင့်အနီးအနားကိုရှာဖွေသည့်ဖြစ်စဉ်များကြောင့် အခက်အခဲနှင့်ကြုံတွေ့ရကြောင်း၊ တစ်ချိန်တည်းမှာပင် မက္ကဆီကိုနိုင်ငံသို့တင်သွင်းသည့် တရုတ်ကုန်ပစ္စည်းများသည် ယခုနှစ်များတွင် အဖြေးဖြေးတိုးလာခဲ့ရာ စုစုပေါင်းသွင်းကုန်၏ (၂၀) ရာခိုင်နှုန်း အထိ ရှိလာခဲ့ကြောင်း၊ မက္ကဆီကိုသွင်းကုန်စုစုပေါင်း၏ (၇၀) ရာခိုင်နှုန်းမှာ အာရှနိုင်ငံများမှဖြစ်ပြီး နိုင်ငံခြားကုမ္ပဏီ (၅၀)ခန့်က ဝယ်ယူတင်သွင်းခြင်းဖြစ်ရာ ယင်းကုမ္ပဏီတစ်ဝက်ခန့်မှာ အမေရိကန် မော်တော်ယာဉ်လုပ်ငန်းများ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ငန်းများနှင့် လေယာဉ်တည်ဆောက် သည့် စက်မှုလုပ်ငန်းကြီးများဖြစ်ကြောင်း သိရှိရပါသည်။
မက္ကဆီကိုအစိုးရအနေဖြင့် ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်မှု အန္တရာယ်ကို လျှော့ချရန်ရည်ရွယ်လျက် အမေရိကန်ဈေးကွက်နှင့် နီးကပ်စွာတည်ရှိမှုကို အခွင့်အကောင်းယူရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိကြောင်း၊ တရုတ်သွင်းကုန်များကို မက္ကဆီကို သွင်းကုန်များနှင့်အစားထိုးခြင်းဖြင့် မြောက်အမေရိကန်ကုန်သွယ်မှုကွန်ရက်ကို ပို၍ခိုင်မာ အားကောင်းလာစေကာ အမေရိကန် ကုန်ထုတ်လုပ်ငန်းများအတွက် ယုံကြည်စိတ်ချရသည့် ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်ကို တိုးတက်လာစေမည်ဖြစ်သကဲ့သို့ ကမ္ဘာ့စီးပွားရေးတွင် မြောက်အမေရိကန်နိုင်ငံများ၏အဆင့်အတန်း ကိုလည်း တိုးတက်စေမည်ဖြစ်ကြောင်းသိရှိရသည်။
မက္ကဆီကိုအစိုးရအရာရှိများက ၎င်းတို့နိုင်ငံတွင်လာရောက်လုပ်ကိုင်ရေးဖိတ်ခေါ်ရန် ချဉ်းကပ်ခဲ့သည့်ကုမ္ပဏီတစ်ခုမှ အမှုဆောင်အရာရှိတစ်ဦး၏ ပြောဆိုချက်အရ မက္ကဆီကိုနိုင်ငံအနေဖြင့် နည်းပညာမြင့်မားသည့်တရုတ်ကုန်စည်များနှင့် အစိတ်အပိုင်းများကို အစားထိုးထုတ်လုပ်နိုင်ရန် ရေရရှိမှုနှင့် စက်မှုဇုန်များသို့လျှပ်စစ်ဓာတ်အားရောက်ရှိမှုစသည့် အခြေခံအဆောက်အအုံများ မရှိ သေးကြောင်း၊ နိုင်ငံ၏ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်မှာလည်း ဆယ်စုနှစ်တစ်စုခန့်ကြာမြင့်နိုင်ကြောင်း၊ “သွင်းကုန်အစားထိုးခြင်း(Import Substitution)” လုပ်ငန်း စဉ်သည် အပြောလွယ်သော်လည်း လက်တွေ့တွင်ခက်ခဲရာ အရင်းအမြစ်နှင့် ကျွမ်းကျင်မှု အပြင် အချိန်လည်းလိုအပ်ကြောင်း၊ ယခင်နှစ်(၃၀)ခန့်က လက်မှတ်ရေးထိုးခဲ့သည့် မြောက်အမေရိကန်နိုင်ငံများ၏လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် (North American Free Trade Agreement, NAFTA) အရ မက္ကဆီကိုနိုင်ငံသည် ၎င်း၏စက်မှုကဏ္ဍကို ပြောင်းလဲနိုင်ခဲ့ရာ မော်တော် ယာဉ်၊ ဘီယာနှင့် Flat-panel ရုပ်မြင်သံကြားစက်များတင်ပို့မှုအများဆုံးနိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သော် လည်း အာရှနိုင်ငံများတွင်ထုတ်လုပ်သည့် နည်းပညာမြင့်မားသည့် Thin glass panel များကို ထုတ်လုပ်နိုင်ခြင်းမရှိကြောင်း သိရှိရပါသည်။
မက္ကဆီကိုဘဏ္ဍာရေးဝန်ကြီး Mr. Rogelio Ramírez de la O က မက္ကဆီကိုနိုင်ငံအနေဖြင့် နှစ်စဉ် တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာ ဘီလီယံ (၁၁၉) သန်းဖိုး ကုန်ပစ္စည်းများ ဝယ်ယူလျက် အမေရိကန်ဒေါ်လာ ဘီလီယံ (၁၁) သန်းဖိုးသာ တရုတ်သို့ ရောင်းချသဖြင့် တရုတ်နှင့်ကုန်သွယ်မှုကို ပြန်လည်သုံးသပ်သင့်ကြောင်းနှင့် စားသုံးမှုထက်ပို၍ထုတ်လုပ်သင့်ကြောင်း ပြောကြားခဲ့ပါသည်။
(ဇာစ်မြစ်။ Wall Street Journal)
(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)