Vietnam

ဗီယက်နမ်နိုင်ငံသည် ၉ လတာ ကာလအတွင်း နိုင်ငံခြားခရီးသွားဧည့်သည် ၁၂.၇ သန်းကို ကြိုဆိုခဲ့

Last Updated:

ဗီယက်နမ်နိုင်ငံသည် ၂၀၂၄ ခုနှစ် ကိုးလတာ ကာလအတွင်း နိုင်ငံခြားခရီးသွားဧည့်သည် ၁၂.၇သန်းကို ကြိုဆိုခဲ့ကြောင်း အထွေထွေစာရင်း အင်းရုံး(GSO)၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

အဆိုပါကာလအတွင်း ခရီးသွားလုပ်ငန်းမှ စုစုပေါင်း၀င်ငွေသည် ဗီယက်နမ်ဒေါင် ၄၅.၆ ထရီလီယံ (ဒေါ်လာ ၁.၈၂ ဘီလီယံ) ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

ကိုရီးယားသမ္မတနိုင်ငံမှ ခရီးသွားဧည့်သည် ၃.၃ သန်း လာရောက်ခဲ့ပြီး အကြီးဆုံး ဈေးကွက်အဖြစ် ရပ်တည်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံမှ လာရောက်လည်ပတ်သူ ၂.၇ သန်း ရှိကြောင်း၊ အဆိုပါ အရှေ့မြောက်အာရှနိုင်ငံနှစ်ခုသည် ဗီယက်နမ်နိုင်ငံ၏ ခရီးသွားစျေးကွက်ဝေစု၏ ၄၈ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြထားသည်။

၎င်းတို့နောက်တွင် ထိုင်ဝမ် (တရုတ်)၊ အမေရိကန်၊ ဂျပန်နှင့် မလေးရှားတို့ ရပ်တည် လျက်ရှိပြီး ဗီယက်နမ်၏ အခြားထိပ်တန်း ခရီးသွားရင်းမြစ် ၁၀ ခုတွင် သြစတြေးလျ၊ အိန္ဒိယ၊ ကမ္ဘောဒီးယားနှင့် ထိုင်းတို့ ပါဝင်ကြောင်း သိရှိရပါသည်။

အာရှမှခရီးသွားဧည့်သည် စုစုပေါင်း ၁၀.၁၂ သန်းကျော်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၄၇.၇ ရာခိုင်နှုန်း တိုးလာကြောင်း၊ ဥရောပမှ ခရီးသွားဧည့်သည်၁.၄ သန်းကျော် ရောက်ရှိခဲ့ပြီး ၄၀ ရာခိုင်နှုန်းနီးပါး တိုးလာကြောင်း၊ အမေရိကမှ လာရောက်သူ ၇၃၆,၆၀၀ ရှိပြီး ၇.၉ ရာခိုင်နှုန်း တိုးလာကြောင်း၊ ဩစတြေးလျမှ လာရောက်သူ ၃၉၁,၃၀၀ ရှိပြီး ၂၅.၈ ရာခိုင်နှုန်း တိုးလာကြောင်း၊ အာဖရိကမှ လာရောက်သူ ၃၈,၈၀၀ရှိပြီး ၉၀.၇ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။

ယခုနှစ်ကိုးလအတွင်း ခရီးသွားကဏ္ဍတိုးတက်မှုသည် ဗီယက်နမ်နိုင်ငံ၏ ဗီဇာမူဝါဒနှင့် ခရီးသွားမြှင့်တင်ရေး အစီအစဉ်များအပြင် နိုင်ငံ တကာအဖွဲ့အစည်းများမှ ပေးအပ်သည့် ခရီးသွား လုပ်ငန်းဆုများကြောင့်ဖြစ်သည်ဟု GSO ၏ အထွေထွေညွှန်ကြားရေးမှူး Mr. Thi Huong ပြောကြားချက်အရ သိရှိရပါသည်။

Source: VN economy

(စီးပွားရေးသံမှူး၊မြန်မာသံရုံး၊ဟနွိုင်းမြို့)

Category: Vietnam