စံချိန်တင်မြင့်မားခဲ့သော ကမ္ဘာ့ကိုကိုးဈေးသည် ဂျာမနီ၏ ချော့ကလက်ဝယ်လိုအားကို ၂၀၂၄ ခုနှစ်တွင် ၁.၆ ရာခိုင်နှုန်းခန့်သာ လျော့ကျစေခဲ့ကြောင်း ယခုနှစ် (၂၀၂၄ခုနှစ်) ၏ ပထမ (၉)လ ပတ်ဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များနှင့်အတူ National Statistics Agency (Destatis) က ၃-၁၂-၂၀၂၄ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။
အထူးသဖြင့် အာဖရိကအနောက်ပိုင်းတွင် သီးနှံအထွက်နှုန်းကျဆင်းခြင်း၊ သင်္ဘောတင်ခ ဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် ချောကလက်ပြုလုပ်ရာတွင် အရေးကြီးဆုံး ကုန်ကြမ်းဖြစ်သည့် ကိုကိုးစေ့ဈေးနှုန်းများမြင့်တက်လာခြင်းတို့ကြောင့် ယခုနှစ် ချော့ကလက်ဈေးနှုန်းမှာ ၂၀၂၃ ခုနှစ် နှင့် နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်းခန့် မြင့်တက်သွားကြောင်း သိရှိရပါသည်။
သို့သော် ဂျာမနီတွင် မကြာသေးမီနှစ်များကပင် ချော့ကလက်ဈေးနှုန်းများ မြင့်တက်နေသော်လည်း လူတစ်ဦးချင်းစီ၏ ချောကလက်စားသုံးမှုသည် မြင့်မားနေဆဲဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ဂျာမန်နိုင်ငံသား (၁)ဦးသည် ပျမ်းမျှတစ်နှစ်လျှင် ချောကလက် (၉)ကီလိုဂရမ်(ပေါင်၂၀ ခန့်) စားသုံးကြောင်းနှင့် ၂၀၂၃ ခုနှစ်တွင် (၁၀) ကီလိုဂရမ်နီးပါးအထိ စားသုံးကြကြောင်း ဖော်ပြထားပါသည်။ အထူးသဖြင့် ဂျာမနီတွင် အားလပ်ရက်ရာသီဖြစ်သော ခရစ္စမတ်မတိုင်မီ အကြို တနင်္ဂနွေ(၄)ပတ် (Advent)အချိန်၌ ခရစ္စမတ်ဈေးရောင်းပွဲများတွင် ရောင်းချသော ချော့ကလက်အပူ(hot chocolate) များမှာ ဝယ်လိုအား ပိုမိုများပြားပြီး အလွန်ထင်ရှား ကျော်ကြားကြောင်း သိရှိရပါသည်။ ထို့ပြင် St. Nicolas ၏ နောက်ဆုံးနေ့အဖြစ် ပွဲတော်ကျင်းပသည့် ဒီဇင်ဘာလ (၆)ရက်တွင် ကလေးများအား ချောကလက် လက်ဆောင်ပေးလေ့ရှိသည့် ဓလေ့လည်းရှိပါသည်။
ယမန်နှစ် (၂၀၂၃ ခုနှစ်) တွင် ဂျာမန်သကြားလုံး/ ချော့ကလက် ထုတ်လုပ်သည့် လုပ်ငန်းများမှ ချော့ကလက်တန်ချိန် (၁.၁၄) သန်းခန့်၊ တန်ဖိုးအားဖြင့် ယူရို (၆.၅) ဘီလီယံခန့် (အမေရိကန် ဒေါ်လာ(၆.၈) ဘီလီယံခန့်) ထုတ်လုပ်ခဲ့ရာ ယင်းပမာဏသည် ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၄.၆ ရာခိုင်နှုန်းခန့် တိုးတက်လာကြောင်းနှင့် ချော့ကလက်ရောင်းချရငွေ ကိန်း ဂဏန်းအများအပြားကို တွေ့ရှိရခြင်းသည် ချော့ကလက်ဈေးနှုန်းများ ရုတ်တရက်မြင့်တက်လာ သော်လည်း ဂျာမန်စားသုံး သူများအနေဖြင့် ယင်းသို့ဈေးနှုန်းမြင့်တက်မှုကိုလက်ခံကာ ဆက်လက် စားသုံးနေကြခြင်းကြောင့် ဖြစ်ကြောင်း Destatis က ဖော်ပြထားပါသည်။
Source: https://www.dw.com/en/germany-cant-quit-chocolate-despite-record-high-prices/a-70946527
စီးပွားရေးသံမှူး၊ ဘာလင်