BRICS အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် နိုင်ငံအတွင်းသို့ ခရီးသွားဝင် ရောက်မှုတိုး မြင့်လာစေမည်ဟု မလေးရှားက ယုံကြည်ကြောင်း မော်စကိုမြို့ရှိ၊ ရုရှားနိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီး Mr. Cheong Loon Lai က TASS သတင်းဌာနသို့ ပြောကြားခဲ့သည်။
BRICS အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုနှင့်စပ်လျဉ်းသည့် မေးခွန်းအပေါ် မလေးရှား သံအမတ်ကြီးက မလေးရှားနိုင်ငံသို့ ရုရှားခရီးသွားများ လာရောက်လည်ပတ်မှု ပိုမိုတိုးတက်လာ စေမည်ဖြစ်သည့်အပြင် အခြားစီးပွားရေးကဏ္ဍအသီးသီးကိုလည်း ဖွံ့ဖြိုးတိုးတက်စေရန် အထောက်အကူပြုစေမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။
ရုရှားနိုင်ငံ၊ ကာဇန်မြို့တွင် ကျင်းပခဲ့သည့် BRICS ထိပ်သီးအစည်းအဝေးအပြီးတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က BRICS အဖွဲ့၏ မိတ်ဖက်နိုင်ငံများစာရင်းကို သဘောတူညီခဲ့ ကြောင်းကြေညာခဲ့သော်လည်း နိုင်ငံစာရင်းအပြည့်အစုံကို ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိကြောင်း သိရသည်။
မီဒီယာများ၏ ဖော်ပြချက်အရ အင်ဒိုနီးရှား၊ မလေးရှားနှင့် ထိုင်းနိုင်ငံတို့က BRICS အဖွဲ့၏မိတ်ဖက်နိုင်ငံများစာရင်းတွင်ပါဝင်ပြီး ဗီယက်နမ်နိုင်ငံသည် BRICS အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများ စာရင်းတွင်ပါဝင်ရန် အလားအလာများကြောင်း သိရသည်။
၂၀၂၃ ခုနှစ်တွင် ရုရှားခရီးသွား ၁၁၀,၀၀၀ ခန့်သည် မလေးရှားနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ခရီးသွား ၁၄၀,၀၀၀ ခန့်ထိ ၃၀ ရာခိုင်နှုန်း တိုးတက် လာရောက် လည်ပတ်မည်ဟု မလေးရှားခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့က မျှော်မှန်းထားကြောင်း သိရသည်။
Source : https://tass.ru/ekonomika/22607937
(စီးပွားရေးသံမှူး၊ မော်စကိုမြို့)