India (Kolkata)

အိန္ဒိယနိုင်ငံအပါအဝင် ကမ္ဘာ့ဆန်ဈေးကွက်တွင် ဆန်ဈေးနှုန်း ၅ ရာခိုင်နှုန်းကျော် ကျဆင်း

Last Updated:

ပြီးခဲ့သည့် သီတင်းပတ်သုံးခုအတွင်း အိန္ဒိယနိုင်ငံအပါအဝင် ကမ္ဘာ့ဆန်ဈေးကွက်တွင် ဆန်ဝယ်လို အားကျဆင်းလာခြင်း၊ ထုတ်လုပ်မှုနှင့် ရောင်းလိုအားမြင့်တက်လာခြင်းတို့ကြောင့် ဆန်ဈေးနှုန်း ၅ ရာခိုင်နှုန်းကျော်ကျဆင်းခဲ့ကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၉ ရက်က ဖော်ပြသည်။

ယခုနှစ်တွင် ဆန်ဈေးနှုန်းများ သိသိသာသာကျဆင်းလာခဲ့ကြောင်း၊ ဥပမာ ဒီဇင်ဘာလ အစောပိုင်းက ချန်နိုင်းမှ Sona Masuri ဆန်ဈေးသည် ၁ ကီလိုဂရမ်လျင် ၄၂ ရူပီးမှ ၆၂ ရူပီးသို့ ကျဆင်းခဲ့ကြောင်း၊ အလားတူ ဥရောပသမဂ္ဂ စံချိန်စံညွှန်းမှီ  Sona Masuri ဆန် ဈေးသည် ၁ ကီလိုဂရမ် လျင် ၅၂ ရူပီးမှ ၅၄ ရူပီးသာရှိကြောင်း နယူးဒေလီမြို့ အခြေစိုက် ကုန်သွယ်ရေးလေ့လာသူ S Chandrasekaran က ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံမှ ဈေးနှုန်းသက်သာသောဆန်များကို ဗီယက်နမ် နှင့် စင်ကာပူနိုင်ငံများသို့လည်းကောင်း ဈေးနှုန်းမြင့်သော ဆန်များကို ဥရောပနှင့် အမေရိကန် ပြည်ထောင်စုသို့လည်းကောင်း ရောင်းချကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံမှ ဆန်အဝယ် အမှာစာများ ရပ်တန့်သွားပြီဖြစ်ကြောင်း၊ ၎င်းအစိုးရမှ အမြင့်ဆုံး ထားရှိရမည့် ဆန်ဈေးနှုန်းအား သတ်မှတ်ခဲ့သည့်အတွက် သွင်းကုန်များကျဆင်းသွားခဲ့ကြောင်း၊ ထို့ကြောင့် နောက်ထပ်စုံစမ်းမေးမြန်းလာမှုများလည်း မရှိသေးဟု Rajathi Group ပို့ကုန်လုပ်ငန်းမှ ဒါရိုက်တာ M Madan Prakash က ပြောကြားခဲ့သည်။

အိန္ဒိယဆန်တင်ပို့သူများမှ အာမခံနှင့် ကုန်တင်စရိတ်အပါအဝင် ၁ တန်လျင် ကန်ဒေါ်လာ ၅၈၀ ခန့်ဖြင့် ရောင်းချရန် ကမ်းလှမ်းထားသော်လည်း မလေးရှားနိုင်ငံမှ ဆန်ဝယ်ယူသူများမှ ၁ တန်လျင် ကန်ဒေါ်လာ ၄၉၀ ဖြင့်ရောင်းချပေးရန် ဈေးဆစ်ခဲ့ကြောင်း၊ သို့သော် ဆန်တင်ပို့သူများအနေဖြင့် ကုန်တင် စရိတ်များ ကြီးမြင့်သည့်အတွက် အဆိုပါဈေးနှုန်းဖြင့် ရောင်းချလိုခြင်း မရှိကြကြောင်း သိရသည်။

အိန္ဒိယဆန်ဈေးနှုန်းမှာ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့မှ ဆန်ဈေးနှုန်းများနှင့် နှိုင်းယှဉ်လျင် များစွာ လျှော့ကျသွားခြင်းမျိုး မရှိဟု အိန္ဒိယဆန်တင်ပို့ရောင်းချသူများအသင်း (The Rice Exporters Association -TREA) ဥက္ကဋ္ဌ BV Krishna Rao က ပြောကြားခဲ့သည်။ ဒေါ်လာနှင့် ချိတ်ဆက်သော ရူပီးဈေးကျဆင်းသဖြင့် ဆန်ဈေးနှုန်းကျဆင်းပြီး အိန္ဒိယဆန်ဝယ်လိုအား ကျဆင်းလာကြောင်း နယူး ဒေလီမြို့အခြေစိုက် ဆန်ကုန်သည်တစ်ဦးဖြစ်သူ Rajesh Paharia Jain က ပြောကြားခဲ့သည်။

လက်ရှိဖြစ်ပေါ်လျက်ရှိသော ဆန်ဈေးနှုန်းများကို ကြည့်လျင် ထိုင်းနိုင်ငံမှ ဆန်ကွဲ ၅ ရာခိုင်နှုန်းပါ ဆန်မှာ ၁ တန်လျင် ကန်ဒေါ်လာ ၄၉၄ ရှိပြီး၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ လလယ်က ၁ တန်လျင် ကန်ဒေါ် လာ ၅၂၃ ရှိသဖြင့် ကျဆင်းခဲ့ကြောင်း ထိုင်းနိုင်ငံ ဆန်တင်ပို့ရောင်းချသူများအသင်း (Thai Rice Exporters Association) မှ သိရသည်။ အိန္ဒိယမှ အလားတူဆန်၏ ဈေးနှုန်းမှာ ၁ တန်လျင် ကန်ဒေါ်လာ ၄၄ရ မှ ၄၅၁ ဖြင့်လည်းကောင်း၊ ဗီယက်နမ်နိုင်ငံမှ ၁ တန်လျင် ကန်ဒေါ်လာ ၄၆၀ မှ ၄၆၄ ဖြင့်လည်း ကောင်း ဈေးဖွင့်ထားကြောင်း သိရသည်။

ပေါင်းဆန်ဈေးကွက်တွင်မူ အိန္ဒိယမှ နှာတစ်ဖျားအသာစီးရရှိလျက်ရှိပြီး ၁ တန်လျင် ကန်ဒေါ်လာ ၄၄၀ မှ ၄၄၄ ဖြင့် ကမ်းလှမ်းရောင်းချလျက်ရှိစဉ် ပါကစ္စတန်ပေါင်းဆန်မှာ ကန်ဒေါ်လာ ၄၆၂ မှ ၄၆၆ ဖြင့် လည်းကောင်း၊ ထိုင်းပေါင်းဆန်မှာ ကန်ဒေါ်လာ ၅၀၆ ဖြင့်လည်းကောင်း ကမ်းလှမ်းရောင်းချလျက်ရှိ ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် မည်သည့် ဆန်စက်ကမျှ ဆန်လက်ကျန်များ ချန်ထားလိုခြင်းမရှိဟု Chandrasekaran က ပြောကြားခဲ့သည်။ ယင်းအချက်က ခါရစ်(မိုးရာသီ)တွင် ဆန်စပါး စံချိန်တင်ထွက်ရှိ ထားကြောင်း ပြသလျက်ရှိကြောင်း သိရသည်။ လက်ရှိ သီးနှံနှစ်အတွင်း ခါရစ် စပါးအထွက်နှုန်းသည် တန်ချိန် ၁၁၉ ဒသမ ၃၄ သန်းရှိကာ၊ ယခင်နှစ်ကာလတူက တန်ချိန် ၁၁၃ ဒသမ ၂၆ သန်းသာ ထွက်ရှိ သည့်အတွက် စံချိန်တင် တိုးတက်လာခဲ့ကြောင်း အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများ ဖူလုံရေးဝန်ကြီးဌာနမှ ခန့်မှန်းထားသည်။ အမေရိကန်ပြည်ထောင်စု စိုက်ပျိုးရေးဌာန (USDA) နှင့် The trade တို့မှ ယခုနှစ် သီးနှံရာသီအတွက် အိန္ဒိယနိုင်ငံ၏ ဆန်စပါးထုတ်လုပ်မှုကို တန်ချိန် ၁၃၇ သန်းခန့် ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံမှ ဆန် ကုန်သေတ္တာ ၅၀၀ ခန့်သည် မလေးရှားနိုင်ငံ Pasir Gudang ဆိပ်ကမ်း၌ ရွေးယူမည့်သူမရှိပဲ ပိတ်မိလျက်ရှိကြောင်း၊ ဆန်ဈေးနှုန်းများ ရုတ်တရက်ကျဆင်းခဲ့သည့်အတွက် ဆန်ဝယ်သူများက လက်ခံရန် ငြင်းပယ်ခဲ့သည့်အတွက် ယင်းသို့ ဆိပ်ကမ်း၌ ပိတ်မိလျက်ရှိနေကြောင်း Prakash က ပြောကြားခဲ့သည်။ ထို့ကြောင့် ဆန်တင်ပို့သူများအနေဖြင့် အဆိုပါဆန်များကို ရရာဈေးနှုန်း ဖြင့် ရောင်းချသွားရန်ရှိပြီး၊ ယင်းအချက်ကလည်း ဆန်ဈေးကွက်အပေါ် ဖိအားတစ်ခုဖြစ်လာဖွယ်ရှိ ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှားနိုင်ငံတို့သို့ ဆန် အနည်းငယ်သောပမာဏကို တင်ပို့ ရောင်းချထားပြီးဖြစ်ကြောင်း၊ အာဖရိကဖက်မှ ဆန်ဝယ်လိုအားကောင်းမွန်လျက်ရှိပြီး၊ ယခုအခါ ယင်းသို့ တင်ပို့မည့် ဆန်သင်္ဘော ၁၈ စီးမှာ Kakinada ဆိပ်ကမ်း၌ ဆိုက်ကပ်ထားပြီဖြစ်ကြောင်း အိန္ဒိယ ဆန်တင်ပို့ ရောင်းချသူများအသင်း (TREA) ၏ ဥက္ကဋ္ဌ Rao ပြောကြားခဲ့သည်။

ထို့အပြင် အိန္ဒိယနိုင်ငံသည် ဆန်တန်ချိန် ၁ သန်းအား အမျိုးသားသမဝါယမပို့ကုန်လီမိတက်မှ တစ်ဆင့် အင်ဒိုနီးရှားနိုင်ငံသို့ ရောင်းချသွားရန်ရှိကြောင်း အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့် တောင်သူ လယ်သမားများ ဖူလုံရေးဝန်ကြီးဌာန ဝန်ကြီး Shivraj Singh Chouhan က ပြီးခဲ့သည့် သီတင်းပတ်က ပြောကြားခဲ့သည်။ ကုသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်း (The Food and Agriculture Organisation -FAO) က လည်း ကမ္ဘာ့ဆန်ဈေးနှုန်းကျဆင်းဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။

Ref:      The Hindu Businessline, Global rice prices drop over 5% on slack demand, ample supplies, January 09, 2025

စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့။

Category: India (Kolkata)