China (Kunming)

တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် ပိုမိုကောင်းမွန်သောမူဝါဒများ ချမှတ်ရန်ရှိ

Last Updated:

တိုင်းပြည်၏ ပွင့်လင်းမြင်သာမှုကို ကျယ်ပြန့်လာစေရေး ကြိုးပမ်းမှုများမှ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများကို ပိုမိုခိုင်မာစေသော မူဝါဒ အစီအမံများ ချမှတ်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ စီးပွားရေးစီမံရေးရာတာဝန်ရှိသူက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

လက်ရှိမူဝါဒများကိုအခြေခံ၍ တရုတ်နိုင်ငံသည် လုပ်ဆောင်နိုင်သော နယ်ပယ်အဆင့် သတ်မှတ်ရန်၊ ဆန်းသစ်တီထွင်မှုဆိုင်ရာအချက်အလက်များစီးဆင်းမှု ချောမွေ့ရန်နှင့် ပြည်တွင်း/ ပြည်ပလုပ်ငန်းများအကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင်မှ ပြောရေးဆိုခွင့်ရှိသူ Yuan Da က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအတွက် Negative Lists စာရင်းများကို နည်းပါလာစေရေးနှင့် စီးပွားရေးစီမံရေးရာတာဝန်ရှိသူသည် ဟိုင်နန်လွတ်လပ်သောကုန်သွယ်မှု ဆိပ်ကမ်း၌ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအတွက် Negative Lists စာရင်းကို လျှော့ချသွားရန် စဉ်းစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ရန်နှင့် မြှင့်တင်ပေးနိုင်ရန်အတွက် တရုတ်နိုင်ငံသည် နိုင်ငံတကာစက်မှုလုပ်ငန်း ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး လှုပ်ရှားမှုများကို ကျင်းပရန်၊ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများအတွက် ဆက်သွယ်ရေးလမ်းကြောင်းများ မြှင့်တင်ပေးရန်နှင့် လုပ်ငန်းများ၏ ကျိုးကြောင်းဆီလျော်သော တောင်းဆိုမှုများနှင့် ပြဿနာများကို အချိန်နှင့် တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ရန် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်သည်။  

တရုတ်ပြည်မကြီးရှိ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု (FDI) မှာ ၂၀၂၃ ခုနှစ် ပထမလေးလ ပတ်တွင် တရုတ်ယွမ်ငွေ ၄၉၉ ဒသမ ၄၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၉ ဒသမ ၇၉ ဘီလီယံခန့်) သို့ တစ်နှစ်ထက်တစ်နှစ် ၂ ဒသမ ၂ ရာခိုင်နှုန်း တိုးလာသည်ကို တရားဝင်အချက်အလက်များအရ သိရသည်။

အထူးသဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် နည်းပညာမြင့်ကဏ္ဍတို့တွင် FDI သည် လွန်ခဲ့သော နှစ် အလားတူကာလထက် ၄ ဒသမ ၁ ရာခိုင်နှုန်းနှင့် ၁၂ ဒသမ ၈ ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့သည်။

"ဒီနိုင်ငံခြားကရန်ပုံငွေထောက်ပံ့ထားတဲ့ စီမံကိန်းတွေက ၎င်းရဲ့စက်မှုတည်ဆောက်ပုံတွေကို အကောင်းဆုံးဖြစ်အောင်၊ ဒေသအနှံ့ ညှိနှိုင်းဖွံ့ဖြိုးတိုးတက်မှု မြင့်တက်လာအောင်၊ ဖွံ့ဖြိုး တိုးတက်မှုပုံစံသစ်ကို ဖော်ဆောင်နိုင်အောင် နိုင်ငံကို ကူညီပေးခဲ့ပါတယ်" ဟု Yuan က ပြောကြား ခဲ့သည်။

Source: http://english.yunnangateway.com/html/2023/news_0615/31236.html

စီးပွားရေးသံမှူး၊ ကူမင်းမြို့

Category: China (Kunming)