၂၀၂၄ ခုနှစ်၊ ဇန်န၀ါရီလမှ အောက်တိုဘာလအထိ ရုရှားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ပိုငွေသည် ၂၀၂၃ ခုနှစ်၊ အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၈.၂ ရာခိုင်နှုန်းအထိ တိုးတက် ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၂၄.၆ ဘီလီယံအထိ ရရှိခဲ့ကြောင်း ရုရှားဖက်ဒရယ် အကောက်ခွန်ဝန်ဆောင်မှုဌာန(Federal Customs Service - FCS)၏ အချက်အလက်များ အရ သိရှိရသည်။
အစီရင်ခံကာလအတွင်း ပို့ကုန်ပမာဏသည် တန်ဖိုးအမေရိကန်ဒေါ်လာ ၃.၁ ဘီလီယံ တိုးတက်လာပြီး ဒေါ်လာ ၃၅၄.၄ ဘီလီယံသို့ ရောက်ရှိခဲ့ကာ သွင်းကုန်သည် ဒေါ်လာ ၆.၃ ဘီလီယံ ကျဆင်းခဲ့ပြီး ဒေါ်လာ ၂၂၉.၈ ဘီလီယံသို့ ရောက်ရှိခဲ့သည်။ ယင်းကြောင့် ရုရှား နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၅၈၄.၃ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၀.၅၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ရုရှားမှ ဥရောပနိုင်ငံများသို့ တင်ပို့မှုသည် တန်ဖိုးဒေါ်လာ ၅၅.၆ ဘီလီယံရှိကာ ၂၃.၄၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဥရောပနိုင်ငံများမှ တင်သွင်းမှုသည် ဒေါ်လာ ၆၀.၇ ဘီလီယံရှိကာ ၇.၃၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ တစ်ချိန်ထဲတွင် အာရှနိုင်ငံများသို့ တင်ပို့မှုသည် ဒေါ်လာ ၂၆၈.၁ ဘီလီယံရှိကာ ၆.၉၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တင်သွင်းမှုသည် ဒေါ်လာ ၁၅၃.၈ ဘီလီယံရှိကာ ၀.၅၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
အာဖရိကနိုင်ငံများသို့ ရုရှားတင်ပို့မှုမှာ ဒေါ်လာ ၂၀.၅ ဘီလီယံရှိကာ ၁၄.၈၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တင်သွင်းမှုမှာ ဒေါ်လာ ၂.၈ ဘီလီယံရှိကာ ၁.၄၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ မြောက်နှင့် လက်တင်အမေရိကနိုင်ငံများသို့ ရုရှားတင်ပို့မှုသည် ဒေါ်လာ ၁၀ ဘီလီယံရှိကာ ၀.၅၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ယင်းနိုင်ငံများမှ တင်သွင်းမှုသည် ဒေါ်လာ ၁၂ ဘီလီယံရှိကာ ၄.၅၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ရုရှား၏ အဓိကပို့ကုန်မှာ တွင်းထွက်ပစ္စည်း၊ သတ္တုနှင့် သတ္တုထုတ်ကုန်၊ စိုက်ပျိုးရေး ထုတ်ကုန်များဖြစ်ပြီး အဓိကသွင်းကုန်မှာ စက်ယန္တရား၊ စက်ကိရိယာ၊ မော်တော်ယာဉ်များ၊ ဓာတုဗေဒစက်မှုလုပ်ငန်းသုံးထုတ်ကုန်များ၊ စိုက်ပျိုးရေးထုတ်ကုန်များ ဖြစ်သည်။ FCS ၏ အချက်အလက်များအရ ရုရှားနိုင်ငံ၏ ဥရောပနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် သိသာစွာ ကျဆင်းလျက်ရှိပြီး အာရှနိုင်ငံများနှင့် ကုန်သွယ်မှုသည် မြှင့်တက်လျက်ရှိကြောင်း သိရသည်။
Source : https://www.gazeta.ru/business/news/2024/12/10/24590180.shtml
(စီးပွားရေးသံမှူး၊ မော်စကိုမြို့)