China (Kunming)

တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် ၂၀၂၄ ခုနှစ် ပထမ ၁၁ လအတွင်း ပုံမှန်တိုးတက်မှုများ ရှိကြောင်း ပြသနေ

Last Updated:

တရုတ်နိုင်ငံ၏ စုစုပေါင်း ကုန်ပစ္စည်း တင်သွင်းမှုနှင့် တင်ပို့မှုသည် ၂၀၂၄ ခုနှစ် ပထမ ၁၁ လတွင် တည်ငြိမ်စွာ တိုးတက်မှု ရှိခဲ့ပြီး တန်ဖိုးသတ်မှတ်ချက်အရ တစ်နှစ်ထက် တစ်နှစ် ၄ ဒသမ ၉ ရာခိုင်နှုန်း တိုးလာကြောင်း တရားဝင် အချက်အလက်များက ဖော်ပြခဲ့သည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ကုန်စည်ကုန်သွယ်မှု တန်ဖိုးသည် ယွမ် ၃၉ ဒသမ ၇၉ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ ထရီလီယံ) တိုးလာခဲ့ကြောင်း တရုတ် အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ (GAC) ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်၊ Qingdao ဆိပ်ကမ်းတွင် ကွန်တိန်နာ သင်္ဘော ကုန်တင်/ချ ပြုလုပ်နေပုံ

ဤကာလအတွင်း တရုတ်နိုင်ငံ၏ ပို့ကုန်တန်ဖိုးသည် ယွမ် ၂၃ ဒသမ ၀၄ ထရီလီယံဖြင့် ၆ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး သွင်းကုန်အနေဖြင့် ယွမ် ၁၆ ဒသမ ၇၅ ထရီလီယံဖြင့် ၂ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း GAC မှ ဖော်ပြခဲ့သည်။ နိုဝင်ဘာလအတွင်း ကုန်ပစ္စည်း တင်သွင်းမှုနှင့် တင်ပို့မှုများ သည် တစ်နှစ်ထက်တစ်နှစ် ၁ ဒသမ ၂ ရာခိုင်နှုန်း တိုးလာခဲ့ပြီး စုစုပေါင်းတန်ဖိုး ယွမ် ၃.၇၅ ထရီလီယံ အထိ ရှိခဲ့သဖြင့် ရှစ်လဆက်တိုက် တိုးတက်မှုကို ထိန်းသိမ်းထားနိုင်ခဲ့သည်။

အထူးသဖြင့် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း စက်မှုနှင့် လျှပ်စစ် ထုတ်ကုန်များ တင်ပို့မှုသည် စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းနီးပါး ရှိပြီး ကွန်တိန်နာများ၊ သင်္ဘောများဖြင့် တင်ပို့မှုနှင့် မော်တော်ကား တင်ပို့မှု များ၌ ၁၀၈ ဒသမ ၇ ရာခိုင်နှုန်း၊ ၆၅ ဒသမ ၃ ရာခိုင်နှုန်းနှင့် ၂၄ ဒသမ ၈ ရာခိုင်နှုန်းတို့ဖြင့် အသီးသီး တိုးလာခဲ့ကြောင်း အချက်အလက်များတွင် ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် ပထမ (၁၁) လတာ ကာလအတွင်း လယ်ယာထွက်ကုန်များ ပြည်ပသို့ တင်ပို့မှုတွင် အခြောက်လှန်းပြီး သစ်သီးဝလံနှင့် အခွံမာသီးများ၊ ဟင်းသီးဟင်းရွက်နှင့် စားသုံးနိုင်သော မှို၊ အရက်နှင့် အဖျော်ယမကာ တင်ပို့မှုတို့၌ ၂၂ ဒသမ ၂ ရာခိုင်နှုန်း၊ ၁၁ ဒသမ ၄ ရာခိုင်နှုန်းနှင့် ၇ ဒသမ ၅ ရာခိုင်နှုန်း စသည်ဖြင့် အသီးသီး တိုးလာသည်။ ယင်းသည် တရုတ်နိုင်ငံအနေဖြင့် လယ်ယာထွက်ကုန်များကို ပြည်ပ ဈေးကွက်သို့ ကျယ်ပြန့်စွာ တင်ပို့ဆောင်ရွက်လျက်ရှိကြောင်း ပြသနေသည်။

စျေးကွက် အဖွဲ့အစည်း အသီးသီးအကြား ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများအနေဖြင့် ၎င်းတို့၏ နိုင်ငံခြားကုန်သွယ်မှုသည် တစ်နှစ်ထက်တစ်နှစ် ၈ ဒသမ ၇ ရာခိုင်နှုန်း တိုးလာခဲ့သည်။ ယင်းမှာ တရုတ် နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုတွင် အဓိကအင်အားစုအဖြစ် ကျန်ရှိနေခြင်း ဖြစ်သည်။ တစ်ချိန်တည်းတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကုမ္ပဏီများ၏ သွင်းကုန်၊ ပို့ကုန် တန်ဖိုးသည်လည်း ၁ ဒသမ ၁ ရာခိုင်နှုန်း တိုး လာခဲ့သည်။

စျေးကွက်ခွဲဝေမှုတွင်လည်း တိုးတက်မှု အရှိန်အဟုန်ကို ထိန်းထားနိုင်ခဲ့သည်။ ၂၀၂၄ ခုနှစ် ပထမ ၁၁ လတွင် တရုတ်နိုင်ငံ၏ အစဉ်အလာရှိသော ကုန်သွယ်ဖက်နိုင်ငံများ ဖြစ်ကြသည့် ဥရောပသမဂ္ဂ၊ အမေရိကန်နှင့် ကိုရီးယားသမ္မတနိုင်ငံတို့နှင့် ကုန်သွယ်မှုတွင် ၁ ဒသမ ၃ ရာခိုင်နှုန်း၊ ၄ ဒသမ ၂ ရာခိုင်နှုန်း နှင့် ၆ ဒသမ ၃ ရာခိုင်နှုန်း စသည်ဖြင့် အသီးသီး တိုးတက်လာခဲ့သည်။

ဤကာလအတွင်း တရုတ်နိုင်ငံ၏ Belt and Road ပူးပေါင်းဆောင်ရွက်ရေးတွင် ပါဝင်သည့် နိုင်ငံ များနှင့် ကုန်သွယ်မှုသည် တစ်နှစ်ထက် တစ်နှစ် ၆ ရာခိုင်နှုန်း တိုးလာခဲ့ပြီး အာဆီယံ နိုင်ငံများနှင့် ကုန်သွယ်မှုတွင် ၈ ဒသမ ၆ ရာခိုင်နှုန်း တိုးလာခဲ့သည်။ အလားတူ တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု သည် လက်တင်အမေရိကနှင့် အာဖရိကနိုင်ငံတို့နှင့် ကုန်သွယ်မှုတွင် ၇ ဒသမ ၉ ရာခိုင်နှုန်းနှင့် ၄ ဒသမ ၈ ရာခိုင်နှုန်း အသီးသီး တိုးလာခဲ့သည်။

တရုတ်နိုင်ငံ၏ နိုင်ငံတော်ကောင်စီအနေဖြင့် မကြာသေးမီက နိုင်ငံခြားကုန်သွယ်မှု တည်ငြိမ် တိုးတက်စေရေး မူဝါဒအစီအမံများကို ထုတ်ပြန်ခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ GAC နှင့် အခြားဌာနများသည် ပြည်တွင်းနှင့် ပြည်ပကုန်သွယ်မှု ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ပြည်တွင်း၊ ပြည်ပကုန်သွယ်မှု တိုးတက်လာစေရေး၊ ဆိပ်ကမ်း များ၏ လုပ်ငန်းပတ်ဝန်းကျင် ပိုမိုကောင်းမွန်လာစေရေးနှင့် လုပ်ငန်းများအတွက် အကောက်ခွန်ရှင်းလင်း ရေး၌ အဆင်ပြေချောမွေ့စေရန် မြှင်တင်ပေးရေး တို့ကို သက်ဆိုင်ရာ ဌာနများက ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း GAC ၏ စာရင်းအင်းနှင့် ခွဲခြမ်းစိတ်ဖြာမှုဌာန ဒါရိုက်တာ Lyu Daliang က ပြောကြားခဲ့သည်။

ကုန်သွယ်မှုကဏ္ဍတွင် ကုန်စည်များနှင့် ဖွံ့ဖြိုးရေးမူဝါဒများ နှစ်ခုစလုံး၏ ပေါင်းစပ်ကြိုးပမ်းမှုနှင့် အတူ တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ် နှစ်ကုန်တွင် နိုင်ငံခြားကုန်သွယ်မှု၌ ချောမွေ့စွာ စွမ်းဆောင်လာနိုင် မည်ဖြစ်ကြောင်း၊ နိုင်ငံခြားကုန်သွယ်မှု၏ တည်ငြိမ်သော အရည်အသွေးနှင့် ကုန်သွယ်မှုပမာဏ ပန်းတိုင် သို့ ရောက်ရှိရန် မျှော်လင့်ထားကြောင်း Lyu က မှတ်ချက်ပြုခဲ့သည်။

https://myantrade.gov.mm/files/2024/12/675fe7895f9908.83067664.jpg

အရင်းမြစ်။ http://en.people.cn/n3/2024/1211/c90000-20252429.html

စီးပွားရေးသံမှူး

တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: China (Kunming)