တရုတ်နိုင်ငံ၏ ကုန်ပစ္စည်းတင်ပို့၊ တင်သွင်းမှုစုစုပေါင်းသည် ၂၀၂၄ ခုနှစ်၊ ပထမ (၁၁)လ တွင် တည်ငြိမ်စွာ တိုးတက်လာခဲ့ပြီး ယွမ်သတ်မှတ်ချက်အရ တစ်နှစ်ထက်တစ်နှစ် (၄.၉) ရာခိုင်နှုန်း တိုးလာကြောင်း တရားဝင်အချက်အလက်များက ဖော်ပြထားကြောင်း သိရှိရပါသည်။
ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ကုန်စည်ကုန်သွယ်မှုတန်ဖိုးသည် ယွမ် (၃၉.၇၉)ထရီလီ ယံ (သို့မဟုတ်) အမေရိကန်ဒေါ်လာ (၅.၆)ထရီလီယံအထိ တိုးလာခဲ့ကြောင်း အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GAC)၏ အချက်အလက်များအရ သိရှိရသည်။
အဆိုပါကာလအတွင်း တရုတ်နိုင်ငံ၏ ပို့ကုန်သည် (၆.၇)ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယွမ် (၂၃.၀၄)ထရီလီယံရှိခဲ့ပြီး သွင်းကုန်သည် ယွမ် (၁၆.၇၅)ထရီလီယံရှိခဲ့ပြီး (၂.၄)ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း GAC ၏ အချက်အလက်များက ဖော်ပြထားကြောင်း သိရှိရပါသည်။
နိုဝင်ဘာလတစ်လတည်းတွင် ကုန်ပစ္စည်း တင်သွင်းမှုနှင့် တင်ပို့မှုသည် တစ်နှစ်ထက် တစ်နှစ် (၁.၂)ရာခိုင်နှုန်း တိုးမြင့်ခဲ့ပြီး စုစုပေါင်း ယွမ် (၃.၇၅)ထရီလီယံအထိရှိခဲ့ကာ (၈)လ ဆက်တိုက်တိုးတက်မှုကို ထိန်းသိမ်းထားနိုင်ကြောင်း သိရှိရပါသည်။
အထူးသဖြင့် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း စက်မှုနှင့်လျှပ်စစ်ထုတ်ကုန်များ တင်ပို့မှုသည် စုစုပေါင်းကုန်သွယ်မှု၏ (၆၀)ရာခိုင်နှုန်းနီးပါးရှိပြီး ကွန်တိန်နာများ၊ သင်္ဘောများနှင့် မော်တော်ဆိုင်ကယ်များ တင်ပို့မှုသည် (၁၀၈.၇)ရာခိုင်နှုန်း၊ (၆၅.၃)ရာခိုင်နှုန်းနှင့် (၂၄.၈)ရာခိုင် နှုန်း အသီးသီးတိုးလာကြောင်း အချက် အလက်များတွင် ဖော်ပြထားသည်ဟု သိရှိရပါသည်။
ပထမ (၁၁)လအတွင်း အခြောက်လှန်းပြီး သစ်သီးဝလံနှင့် အခွံမာသီးများ၊ ဟင်းသီးဟင်း ရွက်နှင့် စားသုံးနိုင်သော မှို၊ အရက်နှင့် အဖျော်ယမကာ တင်ပို့မှုတို့သည် (၂၂.၂)ရာခိုင်နှုန်း၊ (၁၁.၄) ရာခိုင်နှုန်းနှင့် (၇.၅)ရာခိုင်နှုန်း အသီးသီး တိုးလာသောကြောင့် လယ်ယာထွက်ကုန်များ ပြည်ပဈေးကွက်သို့ တိုးမြှင့်တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါသည်။
ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများ၏ နိုင်ငံခြားကုန်သွယ်မှုသည် တစ်နှစ်ထက်တစ်နှစ် (၈.၇)ရာခိုင်နှုန်း တိုးလာသည်ကို တွေ့မြင်ခဲ့ရပြီး တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုတွင် အဓိက အင်အားစုအဖြစ် ရှိနေကြောင်း၊ တစ်ချိန်တည်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ၏ ကုန်သွယ်မှုသည် (၁.၁) ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။
ပို့ကုန်စျေးကွက်ဖြန့်ကျက်မှုကိုလည်း ဆက်လက်ထိန်းထားနိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ပထမ (၁၁)လတွင် တရုတ်၏ အစဉ်အဆက်မိတ်ဖက်များဖြစ်သည့် ဥရောပသမဂ္ဂ၊ အမေရိကန်နှင့် ကိုရီး ယားသမ္မတနိုင်ငံတို့နှင့် ကုန်သွယ်မှုသည် (၁.၃)ရာခိုင်နှုန်း၊ (၄.၂)ရာခိုင်နှုန်းနှင့် (၆.၃) ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။
ဤကာလအတွင်း တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်သည့် နိုင်ငံများနှင့် ကုန်သွယ်မှုသည် တစ်နှစ်ထက်တစ်နှစ် (၆)ရာခိုင်နှုန်း တိုးလာပြီး အာဆီယံ နိုင်ငံများနှင့် ကုန်သွယ်မှုမှာ (၈.၆)ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ လက်တင်အမေ ရိကနှင့် အာဖရိကတို့နှင့် ကုန်သွယ်မှုသည် (၇.၉)ရာခိုင်နှုန်းနှင့် (၄.၈)ရာခိုင်နှုန်း အသီးသီး တိုးတက်ခဲ့ကြောင်း သိရှိရပါသည်။
နိုင်ငံတော်ကောင်စီသည် မကြာသေးမီက နိုင်ငံခြားကုန်သွယ်မှု တည်ငြိမ်တိုးတက်စေရေး မူဝါဒအစီအမံများကို ထုတ်ပြန်ခဲ့သည့်အပြင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(GAC)နှင့် အခြားဌာနများသည် ပြည်တွင်းနှင့် ပြည်ပကုန်သွယ်မှု ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်ရန်၊ ဆိပ်ကမ်းများတွင် စီးပွားရေးပတ်ဝန်းကျင်ကောင်းကို မြှင့်တင်ရန်နှင့် စီးပွားရေးလုပ်ငန်းများ အကောက်ခွန်ရှင်းလင်း ရာတွင် ပိုမိုအဆင်ပြေစေရန် သီးသန့်အစီအမံများကို အကောင်အထည်ဖော်ခဲ့ကြောင်း GAC ၏ စာရင်းအင်းနှင့် ခွဲခြမ်းစိတ်ဖြာမှုဌာန ဒါရိုက်တာ Lyu Daliang က ပြောကြားခဲ့သည်ဟု သိရှိရ ပါသည်။
ကုန်ပစ္စည်းလက်ကျန်များနှင့် ထပ်တိုးမူဝါဒများကြောင့် တရုတ်နိုင်ငံသည် ယခုနှစ်ကို နိုင်ငံခြားကုန်သွယ်မှုတွင် ကောင်းမွန်သောလုပ်ဆောင်ချက်ဖြင့် အဆုံးသတ်ရန်နှင့် တည်ငြိမ်သော အရည်အသွေးနှင့် အရေအတွက် ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိရန် မျှော်လင့်ထားသည်ဟု Lyu က မှတ်ချက်ပြုခဲ့ကြောင်း သိရှိရပါသည်။
Source: https://english.news.cn/20241210/868e542d23314fddbfb681f47842325a/c.html
(စီးပွားရေးသံမှူး၊ နန်နင်းမြို့)