China (Kunming)

တရုတ်-မြန်မာလမ်းကြောင်းသစ် (မြန်မာ-ပေါင်ရှန်းဖူဖြောင်-ချန်တူး) ကားလမ်း-မီးရထားလမ်း ပူးတွဲပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှု

Last Updated:

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၆ ရက် နံနက် ၁၀ နာရီ ၁၈ မိနစ်၊ မြန်မာ့သံသတ္တုရိုင်း တန်ချိန် (၁,၀၀၀) ကျော် တင်ဆောင်ထားသော ကုန်တွဲရထားသည် ယူနန်ပြည်နယ်၊ ပေါင်ရှန်းမြို့၊ ဖူဖြောင် သယ်ယူပို့ဆောင်ရေးစင်တာ၊ မီးရထားအထူးလမ်းကြောင်းမှ ဖြည်းညင်းစွာ ထွက်ခွာလာပြီး (၂) ရက် အကြာတွင် စီချွမ်ပြည်နယ်၊ ချန်တူမြို့၊ ချိန်ရှန်းဘူတာသို့ ဆိုက်ရောက်ခဲ့သည်။

တရုတ်-မြန်မာလမ်းကြောင်းသစ် ကားလမ်း-မီးရထားလမ်း ပူးတွဲပို့ဆောင်ရေး၏ ပထမဆုံး ရထားတွဲသည် ကွန်တိန်နာ (၃၂) လုံးကို တင်ဆောင်ကာ စတင်နိုင်ရန်အတွက် မြန်မာနိုင်ငံ၊ မန္တလေးမြို့မှ ကားလမ်းသယ်ယူပို့ဆောင်မှုဖြင့် ထွက်ခွာလာပြီး ထိန်ချုန်းမြို့၊ ဟိုချောင်နယ် စပ်ဂိတ်မှ ဖြတ်ကျော်လာ၍ ပေါင်ရှန်းမြို့၊ ဖူဖြောင်သယ်ယူပို့ဆောင်ရေးစင်တာကို ရောက်ရှိပြီး ရထားလမ်းဖြင့် ချိန်တူးမြို့သို့ ဆက်လက် သယ်ဆောင်ခဲ့ပါသည်။ ကားလမ်း-မီးရထားလမ်း ပူးတွဲပို့ဆောင်မှုမှာ ကီလိုမီတာ (၂၃၀၀) ကျော် ရှည်လျားပြီး သယ်ယူပို့ဆောင်မှုခရီးစဉ် တစ်ခုလုံး သည် ခန့်မှန်းခြေ (၅)ရက်ခန့် ကြာမြင့်ပါသည်။

“ဒါက ဖူဖြောင်ဘူတာရဲ့ ပထမဆုံးသော နိုင်ငံတကာ ကားလမ်း-မီးရထားလမ်း ပူးတွဲ ပို့ဆောင်တဲ့ ရထားတွဲ ဖြစ်ပါတယ်။ ရထားတွဲ သယ်ယူပို့ဆောင်ရေး လုပ်ငန်းစဉ်ထဲမှာ ကျွန်တော် တို့က ရထားတွဲလွတ် ရွေးချယ်ချိတ်ဆက်မှုကို ကြိုတင်ပြင်ဆင်ထားပြီး အထူးတာဝန်ပေးထားတဲ့ သူက လုပ်ငန်းစဉ်တစ်ခုလုံး ပြောင်းလဲချိတ်ဆက်မှုလုပ်ငန်းကို ကွပ်ကဲဆောင်ရွက်ပါတယ်။ ရထားတွဲရဲ့ လုံခြုံရေးနဲ့ အမြန်ဆုံးထွက်ခွာနိုင်ရေးကို အာမခံပေးနိုင်ပါတယ်” ဟု တရုတ်နိုင်ငံ၊ ကူမင်း မီးရထား ဦးစီးဌာန၊ ကွမ်းထုံးလမ်းပိုင်း၊ ဖူဖြောင်ဘူတာရုံမှူး ဝူကွမ်ရှန့်မှ ပြောပါသည်။

တာ့ရွှေလမ်းပိုင်း၊ ဖူဖြောင်ဘူတာသည် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့ ကုန်ပစ္စည်း သယ်ယူပို့ဆောင်မှု စတင်ဆောင်ရွက်သည်မှစ၍ ကုန်စည်ပို့ဆောင်မှုပမာဏသည် ဆက်တိုက် မြင့်တက်လာနေပြီး စုစုပေါင်း ပို့ဆောင်သည့်ကုန်စည်ပမာဏမှာ တန်ချိန် ၁ ဒသမ ၂၈ သိန်း ရှိပါသည်။ ဝူကွမ်းရှန့်မှ တရုတ်-မြန်မာလမ်းကြောင်းသစ်၏ အဓိကဗဟိုချက်နေရာတစ်ခုဖြစ်သော ဖူဖြောင်ဘူတာသည် လမ်းကြောင်းသစ်မှ သယ်ဆောင်လာသည့် အရေးပါသော အရင်းအမြစ်များ စုစည်းမှု ဖြစ်ပေါ်လာသည်။ ရရှိလာသည့် အကျိုးအမြတ်များအား ကောင်းစွာအသုံးချ၍ တရုတ်-မြန်မာ နိုင်ငံတကာ ကားလမ်း-မီးရထားလမ်း ပူးတွဲပို့ဆောင်ရေး ရထားတွဲ ပုံမှန်ပြေးဆွဲနိုင်ရန် တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ကုန်သွယ်ရေးလုပ်ငန်းများအတွက် ပိုမိုများပြားသော ကုန်သွယ်ရေးလမ်းကြောင်းများ တက်ကြွစွာ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဖူဖြောင် ကားလမ်း-မီးရထားလမ်း ပူးတွဲပို့ဆောင်ရေးဇုန်သည် လက်ရှိတွင် ကွန်တိန်နာ ကုန်ပစ္စည်း၊ ရထားတွဲတစ်ခုလုံး ကုန်ပစ္စည်းများ ရောက်ရှိ ပေးပို့ ဝန်ဆောင်မှုများ၊ ကုန်ပစ္စည်း ပို့ဆောင်မှု ကိုယ်စားလှယ်၊ ယူဆောင်ပေးပို့ခြင်း၊ ကုန်တင်၊ ကုန်ချနှင့် သိုလှောင်ခြင်း စသည့်တို့ကို One-Stop Service ဆောင်ရွက်နိုင်ရန် ပြီးပြည့်စုံနေပြီဖြစ်ပါသည်။ “နောက်တစ်ဆင့်အနေနဲ့ ကုမ္ပဏီက ပြည်တွင်းနဲ့ မြန်မာနိုင်ငံ နှစ်ဘက်လုံးရဲ့ ဈေးကွက်တွေကို ပေါင်းစပ်ပြီး အပြန်အလှန် သယ်ယူပို့ဆောင်ရေးမှာ တက်ကြွစွာ တိုးချဲ့သွားပြီး တရုတ်-မြန်မာ လမ်းကြောင်းသစ် ကားလမ်း-မီးရထားလမ်း ပူးတွဲပို့ဆောင်ရေး စဉ်ဆက်မပြတ်ဆောင်ရွက်သွားနိုင်ဖို့ အာမခံပေးသွားမှာ ဖြစ်ပါတယ်” ဟု ဖူဖြောင် ကားလမ်း-မီးရထားလမ်း ပူးတွဲပို့ဆောင်ရေးဇုန် မန်နေဂျင်းဒါရိုက်တာ ကောင်းဖုန့်လင်မှ ပြောကြားခဲ့ပါသည်။

“တရုတ်-မြန်မာလမ်းကြောင်းသစ် (မန္တလေး-ချန်တူး) မဖွင့်လှစ်ခင်က တရုတ်-မြန်မာ ကုန်စည်တွေက အများအားဖြင့် ကားလမ်းသယ်ယူပို့ဆောင်မှု ဒါမှမဟုတ် ကားလမ်း-သမုဒ္ဒရာ လမ်းကြောင်း ပူးတွဲပို့ဆောင်မှုတွေကတဆင့် ပို့ဆောင်တဲ့အတွက် ရာသီဥတု၊ လမ်းအခြေအနေ စတဲ့ မတည်ငြိမ်တဲ့ အကြောင်းအရင်းသက်ရောက်မှုတွေ ရှိနေပြီး သယ်ယူပို့ဆောင်ရေး ကုန်ကျ စရိတ်လည်း မြင့်မားပါတယ်” ဟု ချန်တူး နိုင်ငံတကာမီးရထားတွဲ ကုမ္ပဏီလီမိတက် ဒုတိယ မန်နေဂျင်းဒါရိုက်တာ လီကျွင့်ဖုန်းမှ ပြောပါသည်။ နိုင်ငံတကာကုန်စည်ပို့ဆောင်ရေး လမ်းကြောင်း သစ်ကို ကားလမ်း-မီးရထားလမ်းပူးတွဲပို့ဆောင်ရေးပုံစံအား အသုံးပြုထားကြောင်း၊ အဝင်အထွက် ကုန်ပစ္စည်းများ၏ တည်ငြိမ်မှုနှင့် လုံခြုံမှုကို တိုးမြှင့်ခဲ့ကြောင်း၊ သယ်ယူပို့ဆောင်ရေးစရိတ်ကို လျော့ကျစေခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ လမ်းကြောင်းသစ် ဖွင့်လှစ်မှုကို အမှီပြု၍ ချန်တူး နိုင်ငံတကာ မီးရထားဆိပ်ကမ်းသည် တရုတ်-မြန်မာ နိုင်ငံတကာရထားတွဲ အသွားအပြန်ခရီးစဉ် ပုံမှန်ဖြစ်လာစေရန် တက်ကြွစွာ ဆောင်ရွက်ပြီး ဒေသတွင်းနှင့် သက်ဆိုင်ရာလုပ်ငန်းဆိုင်ရာ ကုန်စည်များ မြန်မာနိုင်ငံမှတဆင့် အိန္ဒိယသမုဒ္ဒရာသို့ တင်ပို့သွားနိုင်ရန် ထောက်ပံ့မှုပေးသွားမည် ဖြစ်ကာ ကုန်သွယ်ရေးလုပ်ငန်းများအတွက် ပိုမိုများပြားသော သယ်ယူပို့ဆောင်ရေး ရွေးချယ်မှုများ ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

“တရုတ်-မြန်မာလမ်းကြောင်းသစ်” အပြည့်အစုံခေါ်ဝေါ်မှုမှာ “တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ လမ်းကြောင်းသစ်” ဖြစ်ပြီး ယခုနှစ်အတွင်း ပညာရှင်များမှ အဆိုပြုခဲ့သည့် သဘောတရား တစ်ခုဖြစ်ပါသည်။ “တရုတ်-မြန်မာလမ်းကြောင်းသစ်” သည် “သမုဒ္ဒရာပို့ဆောင်ရေး + ကားလမ်း + မီးရထားလမ်း” နည်းလမ်းမျိုးစုံ သယ်ယူပို့ဆောင်ရေးဖြင့် ဥရောပ၊ အာဖရိက၊ အရှေ့အလယ် ပိုင်းနှင့် တောင်အာရှ နိုင်ငံအသီးသီး၏ ကုန်စည်များ မြန်မာနိုင်ငံ၊ ရန်ကုန်၊ ကျောက်ဖြူဆိပ်ကမ်း များတွင် ဆိုက်ကပ်ပြီး ကုန်းလမ်းသယ်ယူပို့ဆောင်ရေးမှတဆင့် နယ်စပ်ဂိတ်များမှ တရုတ်နိုင်ငံ သို့ ဝင်ရောက်ကာ မီးရထားလမ်းသယ်ယူပို့ဆောင်ရေးမှ တရုတ်နိုင်ငံအတွင်းပိုင်းသို့ ဝင်ရောက် နိုင်ပါသည်။ ပစိဖိတ်သမုဒ္ဒရာ မလ္လကာရေလက်ကြားမှ ပတ်၍ သမုဒ္ဒရာ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းဆိုသည့် ရှေးယခင်လမ်းကြောင်းနှင့် နှိုင်းယှဉ်ပါက သယ်ယူပို့ဆောင်မှု အကွာ အဝေးနှင့် သယ်ယူပို့ဆောင်ရေးအချိန်များမှာ လွန်စွာတိုတောင်းခဲ့ပါသည်။ လက်ရှိအချိန်အထိ လမ်းကြောင်းသစ်သည် “ချုံချင့်-လင်ချန်း-မြန်မာ”၊ “ရှန်းကျန့်-လင်ချန်း-ရန်ကုန်-အိန္ဒိယ” စသည့် သမုဒ္ဒရာ-ကားလမ်း-မီးရထားလမ်း ပူးတွဲပို့ဆောင်ရေး နိုင်ငံတကာ လမ်းကြောင်းများသည် အောင်မြင်စွာ လည်ပတ်နေပြီဖြစ်သည်။ သမုဒ္ဒရာ-ကားလမ်း-မီးရထားလမ်း ပုံစံမျိုးစုံပူးတွဲ ပို့ဆောင်မှု ကွန်တိန်နာ(၁၀၀၀)ခန့် ပို့ဆောင်ခြင်းအား အကောင်အထည်ဖော်နိုင်ခဲ့ပြီဖြစ်ပါသည်။

အရင်းအမြစ်:云南日报 云南省南亚东南亚区域国际传播中心保山分中心 中国新闻网 (www.yunnangateway.com)

(စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: China (Kunming)