USA

အမေရိကန်နိုင်ငံသည် ထပ်မံ၍ ကမ္ဘာ့စီးပွားရေးဦးဆောင်နိုင်ငံဖြစ်လာမည်ဟု IMF က ပြောကြား

Last Updated:

အမေရိကန်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုမြင့်မားခြင်းနှင့် လုပ်ခလစာများပြားခြင်းတို့သည် နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုများ တိုးလာစေရန်ဆွဲဆောင်လျက်ရှိပြီး ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံများ၏ရှေ့မှလည်း ဦးဆောင်လျက်ရှိကြောင်း၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund, IMF) က အမေရိကန်နိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး (ဂျီဒီပီ)သည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက (၂.၅)ရာခိုင်နှုန်း (လေးပုံတစ်ပုံခန့်) တိုးလာမည်ဟု ခန့်မှန်း ထားကြောင်း၊ ယင်းခန့်မှန်းချက်သည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လတွင် ခန့်မှန်းချက်ထက် (၀.၅) ရာခိုင်နှုန်း အထိပိုလာခဲ့ကြောင်း၊ ကမ္ဘာ့ကုန်ထုတ်လုပ်မှုသည် ယခုနှစ်တွင် (၃.၃) ရာခိုင်နှုန်းတိုးလာခဲ့ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများအားလုံး၏ ထုတ်ကုန်သည် (၁.၉) ရာခိုင်နှုန်းသာရှိသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အမေရိကန်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုသည် လျှင်မြန်စွာတိုးတက်လျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်တွင် အမေရိကန်နိုင်ငံ၏စီးပွားရေးတိုးနှုန်းသည် (၁.၉) ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားပြီး ဖွံ့ဖြိုးပြီးနိုင်ငံအားလုံး၏တိုးနှုန်းသည် (၁.၇) ရာခိုင်နှုန်းရှိမည်ဖြစ်သဖြင့် ကမ္ဘာ့စီးပွားရေးတိုးနှုန်း စုစုပေါင်း၏ (၃.၁) ရာခိုင်နှုန်းရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံ၌ အမြဲတမ်းနေထိုင်သူမဟုတ်သောသူများ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးလာမည် ဖြစ်ပြီး စားသုံးသူများ၏ငွေကြေးသုံးစွဲမှုပို၍ ခိုင်မာအားကောင်းလာမည်ဟု IMF က ခန့်မှန်းထား ကြောင်း၊ ကုန်ထုတ်လုပ်မှုတိုးလာသဖြင့် လုပ်ခလစာလည်းတိုးလာမည်ဖြစ်ကြောင်း၊ ယခင်နှစ်များ တွင် အမေရိကန်နိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုမတည်ငွေအများအပြားဝင်ရောက်လာခဲ့ပြီး ဥပဒေအရလည်း သန့်စင်သောစွမ်းအင်နှင့် အခြေခံအဆောက်အအုံများတွင် ရန်ပုံငွေများထောက်ပံ့ပေးခဲ့ရာ အမေရိကန်ကုမ္ပဏီများကို စွမ်းအင်ပြတ်တောက်မှုနှင့် ယင်းကြောင့်ဈေးနှုန်းအပေါ်သက်ရောက်မှုတို့မှ ကာကွယ်ပေးနိုင်ခဲ့ကြောင်း၊ စီးပွားရေးပညာရှင်များကလည်း ကုန်ထုတ်လုပ်မှုမြင့်မားသည့် အမေရိကန်နိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုအများအပြားဝင်ရောက်ခဲ့သည်ဟု ဆိုကြောင်း၊ ကုန်ထုတ်လုပ်မှု မြင့်မားခြင်းသည် ကာလရှည်စီးပွားရေးတိုးတက်မှုနှင့် လူနေမှုအဆင့်အတန်းမြင့်မားစေရန်အတွက် အဓိကအရေးကြီးသည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်ဟု ဖော်ပြထားကြောင်း သိရှိရပါသည်။

IMF ၏ ခန့်မှန်းချက်အရ ၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုသည် တစ်နှစ်လျှင် (၃.၃) ရာခိုင်နှုန်းတိုးတက်မည်ဖြစ်ပြီး ဖွံ့ဖြိုးပြီးနိုင်ငံများအားလုံး၏ ရင်းနှီးမြှုပ်နှံမှု သည် (၂.၃) ရာခိုင်နှုန်းသာ ရှိမည်ဖြစ်ကြောင်းသိရှိရပါသည်။ အမေရိကန်နိုင်ငံသည် ၂၀၁၀ ပြည့်နှစ် မှစ၍ ပြည်တွင်းစွမ်းအင်ထုတ်လုပ်မှုတိုးလာရန် ရေနံတူးဖော်ထုတ်လုပ်သည့်နည်းလမ်းသစ်တစ်ခု ဖြစ်သော Fracking နည်းကို အသုံးပြုခဲ့ရာ ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံသည် အသားတင် ရေနံတင်ပို့သည့်နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ကြောင်း၊ ရုရှား-ယူကရိန်းပဋိပက္ခဖြစ်ပွားပြီးနောက် ရုရှားနိုင်ငံ၏ လောင်စာဆီအပေါ်မှီခိုနေရသည့် ဥရောပနိုင်ငံများအနေဖြင့် စွမ်းအင်ဈေးနှုန်းမြင့်တက် ခဲ့သဖြင့် ထိခိုက်မှုများရှိခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းသုံး လျှပ်စစ်ဓာတ်အားခမှာ ဥရောပနိုင်ငံများ၏ လျှပ်စစ်ဓာတ်အားခထက် (၃)ဆခန့်၊ သဘာဝဓာတ်ငွေ့ဈေးနှုန်းသည် (၅)ဆခန့် လျော့နည်းကြောင်း၊ စွမ်းအင်အပေါ်မှီခိုရမှုနှင့် ကုန်ထုတ်လုပ်မှုမြင့်မားမှုသည် ဆက်စပ်မှုရှိနေ ကြောင်း IMF ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

(ဇစ်မြစ်။ Wall Street Journal)   

စီးပွားရေးသံမှူး၊ဝါရှင်တန်ဒီစီ

Category: USA