China (Kunming)

တရုတ်နိုင်ငံအနေဖြင့် အမျိုးမျိုးသော ကွန်တိန်နာများဖြင့် နိုင်ငံတကာ မီးရထားဝန်ဆောင်မှုကို အားကောင်းစေလျက်ရှိ

Last Updated:

တရုတ် လစ်သီယမ်ဘက်ထရီများ (lithium batteries) တင်ဆောင်ထားသည့် ရထားသုံးစင်းသည် ယခုသီတင်းပတ်အတွင်း ၎င်းတို့၏ ခရီးစဉ်များ ပြီးဆုံးသွားခဲ့ပြီး နိုင်ငံတွင်း လျှပ်စစ်ကားများအတွက် လီသီယမ်ဘက်ထရီ တင်ပို့ရောင်းချမှု၏ ပထမဆုံး အကြီးစား အစမ်းသုံးရထား သယ်ယူပို့ဆောင်ရေး သင်္ကေတတစ်ခု ဖြစ်သည်။

ယင်းကဲ့သို့ကုန်စည်တင်ပို့မှုသည် ကမ္ဘာ့အကြီးဆုံး လီသီယမ်ဘက်ထရီထုတ်လုပ်သူ တရုတ်နိုင်ငံ အတွက် အဓိကခြေလှမ်းတစ်ခုဖြစ်ခဲ့သည်။

ရထားခရီးစဉ်များသည် တရုတ်နိုင်ငံအနောက်တောင်ပိုင်း ချုံချင့်မြူနီစီပါယ်၊ စီချွမ်ပြည်နယ်နှင့် ကွေ့ကျိုးပြည်နယ်တို့မှ သီးခြားစီထွက်ခွာလာခဲ့ပြီး တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဟိုင်းမြူနီစီပယ် တို့သို့ စနေနေ့က ရောက်ရှိခဲ့သည်။

ယခင်က လီသီယမ်ဘက်ထရီများ သယ်ယူရာ၌ မီးလောင်မှု သို့မဟုတ် ပေါက်ကွဲမှုအတွက် စိုးရိမ် ရသောကြောင့် အန္တရာယ်များသည်ဟု ယူဆခဲ့ကြသည်။ ယင်းကြောင့် ၎င်းကုန်စည်များကို အန္တရာယ်ရှိ ကုန်စည်များအဖြစ် အမျိုးအစားခွဲခြားထားပြီး ရေလမ်း သို့မဟုတ် ကုန်းလမ်းဖြင့်သာ သယ်ယူခဲ့ကြခြင်း ဖြစ်သည်။ ယင်ကုန်စည်များကို သယ်ယူနိုင်သည့် ကွန်တိန်နာ အမျိုးအစားအသစ်သည် အဆိုပါကိစ္စကို ပြောင်းလဲနိုင်ခဲ့သည်။

စမ်းသပ်မှုအတွက် လီသီယမ်ဘက်ထရီများ သယ်ယူပို့ဆောင်ရန် ဒီဇိုင်းထုတ်ထားသည့် ကွန်တိန်နာ အသစ်များကို အသုံးပြုထားပါကြောင်း၊ ယင်းကွန်တိန်နာများကို မီးမလောင်ကျွမ်းနိုင်သောပစ္စည်းများ ဖြင့် ပြုလုပ်ထားပြီး မီးခိုးနှင့် အပူချိန်တိုင်းတာစက်များ၊ လေဝင်လေထွက်ကိရိယာများလည်း တပ်ဆင် ထားပါကြောင်း စမ်းသပ်ပြေးဆွဲသည့်ကာလအတွင်း ရထားသုံးစင်း၏ စီမံခန့်ခွဲသူဖြစ်သည့် တရုတ်နိုင်ငံ၊ Railway Chengdu Group Co., Ltd ၏ လက်ထောက်အထွေထွေ မန်နေဂျာ Jia Ping မှ ပြောကြားခဲ့ သည်။

တရုတ်နိုင်ငံ၏ နိုင်ငံတကာ ရထားများသည် ဒေသတွင်းနိုင်ငံများသို့ ပိုမိုရောက်ရှိလာသည်နှင့် အမျှ အဆိုပါ အထူးကွန်တိန်နာများသည် မီးရထားသယ်ယူပို့ဆောင်ရေး၏ အနာဂတ်အလားအလာကို ပြသနိုင်ခဲ့ပြီး ကုန်ပစ္စည်းများ ကမ္ဘာတစ်ဝှမ်းသို့ ပိုမိုရောက်ရှိစေရန် ကူညီပေးပါသည်။

ကုန်လမ်းသယ်ယူပို့ဆောင်ရေးတွင် ပေ ၄၀ ကွန်တိန်နာ တစ်လုံးအတွက် အများဆုံး ကား နှစ်စီး စာသာ သယ်ဆောင်နိုင်သည်။ ယခင်နှစ်ကတည်းက တရုတ်နိုင်ငံရှိ မော်တော်ကားလုပ်ငန်းအချို့သည် အလယ်တွင် သတ္တုဘောင်ပါသော ကွန်တိန်နာအမျိုးအစားအသစ်ကို စတင်အသုံးပြုလာကြသည်။

ယင်းချိန်ညှိနိုင်သော ဘောင်သည် ကွန်တိန်နာ၏ အပေါ်ပိုင်းကို နေရာလွတ် ဖန်တီးပေးနိုင်သည်။ ယင်းကြောင်း ပေ ၄၀ ရှည်လျားသည့် ကွန်တိန်နာတစ်ခုတွင် ယာဉ်သုံးစီးမှ လေးစီး စာအထိ သယ်ဆောင် လာနိုင်ကြောင်း Chongqing International Logistics Hub Park ၏ ဆိပ်ကမ်းထောက်ပံ့ပို့ဆောင်ရေး ဌာန ဒါရိုက်တာ Wang Lin က ပြောကြားခဲ့သည်။ Chongqing ရှိ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းနှင့် မော်တော်ကားလုပ်ငန်းများ ပူးပေါင်း၍ သယ်ယူပို့ဆောင်ရေး စရိတ်စကများကို လျှော့ချနိုင်ရန် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။ ဒီဇိုင်းသစ်ကွန်တိန်နာသည် ယာဉ်တစ်စီးရဲ့ ပျမ်းမျှသယ်ယူပို့ဆောင်ရေး စရိတ် ကို ၄၀ ရာခိုင်နှုန်းကျော် လျှော့ချပေးနိုင်သည်။

မော်တော်ယာဥ် သယ်ယူပို့ဆောင်ရေးအတွက် တရုတ်နိုင်ငံရှိ အချို့သောနေရာများသည် JSQ ကုန်စည်ပို့ဆောင်ရေး ရထားများဆီသို့လည်း ကူးပြောင်းသွားကြသည်။ ယခုနှစ် အောက်တိုဘာလတွင် လုပ်ငန်းသုံးယာဉ် ၂၆၁ စီး တင်ဆောင်ထားသည့် JSQ ကုန်တင်ရထားတစ်စီးသည် တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ထွက်ခွာခဲ့သည်။ ကွန်တိန်နာများပါရှိသော သာမန် ကုန်တင်ရထားများနှင့်မတူဘဲ JSQ တွင် အထူးရထား ၂၉ စီးရှိပြီး တစ်ခုစီတွင် ယာဉ်ကိုးစီးမှ ၁၀ စီးအထိ တင်ဆောင်နိုင်သည်။ ရထားတွဲများ အပြန်အလှန်ချိတ်ဆက်ထားသောကြောင့် ယာဉ်များကို ရထားတွဲ တိုင်းသို့ တိုက်ရိုက်မောင်းနှင်နိုင်သဖြင့် ယာဉ်တင်ဆောင်မှု၌ ပိုမိုထိရောက်စေသည်။

တရုတ်နိုင်ငံ မော်တော်ယာဉ်ထုတ်လုပ်သူများအသင်း၏ အဆိုအရ ယခုနှစ်ပထမသုံးလပတ်တွင် တရုတ်နိုင်ငံသည် ကားအစီးရေ ၄ ဒသမ ၃၁ သန်းခန့် တင်ပို့နိုင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၇ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။

အချို့သော နိုင်ငံခြား လုပ်ငန်းများအနေဖြင့် ကွန်တိန်နာ ဒီဇိုင်းနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြ သည်။ ဒတ်ခ်ျ(Dutch)ကုမ္ပဏီ New Silk Way Logistics သည် တရုတ်-ဥရောပ ရထားလမ်း ဝန်ဆောင်မှု ကို ရှစ်နှစ်ကြာ အသုံးပြုခဲ့သည်။ ကုမ္ပဏီအနေဖြင့် ဥရောပ ဆေးဝါးလုပ်ငန်းများကို တရုတ်ဈေးကွက်သို့ ဝင်ရောက်နိုင်ရေးအတွက် အပူချိန်ထိန်းချုပ်နိုင်သည့် ကွန်တိန်နာများကို မိတ်ဆက်ခဲ့သည်။

ဆေးဘက်ဆိုင်ရာထုတ်ကုန်များသည် အပူချိန်နှင့် ဖြတ်သန်းချိန်အလိုက် အလွန်ထိခိုက်လွယ် သော ကုန်စည်မျိုးဖြစ်သည်။ ရထားဖြင့် သယ်ယူချိန်သည် ၁၈ ရက်ခန့်သာရှိသဖြင့် ပင်လယ်ရေကြောင်း ထက် အနည်းငယ်သာလွန်ကြောင်း New Silk Way Logistics မှ Hanno Reeser မှ ပြောကြားခဲ့သည်။ အချို့သောထုတ်ကုန်များသည် ပြည်သူ့ကျန်းမာရေးနှင့် လူနာများအတွက် ရည်ရွယ်သည့် ကုန်စည်များ ဖြစ်သဖြင့် ရထားပေါ်တွင် ၎င်းတို့၏ အထူးကွန်တိန်နာများကို ပိုမိုအသုံးပြုနိုင်ရန် အရေးကြီးသည်။

တရုတ်နိုင်ငံ၏ နိုင်ငံတကာ မီးရထား ဝန်ဆောင်မှုသည် ဥရောပရှိ လုပ်ငန်းများအတွက် အခွင့် အလမ်းများ ဆောင်ကျဉ်းပေးခဲ့သည်။ ယခုအခါ ဥရောပ စီးပွားရေးလုပ်ငန်းများက အဆိုပါ ဝန်ဆောင်မှုကို အသုံးပြုရန် ပိုမိုရွေးချယ်ကြသည်။

အရင်းမြစ်။ http://en.people.cn/n3/2024/1125/c90000-20246294.html

စီးပွားရေးသံမှူး၊တရုတ်နိုင်ငံ၊ ကူမင်းမြို့။

 

Category: China (Kunming)