China (Kunming)

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံခြားကုန်သွယ်မှုကို မြှင့်တင်ရန် ကြိုးပမ်းအားထုတ်လျက်ရှိ

Last Updated:

တစ်ကမ္ဘာလုံး ကုန်သွယ်မှု နှေးကွေးနေချိန်တွင် တရုတ်နိုင်ငံသည် တည်ငြိမ်သော သွင်းကုန်နှင့် ပို့ကုန်တိုးတက်မှုကို သေချာစေရန် အစီအမံများကို ချမှတ်ခဲ့ပြီး ယခုနှစ်တွင် တည် ငြိမ်သော စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ပံ့ပိုးဆောင်ရွက်လျက်ရှိသည်။

၂၀၂၄ ခုနှစ် ပထမ ၁၀ လအတွင်း တရုတ်နိုင်ငံ၏ စုစုပေါင်းနိုင်ငံခြား ကုန်သွယ်မှု တန်ဖိုးသည် ယွမ် ၃၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၅ ထရီလီယံခန့်) ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၅ ဒသမ ၂ ရာခိုင်နှုန်း တိုးမြင့်လာသည်။ ကမ္ဘာ့ဈေးကွက်တွင် တရုတ်နိုင်ငံ၏ ပို့ကုန်ဝေစုမှာလည်း တည်ငြိမ်နေခဲ့သည်။

(၂၂-၁၁-၂၀၂၄) ရက်နေ့ ပေကျင်းမြို့၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Wang Shouwen က တရုတ်နိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်မှုသည် အရည်အသွေး မြင့်တက်လာခဲ့ပြီး တည်ငြိမ်သော ပမာဏ တိုးတက်မှုနှင့်အတူ အပြုသဘောဆောင်သည် လမ်းကြောင်းသို့ ဆက်လက်ဦးတည်နေကြောင်း ပြောကြားခဲ့သည်။

သို့သော်လည်း ဂလိုဘယ်လိုက်ဇေးရှင်းကို ဆန့်ကျင်သည့် တုံ့ပြန်မှု (backlash against globa-lization) နှင့် ကာကွယ်ရေးမူဝါဒ မြင့်တက်လာခြင်း (rising protectionism) တို့သည် ကမ္ဘာ့ကုန်သွယ်မှု အလားအလာကို နှောင့်နှေးစေခြင်းကြောင့် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု တိုးတက်မှုသည် သြဂုတ်လမှစ၍ အားလျော့လာခဲ့သည်။

တရုတ်နိုင်ငံ၏ တရားဝင် ဆန်းစစ်ချက်များအရ ပို့ကုန်ချေးငွေ အာမခံမှု (export credit insurance) မှစ၍ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (SMEs) နှင့် ရေကြောင်း ထောက်ပံ့ပို့ဆောင်ရေး (shipping logistics) အထိ ကုန်သွယ်မှုလုပ်ငန်းများ၌ အခက်အခဲများစွာ ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

အဆိုပါ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်အတွက် တရုတ်အစိုးရအနေဖြင့် နိုင်ငံခြား ကုန်သွယ်မှုကို မြှင့်တင်ရန် အရှိန်အဟုန်ပြင်းစွာ လုပ်ဆောင်ခဲ့သည်။ တရုတ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတကာ ကုန်သွယ်မှုတွင် ပါ၀င်နေသော စီးပွားရေး လုပ်ငန်းများအတွက် ငွေကြေးပံ့ပိုးမှု အားကောင်းစေရေး အစီအမံများကို အလေးထား ဆောင်ရွက် သွားရန်၊ e-commerce နှင့် အစိမ်း ရောင် ကုန်သွယ်မှုကဲ့သို့သော ကုန်သွယ်မှု တွန်းအားအသစ်များ မြှင့်တင်ရန်နှင့် စီးပွားရေးသမားများအတွက် အခွင့်သာသော ဗီဇာမူဝါဒများ အပါအဝင် ဝန်ဆောင်မှုများ တိုးမြှင့်ပေးရန် အလေးထား ဆောင်ရွက်ခဲ့သည်။

ငွေကြေးပံ့ပိုးမှု (Financial Support)

ကွဲပြားသောစျေးကွက်များကိုရှာဖွေရန် ၎င်းတို့၏ကြိုးပမ်းအားထုတ်မှုများအရ “little giant” နှင့် “hidden champion” လုပ်ငန်းများအတွက် အာမခံကုမ္ပဏီများအား အာမခံငွေပေးချေ မှုကို တိုးမြှင့်ရန် တိုက်တွန်းထားကြောင်း အသိပေးကြေညာချက်တွင် ဖော်ပြထားသည်။

“Little giant” သည် နယ်ပယ်တစ်ခုကို အထူးပြု၍ ခေတ်မီနည်းပညာများကို မြှင့်တင်ပေးသည့် (boasting cutting-edge technologies) ကုန်ထုတ်လုပ်ငန်းတွင်ပါဝင်နေသော SMEs များ၏ အထက် တန်းလွှာ ကုန်ပစ္စည်းများကို ရည်ညွှန်းသည်။ “hidden champion” သည် အလွန်အောင်မြင်သော်လည်း လူသိနည်းသောကုမ္ပဏီများကို ရည်ညွှန်းသည်။

ငွေကြေးအဖွဲ့အစည်းများအနေဖြင့် ချေးငွေခွင့်ပြုခြင်း၊ ချေးငွေထုတ်ပေးခြင်းနှင့် ပြန်လည် ပေးသွင်းခြင်း စသည့် နယ်ပယ်များတွင် နိုင်ငံခြားကုန်သွယ်မှုလုပ်ငန်းများအတွက် ဘဏ္ဍာရေး ဝန်ဆောင်မှုများကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သင့်သည်ဟု အဆိုပါ အသိပေးချက်တွင် ဖော်ပြထားသည်။

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားကုန်သွယ်မှု ကုမ္ပဏီများနှင့် ဆက်စပ် ထောက်ပံ့ပို့ဆောင်ရေး ကဏ္ဍ များတွင် စက်ကိရိယာများ အဆင့်မြှင့်တင်ခြင်း (equipment upgrades) နှင့် အစိမ်းရောင် အသွင်ပြောင်းခြင်း (green transformation) တို့တွင် ငွေကြေးထောက်ပံ့မှုကို စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း တရုတ်ပြည်သူ့ဘဏ် (People’s Bank of China) မှ တာဝန် ရှိသူတစ်ဦးဖြစ်သူ Liu Ye က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ ထူးခြားသော အစိမ်းရောင် ချေးငွေ များသည် စက်တင်ဘာလ ကုန်တွင် တစ်နှစ်ထက်တစ်နှစ် ၂၅ ရာခိုင်နှုန်း တိုးလာခဲ့သည်။

ဖွံ့ဖြိုးတိုးတက်မှုအသစ်များ (New Growth Areas)

နောက်ဆုံးပေါ်မူဝါဒပံ့ပိုးမှုတွင် e-commerce နှင့် အစိမ်းရောင်ကုန်သွယ်မှုသည် တရုတ် နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု၌ တိုးတက်လာသော မောင်းနှင်အားအသစ်များအဖြစ် အလေးပေး ဖော်ပြခဲ့သည်။

စိတ်ကြိုက်ဝန်ဆောင်မှုများ (customized services) ၊ အမြန်ပေးပို့ခြင်း (fast delivery) နှင့် ကုန်ကျစရိတ်သက်သာမှုများ (low costs) စသည့်အချက်များပါဝင်သော e-commerce ကဏ္ဍ သည် ပြိုင်ဆိုင်မှု မြင့်မားကြောင်း တရုတ်စီးပွား/ကူးသန်း ဒုတိယဝန်ကြီး Wang Shouwen က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် တရုတ်နိုင်ငံ၏ e-commerce သွင်းကုန်နှင့် ပို့ကုန် များသည် ၁၁ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပြီး စုစုပေါင်း နိုင်ငံခြားကုန်သွယ်မှု၏ ၆ ရာခိုင်နှုန်း နီးပါးအထိ မြင့်တက်လာခဲ့သည်။

နောက်တစ်ဆင့်အနေဖြင့် တရုတ်နိုင်ငံသည် နိုင်ငံခြားကုန်သွယ်မှု ကုမ္ပဏီများကို ပြည်ပ အသိဉာဏ်ရှိသော ထောက်ပံ့ပို့ဆောင်ရေး ပလပ်ဖောင်းများ (overseas intelligent logistics platforms) ၊ ပြည်ပ အမှာစာများ လုံခြုံစေမှု (secure overseas orders) နှင့် နှစ်နိုင်ငံ လွတ်လပ် သော ကုန်သွယ်မှု သဘောတူ ညီချက်အသစ်များတွင် e-commerce အပါအဝင် ပိုမိုနက်ရှိုင်းသော နိုင်ငံတကာ e-commerce ပူးပေါင်း ဆောင်ရွက်မှု စသည်တို့နှင့် ပိုမိုကောင်းမွန်သော လိုက်လျော ညီထွေမှု ရရှိစေရေး ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း Wang က ပြောကြားခဲ့သည်။

အစိမ်းရောင်ကုန်သွယ်မှုနှင့်ပတ်သက်၍ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကောင်းမွန်သောပတ်ဝန်းကျင်ဖန်တီးရန်၊ ဆက်စပ်စီးပွားရေးလုပ်ငန်းများအတွက် သင်တန်းများနှင့် ဝန်ဆောင်မှုများ တိုးမြှင့်ဆောင်ရွက်ရန်နှင့် နိုင်ငံတကာ အစိမ်းရောင်ပူးပေါင်းဆောင်ရွက်မှုကို ချဲ့ထွင်ဆောင်ရွက်သွားရန် အထူးမူဝါဒ စာတမ်းတစ်ခုကို ထုတ်ပြန်သွားမည်ဖြစ်သည်။

ဗီဇာအခမဲ့မူဝါဒ (Visa-Free Policy)

နယ်စပ်ဖြတ်ကျော်ခရီးသွားလာရေး အဆင်ပြေချောမွေ့မှုသည် ကုန်သွယ်မှု လွယ်ကူချောမွေ့ စေရေး အစီအမံများ၏ အခြားအရေးကြီးသော ကဏ္ဍတစ်ခုအနေဖြင့် ရပ်တည်လာသည်။

တရုတ်နိုင်ငံသည် ပြင်သစ်နှင့် ဂျာမနီအပါအဝင် နိုင်ငံပေါင်း ၂၉ နိုင်ငံအတွက် ဗီဇာ ကင်း လွတ်ခွင့် မူဝါဒများကို အကောင်အထည်ဖော်ခဲ့ပြီး နိုင်ငံပေါင်း ၂၅ နိုင်ငံအနေဖြင့် ဗီဇာ ကင်းလွတ်ခွင့် အပြည့်အဝ ရရှိခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ Tong Xuejun က ပြောကြား ခဲ့သည်။

၂၀၂၄ ခုနှစ် တတိယသုံးလပတ်တွင် တရုတ်နိုင်ငံသို့ နိုင်ငံခြားခရီးသွား ခရီးစဉ် အရေ အတွက် ၈ ဒသမ ၁၉ သန်း ဝင်ရောက်ခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄၈ ဒသမ ၈ ရာခိုင်နှုန်း တိုးလာခဲ့သည်။ တရားဝင်ထုတ်ပြန်သည့် အချက်အလက်များအရ အဆိုပါ ခရီးစဉ် များ အနက်မှ ၄ ဒသမ ၈၉ သန်းကို ဗီဇာကင်းလွတ်ခွင့် အစီအစဉ်များဖြင့် ခွင့်ပြုပေးခဲ့ပြီး တစ်နှစ် ထက်တစ်နှစ် ၇၈ ဒသမ ၆ ရာခိုင်နှုန်း တိုးလာခဲ့သည်။

အထူးသဖြင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ဗီဇာကင်းလွတ် ဝင်ခွင့်မူဝါဒကို ဆက်လက်ပြင်ဆင်သွားမည် ဖြစ်ကြောင်း Tong က ပြောကြားခဲ့သည်။

အရင်းမြစ်။ http://en.people.cn/n3/2024/1123/c90000-20246007.html

စီးပွားရေးသံမှူး၊တရုတ်နိုင်ငံ၊ ကူမင်းမြို့။

 

Category: China (Kunming)