Germany

ဂျာမနီတွင် အနိမ့်ဆုံး လုပ်ခအား တစ်နာရီ လျှင် ၁၂.၄၁ ယူရို အထိ တိုးမြှင့်သတ်မှတ်

Last Updated:

ဂျာမနီနိုင်ငံရှိ အနိမ့်ဆုံး လုပ်ခ၊ လစာ သတ်မှတ်ရေးကော်မရှင် (Country's Minimum Wage Commission) ၏ အကြံပြုချက်အသစ်များကို အခြေခံ၍ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ စတင်၍ ဂျာမနီ၏ အနိမ့်ဆုံးလုပ်ခအား တစ်နာရီလျှင် ၁၂.၄၁ ယူရို (အမေရိကန်ဒေါ်လာ ၁၃.၅၁) သို့ တိုးမြှင့် သတ်မှတ်လိုက်ပြီ ဖြစ်ပါသည်။ လက်ရှိ အနိမ့်ဆုံးလုပ်ခမှာ တစ်နာရီလျှင် ၁၂ ယူရို ဖြစ်ပါသည်။

ယင်းသို့တိုးမြှင့်ပြီးနောက် လာမည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှစ၍ ဂျာမနီအစိုးရ၏ အသက်ဝင်နေဆဲ အကြံပြုချက်များအရ အနိမ့်ဆုံးလုပ်ခကို ၁၂.၈၂ ယူရိုသို့ ထပ်မံ တိုးမြှင့်သွားမည်ဖြစ်ပါသည်။

ကုမ္ပဏီများ၊ အလုပ်သမားသမဂ္ဂများနှင့် သိပ္ပံပညာရှင်အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော ကော်မရှင်အနေဖြင့် အနာဂတ်ကာလအတွက် အနိမ့်ဆုံးလုပ်ခအဆင့် သတ်မှတ်ချက်အပေါ် အကြံပြုချက်တစ်ရပ်အား နှစ်နှစ်လျှင် တစ်ကြိမ် ထုတ်ပြန်လေ့ရှိပါသည်။

အနိမ့်ဆုံးလုပ်ခအား တိုးမြှင့်ပေးခဲ့သော်လည်း ယင်းမှာ ငွေကြေးဖောင်းပွမှု မြင့်မားနေခြင်းကြောင့် ထိခိုက်နစ်နာနေရသည့် အလုပ်သမားများအတွက် လုံလောက်မှုမရှိသဖြင့် ကော်မရှင်မှ အလုပ်သမားကိုယ်စားလှယ်များက ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။

စီးပွားရေးတိုးတက်မှုကျဆင်းနေပြီး ငွေကြေးဖောင်းပွမှု ဆက်တိုက်မြင့်မားနေသည့် ဂျာမနီတွင် ယခုအချိန်၌ အဆိုပါ ဆုံးဖြတ်ချက်ထွက်ပေါ်လာမှုသည်  ကုမ္ပဏီများနှင့် ဝန်ထမ်းများအတွက် ကြီးမားသော စိန်ခေါ်မှုများဖြစ်စေခဲ့ကြောင်း  ကော်မရှင်က ၎င်း၏ဆုံးဖြတ်ချက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

German Trade Union Confederation (DGB) သည် အဆိုပါဆုံးဖြတ်ချက်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ယခုကဲ့သို့ တစ်နာရီလုပ်ခအား ၀.၄၁ ယူရို တိုးမြှင့်ပေးလိုက်ခြင်းသည် အမှန်တကယ် ငွေကြေးဖောင်းပွမှု မြင့်မားခြင်းကို ရင်ဆိုင်နေရသော နိုင်ငံ၏ လုပ်ခလစာ အနိမ့်ဆုံးဝန်ထမ်း ၆ သန်းခန့်အတွက် အမည်ခံတိုးပေးခြင်းဖြစ်ကြောင်း DGB ၏ ဘုတ်အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး အနိမ့်ဆုံး လုပ်ခ၊ လစာ သတ်မှတ်ရေးကော်မရှင်၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သော Stefan Körzell က ပြောကြားခဲ့ပါသည်။

Körzell က အလုပ်သမားကိုယ်စားလှယ်များအနေဖြင့် အနည်းဆုံး ၁၃.၅၀ ယူရိုအထိ တိုးမြှင့်ပေးရန် တွန်းအားပေးခဲ့ကြသော်လည်း ကုမ္ပဏီကိုယ်စားလှယ်များနှင့် ကော်မရှင်၏ ဥက္ကဋ္ဌဖြစ်သူ Ms. Christiane Schönefeld တို့က ငြင်းဆိုခဲ့ကြကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ဂျာမနီ၏ ဆိုရှယ်ဒီမိုကရက်တစ် ဦးဆောင်သော ညွန့်ပေါင်းအစိုးရအဖွဲ့သည် နိုင်ငံ၏ အနိမ့်ဆုံး လုပ်ခလစာကို အောက်တိုဘာလတွင် ၁၀.၄၅ ယူရိုမှ ၁၂ ယူရိုအထိ တိုးမြှင့်ပေးရန် ကိစ္စကို ယမန်နှစ်က ကော်မရှင်အား ကျော်လွန်၍ ဆောင်ရွက်ပေးခဲ့သည်။ ယင်းတိုးမြှင့်ပေးလိုမှုသည် ဝန်ကြီးချုပ် Olaf Scholz ၏ အဓိက မဲဆွယ်ကတိပြုချက်တစ်ခု ဖြစ်ခဲ့သည်။

ဂျာမနီတွင် အနိမ့်ဆုံးလုပ်ခလစာ ပြဋ္ဌာန်းခြင်းကို ၂၀၁၅ ခုနှစ်၌ ပထမဆုံးအကြိမ် စတင်ခဲ့သည်။ စတင်ချိန်က တစ်နာရီလျှင် အနိမ့်ဆုံးလုပ်ခမှာ ၈.၅၀ ယူရို  ဖြစ်သော်လည်း နောက်ပိုင်းတွင် ထပ်တလဲလဲတိုးမြှင့်လာခဲ့ပါသည်။

Source:   https://www.dw.com/en/germany-minimum-wage-to-increase-to-1241-in-2024/a-66030989

(စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: Germany