Germany

မဖြေရှင်းနိုင်သော တင်းမာမှုများရှိနေသော်လည်း တရုတ်သည် ဂျာမနီနှင့် စီးပွားရေးဆက်ဆံမှုကို ပြန်လည်တည်ဆောက်

Last Updated:

ဂျာမနီသည် ၎င်း၏အကြီးမားဆုံးသော ကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို ပထဝီနိုင်ငံရေးတင်းမာမှုများအကြား ပြန်လည်သုံးသပ်အကဲဖြတ်မှုများ ဆောင်ရွက်နေစဉ်တွင် တရုတ်ဝန်ကြီးချုပ် Mr. Li Qiang သည် ယခုသီတင်းပတ်အစောပိုင်းတွင် စီးပွားရေးကိစ္စရပ်များနှင့် အစိုးရခေါင်းဆောင်များအတွက် အရေးကြီးသောနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်လာစေရေးဆောင်ရွက်ရန် ဂျာမနီနိုင်ငံသို့ အလည်အပတ် ခရီးလာရောက်ခဲ့ပါသည်။

ဂျာမန်ဝန်ကြီးချုပ် Mr. Olaf Scholz သည် Mr. Li နှင့် ၂၀-၆-၂၀၂၃ ရက်က ဆွေးနွေးခဲ့ပြီးသည့်နောက် တရုတ်နိုင်ငံနှင့်စီးပွားရေးအရ ဆက်ဆံမှုကိုဖြတ်တောက်မည့်(decoupling)အစား ဆုံးရှုံးနိုင်ခြေ နည်းနိုင်သမျှနည်းအောင်(derisking) လုပ်ဆောင်သွားမည်ဟူသော ၎င်း၏ရပ်တည်ချက်ကို  ထုတ်ဖော်ပြောကြားခဲ့သည်။

ယင်းသို့ နှစ်နိုင်ငံအစိုးရများအကြား ဆွေးနွေးပွဲများ မကျင်းပမီ ၁၉-၆-၂၀၂၃ ရက်တွင် Mr. Li က ဂျာမနီ၏ ထိပ်တန်းစက်မှုလုပ်ငန်းကြီးများ၏ CEO များအား တွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်မှုမရှိခြင်းသည် စီးပွားရေးလုပ်ငန်းတွင် အကြီးမားဆုံးအန္တရာယ်ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှုမရှိခြင်းသည်လည်း အကြီးမားဆုံးသောမလုံခြုံမှုဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း တရုတ်အစိုးရပိုင် ရှင်ဟွာသတင်းဌာနက သတင်းထုတ်ပြန်ခဲ့ပါသည်။

ယခုပြုလုပ်ခဲ့သော တရုတ်နှင့် ဂျာမနီအစိုးရများအကြား ဆွေးနွေးညှိနှိုင်းမှုများသည် ကိုဗစ်ကပ်ရောဂါကာလအပြီး ပထမဆုံးအကြိမ်ဆွေးနွေးမှုဖြစ်ပြီး Mr. Li ၏ ဥရောပခရီးစဉ်သည်လည်း တရုတ်နှင့် ဥရောပနိုင်ငံများအကြား ဆက်ဆံရေးတင်းမာနေမှုများကို လျှော့ကျစေရန်ရည်ရွယ်သည့် တရုတ်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများကို ထင်ဟပ်စေခဲ့သည်။

ရုရှားနှင့်တရုတ်တို့၏ အကန့်အသတ်မရှိသော မိတ်ဖက်ဆက်ဆံရေး၊ ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ပိုမိုတင်းမာလာသော ပထဝီဝင်နိုင်ငံရေးအခြေအနေ၊ Xinjing ရှိ လူနည်းစု ဝီဂါလူမျိုးများအပေါ် ဖိနှိပ်နေမှုများ၊ ဟောင်ကောင်ဒေသအပေါ်နှင့် လူမှုအဖွဲ့အစည်းများအပေါ် ထိန်းချုပ်မှုများ ပိုမိုမြင့်မားလာခြင်းတို့ကြောင့် တရုတ်-ဥရောပ ဆက်ဆံရေးမှာ လွန်ခဲ့သည့်(၃)နှစ်အတွင်း ယိုယွင်းပျက်ပြားလာခဲ့သည်။

အင်ဒို-ပစိဖိတ်ဒေသအတွင်း တရုတ်၏ရန်လိုသည့် စစ်ရေးတိုးချဲ့လာမှုနှင့် နိုင်ငံတကာရေးရာများ၌ ရည်မှန်းချက်များ မြင့်တက်အာရုံစိုက်လာမှုများသည် ဥရောပတစ်ဝှမ်းရှိနိုင်ငံများမှ လွှတ်တော်အမတ်များနှင့် ကျွမ်းကျင်ပညာရှင်များအား တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို ပြန်လည်သုံးသပ်ရန် တွန်းအားပေးခဲ့သည်။

ဂျာမနီသည် ဝန်ကြီးချုပ် Mr. Li ၏ ခရီးစဉ်မတိုင်မီတွင် တရုတ်နိုင်ငံအား "မိတ်ဖက်၊ စီးပွားပြိုင်ဘက်နှင့် စနစ်ကျသောအားပြိုင်ဘက်" အသွင်ကိုဆောင်သည့် ကျယ်ပြန့်သော အမျိုးသားလုံခြုံရေးမဟာဗျူဟာတစ်ရပ်ကို ထုတ်ပြန်ခဲ့ပါသည်။

ထို့ပြင် ဂျာမန်ထောက်လှမ်းရေးအေဂျင်စီမှ ထုတ်ပြန်သော အစီရင်ခံစာတစ်စောင်တွင်လည်း တရုတ်နိုင်ငံသည် ဂျာမနီ၏ စီးပွားရေးနှင့်သိပ္ပံပညာရပ်ဆိုင်ရာကဏ္ဍများ၌ သူလျှိုလုပ်ခြင်းအပြင် ဂျာမနီတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုများ လာရောက်ဆောင်ရွက်မှုသည်လည်း "အကြီးမားဆုံးသောခြိမ်းခြောက်မှု" ဖြစ်သည်ဟု ဖော်ပြထားခဲ့သည်။

Mr. Li သည် ပြင်သစ်သမ္မတ Emmanuel Macron ၏ ဦးဆောင်အစပြုမှုဖြင့် ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးသဘောတူညီချက်အသစ်အတွက် ရည်ရွယ်ကျင်းပသည့် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ပြင်သစ်နိုင်ငံသို့  ၂၂- ၆-၂၀၂၃ ရက်၊ ကြာသပတေးနေ့က ထွက်ခွာသွားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဥရောပနှင့်ဆက်ဆံရေးကို မဆုံးရှုံးစေဘဲ တနည်းတဖုံပြန်လည်တည်ဆောက်နိုင်မည်မှာ သေချာပါကြောင်း ထိုင်ဝမ်ရှိ National Dong Hwa University မှ လက်ထောက်ပါမောက္ခနှင့် ဥရောပပါလီမန်၏  နိုင်ငံရေးအကြံပေးအဖြစ် ဆောင်ရွက်ခဲ့ဖူးသူ   Ms. Zsuzsa Anna Ferenczy က ပြောကြားခဲ့ပါသည်။

အီးယူအဖွဲ့ဝင်နိုင်ငံများနှင့် အပြန်အလှန်ထိတွေ့ဆက်ဆံခြင်းဖြင့် ဥရောပနိုင်ငံများ၏ တရုတ်နိုင်ငံအပေါ် သံသယကြီးမားလာနေမှုများအား ဖြတ်သန်းကျော်လွှားနိုင်ရန် တရုတ်နိုင်ငံအနေဖြင့် ကြိုးပမ်းနေကြောင်း သူမက DW သို့ ပြောကြားခဲ့သည်။

ဥရောပတွင် တရုတ်နိုင်ငံ၏ သံတမန်ရေးရာဖြန့်ကျက်မှုများ ဆောင်ရွက်ရာ၌ တရုတ်နိုင်ငံအပေါ် စီးပွားရေးအရ  မြင့်မားသည့်အနေအထားဖြင့်  မှီခိုအားထားနေရသော ဂျာမနီသည် တရုတ်တို့၏ အဓိကထားသော ပစ်မှတ်များထဲမှ တစ်ခုဖြစ်လာပုံရကြောင်းနှင့် တရုတ်နိုင်ငံသည် ဂျာမနီအတွက် အရေးကြီးသောဈေးကွက်ဖြစ်ကြောင်းကို တရုတ်အစိုးရအနေဖြင့် သိရှိထားသောကြောင့် တရုတ်တို့အတွက် ဖြန့်ကျက်မှုများဆောင်ရွက်ရန် ဂျာမနီထက် အရေးကြီးပြီး ပိုမိုအဆင်ပြေနိုင်မည့် အခြားသောနိုင်ငံများ မရှိနိုင်တော့ကြောင်း သူမက ထပ်လောင်းပြောကြားခဲ့ပါသည်။

ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုနှင့် ရောင်းလိုအားကွင်းဆက်များ၏ တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ရေးအတွက် အားထည့်ဆောင်ရွက်နေစဉ်တွင် နှစ်နိုင်ငံအကြား နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ရန် လိုအပ်မှုအပေါ် ဝန်ကြီးချုပ် Mr. Li နှင့် ဝန်ကြီးချုပ် Mr. Scholz အနေဖြင့် အဆင့်မြင့်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်သွားမည်ဟု အလေးထားပြောကြားခဲ့ကြောင်း ၂၁-၆-၂၀၂၃ ရက်က ပြုလုပ်ခဲ့သော နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါသည်။

တရုတ်နှင့်ဂျာမနီ ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာခြင်းသည် နှစ်နိုင်ငံအကြား အပြန်အလှန်အကျိုးအမြတ်နှင့် ရလဒ်ကောင်းများကို ရရှိလာနိုင်စေပြီး ယင်းမှာမှန်ကန်သောလုပ်ဆောင်ချက်ဖြစ်ကြောင်း၊ အကယ်၍ သိပ္ပံပညာ၊ စက်မှုလုပ်ငန်းနှင့် စီးပွားရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းလာပါက ကမ္ဘာ့စီးပွားရေးတည်ငြိမ်မှုကို အထောက်အကူဖြစ်စေနိုင်လိမ့်မည်ဖြစ်ကြောင်းနှင့်  နှစ်နိုင်ငံအနေဖြင့် ဘုံသဘောတူညီချက်ကို ရှာဖွေပြီး အောင်မြင်မှုရရှိရန် အချင်းချင်းလက်တွဲကူညီဆောင်ရွက်သွားသင့်ကြောင်း ၂၀-၆-၂၀၂၃ ရက်က ဘာလင်မြို့ တွင် ကျင်းပခဲ့သည့် (၁၁) ကြိမ်မြောက် တရုတ်-ဂျာမနီ စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် Mr. Li က ပြောကြားခဲ့ပါသည်။

ဝန်ကြီးချုပ်နှစ်ဦးတို့သည် ရာသီဥတုပြောင်းလဲခြင်း၊ အစိမ်းရောင်အသွင်ကူးပြောင်းမှု၊ စီးပွားရေးနှင့် မော်တော်ကားထုတ်လုပ်မှုကဲ့သို့သော ကုန်သွယ်မှုအပါအဝင် အဓိကကျသောကဏ္ဍများစွာအား အံဝင်ခွင်ကျဖြစ်အောင် ဆောင်ရွက်သွားနိုင်ရေးအတွက်  ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရှိရပါသည်။

၂၀၂၂ ခုနှစ်တွင် ဂျာမနီနှင့်တရုတ်တို့၏  အပြန်အလှန်ကုန်စည်ကုန်သွယ်မှုပမာဏမှာ ယူရို ၃၀၀ ဘီလီယံ နီးပါးရှိပြီး တရုတ်မှာ ဂျာမနီ၏အရေးကြီးဆုံးကုန်သွယ်ဖက်အဖြစ် (၇) နှစ် ဆက်တိုက်ရပ်တည်ခဲ့ပါကြောင်း ဂျာမန်အစိုးရ၏ စာရင်းအင်းများတွင် ဖော်ပြထားပါသည်။

ဂျာမန်ကုမ္ပဏီ ၅၀၀၀ ကျော်သည် တရုတ်နိုင်ငံတွင် ဝန်ထမ်းအင်အား ၁.၁ သန်းဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိပါသည်။ အထူးသဖြင့် Volkswagen နှင့် BMW တို့ကဲ့သို့သော ဂျာမန်ကားကုမ္ပဏီ ကြီးများသည် တရုတ်နိုင်ငံ၏ စျေးပေါသော လုပ်သားအင်အားနှင့် တိုးတက်များပြားလာသော ကားစျေးကွက်များအပေါ် အပြင်းအထန်မှီခိုနေရဆဲဖြစ်ပါသည်။

တရုတ်နိုင်ငံနှင့် ကားထုတ်လုပ်သူတို့၏ အခိုင်အမာဖြစ်နေသော ဆက်ဆံရေးသည် နှစ်ဦးနှစ်ဖက်အတွက် ရလဒ်ကောင်းများရရှိစေကာ  Green Vehicle များ ထုတ်လုပ်ရေးဆီသို့ ဦးတည်နေကြောင်း BMW ၏ CEO ဖြစ်သူ Oliver Zipse က ၂၀-၆-၂၀၂၃ ရက်တွင် ပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံရှိ လွတ်လပ်သောပညာရှင်နှင့် နိုင်ငံရေးဝေဖန်သုံးသပ်သူ တစ်ဦးဖြစ်သော Wu Qiang က Mr. Li ၏ ဂျာမနီခရီးစဉ်သည် တရုတ်နှင့် အမေရိကန်တို့အကြား ပြိုင်ဆိုင်မှုများ ပြင်းထန်လာနေမှုအပေါ် ကြားခံအဖြစ် ဖန်တီးပေးရန်ရည်ရွယ်သည့် စီးပွားရေးဆိုင်ရာ သံခင်းတမန်ခင်းပုံစံ တစ်ခုဖြစ်ကြောင်း၊ ခရီးစဉ်သည် စီးပွားရေးဆိုင်ရာကိစ္စရပ်များအပေါ် အဓိကအာရုံစိုက်ပြီး ၎င်းသည် သံတမန်ရေးရာ လုပ်ဆောင်ချက်အနေဖြင့် ဂျာမန်စီးပွားရေးလုပ်ငန်းကြီးများနှင့် အဆိုပါကုမ္ပဏီကြီးများမှ အမှုဆောင်အရာရှိချုပ်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း၊ အချို့သောဂျာမန်ကုမ္ပဏီများအပေါ် အကျိုးသက်ရောက်မှု ရှိနိုင်သော်လည်း ဂျာမန်အစိုးရ၏ တရုတ်နိုင်ငံအပေါ် အမြင်သဘောထားကိုမူ ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း၊ သံတမန်ရေးရာ ဆောင်ရွက်ချက်ဖြစ်သော ဥရောပခရီးစဉ်သည် ရေရှည်အကျိုးသက်ရောက်မှုတွင် အကန့်အသတ်များရှိနေမည်ဖြစ်ကြောင်း DW သို့ ပြောကြားခဲ့ပါသည်။

တစ်ချိန်တည်းတွင် ဂျာမနီသည် တရုတ်နိုင်ငံအပေါ် စီးပွားရေးအရ မှီခိုအားထားမှုကို လျှော့ချရန် ခြေလှမ်းများစတင်နေပါကြောင်းနှင့် ကုမ္ပဏီများအနေဖြင့် တရုတ်ဈေးကွက်မှ ရောင်းချမှုနှင့်ဝယ်ယူမှုများကို ကွဲပြားစေရေးအတွက် ကြိုးပမ်းနေပါကြောင်း The Federation of German Industries ၏ ဥက္ကဋ္ဌဖြစ်သူ Siegfried Russwurm က ပြောကြားခဲ့ပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ရုရှားစွမ်းအင်အပေါ် ဂျာမနီ၏ မှီခိုအားထားခဲ့မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ supply chain ပြတ်တောက်သွားသည့်အတွက် မဟာဗျူဟာရပ်တည်ချက်များ ကမောက်ကမဖြစ်ခဲ့ရသည်။

Mr. Li ၏ ဂျာမနီခရီးစဉ်သည် တရုတ်အစိုးရအတွက် သံတမန်ရေးရာတွင် ကြီးမားသော ရလဒ် ကောင်းတစ်ခုဖြစ်ခဲ့သည်ဟု တရုတ်၏ နိုင်ငံပိုင်သတင်းစာတွင် အမွှမ်းတင်ခံခဲ့ရပြီး အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော Global Times သတင်းစာတွင်လည်း Mr. Li သည် ဥရောပနှင့် ဆက်ဆံရေးတွင် စီးပွားရေး ဆုံးရှုံးနိုင်ခြေနည်းပါးစေရေး ခုခံဆောင်ရွက်နိုင်ခဲ့သည်ဟု ဆိုထားပါသည်။

Source:   https://www.dw.com/en/china-touts-germany-business-ties-despite-unsolved-tensions/a-66004770

(စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: Germany