China(Nanning)

တောင်အာဖရိကနိုင်ငံသည် တရုတ်နိုင်ငံသို့ ထောပတ်သီးများ တင်ပို့ရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့

Last Updated:

တောင်အာဖရိကနိုင်ငံသည် တရုတ်နိုင်ငံသို့ ထောပတ်သီးများ တင်ပို့ရန် သဘောတူစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်သောကြောင့် ယခုသီတင်းပတ်တွင် တောင်အာဖရိက၏ ပို့ကုန်တင်ပို့မှု အားကောင်းလာခဲ့ကြောင်း သိရှိရပါသည်။

တရုတ်သမ္မတ Xi Jinping ၏ တောင်အာဖရိကနိုင်ငံသို့ သွားရောက်သည့် ခရီးစဉ်အတွင်း တောင်အာဖရိကနိုင်ငံ၏ စိုက်ပျိုးရေး၊ မြေယာပြုပြင်ပြောင်းလဲရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး Thoko Didiza သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နှင့် သဘောတူစာချုပ်ကို ၂၂-၈-၂၀၂၃ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။ နိုင်ငံအတွင်း အလုပ်အကိုင်များ ပိုမိုဖန်တီးပေးပြီး စီးပွားရေးတိုးတက်စေမည့် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်းဖြစ်သည်ဟု Didiza က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တရုတ်ဈေးကွက်သို့ ဝင်ရောက်ခွင့်ရခြင်းသည် တောင်အာဖရိက ထောပတ်သီးများအတွက် ပို့ကုန်ဦးဆောင်သော တိုးတက်မှုကို ရရှိစေရန် အရေးကြီးသော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး ၎င်းသည် အစိုးရ၏ စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးထွက်ကုန်များပြုပြင်ထုတ်လုပ်မှုမဟာစီမံကိန်းအောက်မှ ကတိ ကဝတ်တစ်ခုဖြစ်သည်ဟု Didiza က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

မကြာသေးမီနှစ်များအတွင်း တောင်အာဖရိက၏ ထောပတ်သီးလုပ်ငန်းသည် စိုက်ပျိုးဧရိယာ (၄,၇၅၀) ဟက်တာအထိ ထပ်မံတိုးချဲ့နိုင်ခဲ့ပြီး လက်ရှိတွင် ထောပတ်သီးစိုက်ဧရိယာ စုစုပေါင်းဟက်တာ (၁၈,၀၀၀)ရှိကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံသို့ ထောပတ်သီးတင်ပို့မှုသည် တောင်အာဖရိကတွင် သစ်သီးများ အထူးသဖြင့် ထောပတ်သီးစိုက်ပျိုးမှုများ ပိုမိုများပြားလာပြီး အလုပ် အကိုင် အခွင့်အလမ်းများ တိုးပွားလာစေမည်ဟု Didiza မှ ပြောကြားခဲ့ပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ထောပတ်သီး အဓိကစားသုံးသည့်နိုင်ငံများထဲမှ တစ်ခုဖြစ်လာဖွယ်ရှိပြီး တောင်အာဖရိကအတွက် ကြီးမားသော အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

အထူးသဖြင့် ထောပတ်သီးအထွက်နှုန်းများသော ကျေးလက်ဒေသများတွင် အလုပ်အကိုင် ရရှိမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြင့်တက်လာစေမည်ဖြစ်ပြီး အကျိုးကျေးဇူးများစွာ ရရှိစေမည်ဟု Didiza က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထောပတ်သီးလုပ်ငန်းသည် လယ်ယာစိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ကိုင်သူများအပါအဝင် လူပေါင်း(၁၅,၀၀၀)ကျော်ကို အလုပ် အကိုင်ခန့်ထားပေးသည့် လုပ်ငန်းစုတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

တောင်အာဖရိကမှ ထောပတ်သီးများအတွက် တရုတ်ဈေးကွက်ဖွင့်လှစ်ခြင်းကို ကြိုဆိုပါကြောင်း၊ BRICS နိုင်ငံများသည် အရေးကြီးသည့် စိုက်ပျိုးရေးဈေးကွက်တစ်ခုဖြစ်ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာဘီလီယံ (၃၀၀) ကျော်ရှိသည့် ဈေးကွက်တစ်ခုဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံသည် အဆိုပါပမာဏ၏ သုံးပုံနှစ်ပုံရှိသော အရေးကြီးသည့် ဈေးကွက်တစ်ခုဖြစ်ကြောင်း တောင်အာဖရိကလယ်ယာစီးပွားရေးကုန်သည်ကြီးများအသင်းမှ စီးပွား ရေးပညာရှင် Wandile Sihlobo က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

တောင်အာဖရိက၏ ပို့ကုန်များကို အမျိုးအစားအစုံဖြစ်စေလိုပြီး တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုကို နက်ရှိုင်းစေလိုကြောင်းနှင့် လယ်ယာထွက်ကုန် အများအပြားအတွက် တရုတ်ဈေးကွက်ကို ပိုမိုဖွင့်လှစ်ပေးစေလိုကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

တရုတ်-တောင်အာဖရိက ကုန်သွယ်မှုသည် ၁၉၉၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၁.၄)ဘီလီယံမှ ၂၀၂၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၅၆.၇)ဘီလီယံအထိ အမြောက်အမြား ခုန်တက်သွားခဲ့ကြောင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရှိရပါသည်။

Source: www.chinadaily.com.cn/a/202308/25/WS64e7d949a31035260b81e18d.html

(ကေခိုင်ကျော် ၊ စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)